News @ M-Media

Blog

  • ဂိုး ၄၀၀ ဖြင့် မကျေနပ်သေးသည့် မက်ဆီ

    ဂိုး ၄၀၀ ဖြင့် မကျေနပ်သေးသည့် မက်ဆီ

    ဧပြီ ၁၉၊ ၂၀၁၅
    M-Media

    messi

    – ယခုတစ်ပတ်တွင် ဘာကာအတွက် ဂိုးပေါင်း ၄၀၀ ပြည့်ခဲ့သည့် တိုက်စစ်မှူးမက်ဆီက ၎င်းအနေဖြင့် ဂိုးများ ထပ်သွင်းရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ကစားခဲ့သည့် ဗလင်စီယာအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော လာလီဂါပွဲတွင် မက်ဆီမှာ ၁ ဂိုးသွင်းယူပေးခဲ့ပြီး ဘာစီလိုနာအတွက် ကစားပေးခဲ့သည့် ပွဲပေါင်း ၄၇၁ ပွဲတွင် သွင်းယူခဲ့သည့် ဂိုးအရေအတွက်မှာ ၄၀၀ ပြည့်ခဲ့ပြီဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်သာရှိသေးသည့် မက်ဆီမှာ ၂၀၀၅ ခုနှစ်က ဘာစီလိုနာအတွက် ဂိုးစသွင်းပေးခဲ့ပြီး ထိုအချိန်မှစ၍ ဂိုးသွင်စံချိန်အများအပြားကို ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း ၎င်းက လာမည့်အနာဂတ်တွင်လည်း ဂိုးသွင်းမှု လျော့သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “ဘာစီလိုနာအတွက် ဂိုးပေါင်း ၄၀၀ ပါ။ နောက်ထပ် ဂိုးတွေသွင်းဖို့လည်း ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးအစိတ်အပိုင်းက တကယ့်ကိုခက်ခဲတဲ့ပွဲကနေ ကျွန်တော်တို့ ၃ မှတ်ရခဲ့တာပါပဲ” ဟု မက်ဆီက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဘာစီလိုနာ၏ ငယ်မွေးခြံပေါက်ဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးဖြစ်သည့် မက်ဆီမှာ ချန်ပီယံလိဂ်နှင့် လာလီဂါ ဂိုးသွင်းမှတ်တမ်းများတွင်လည်း ထိပ်ဆုံး၌ရှိနေပြီး အာဂျင်တီးနားအသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားသော ဘာတစ္စတူတာ၏ ၅၆ ဂိုးစံချိန်ကိုလည်း လိုက်မီရန် နီးစပ်နေသည်။

    ဗလင်စီယာနှင့်ပွဲ ၎င်းသွင်းယူသည့်ဂိုးမှာ ယခုနှစ် အသင်းအတွက် ပြိုင်ပွဲအားလုံးတွင် ကစားပေးခဲ့သည့် ၄၆ ပွဲတွင် ၄၆ ဂိုးမြောက်ဖြစ်ပြီး လာလီဂါ ဂိုးသွင်းအများဆုံးစာရင်းတွင် ၃၄ ဂိုးဖြင့် ရော်နယ်ဒိုထက် ၄ ဂိုးအကွာ ဒုတိယနေရာတွင် ရှိနေသည်။

    Ref: Goal.com

  • Time မဂ္ဂဇင်း၏ ၂၀၁၅ သြဇာအလွှမ်းမိုးဆုံးပုဂ္ဂိုလ် ၁၀၀ မှ ထင်ရှားသူ မွတ်စလင်များ

    Time မဂ္ဂဇင်း၏ ၂၀၁၅ သြဇာအလွှမ်းမိုးဆုံးပုဂ္ဂိုလ် ၁၀၀ မှ ထင်ရှားသူ မွတ်စလင်များ

    ဧပြီ ၁၉၊ ၂၀၁၅
    M-Media

    Muslims icons
    – ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Time က ဧပြီလ ၁၆ ရက်နေ့မှာ ၂၀၁၅ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ မွတ်စလင်ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေ အများကြီး ပါဝင်ခဲ့ပါတယ်။

    နှစ်စဉ် ထုတ်ပြန်နေကြဖြစ်တဲ့ ဒီစာရင်းမှာ ထင်ရှားသူ၊ လမ်းသစ်ဖောက်သူ၊ အနုပညာရှင်၊ ခေါင်းဆောင်တွေနဲ့ ကျော်ကြားသူများ စသဖြင့် ကဏ္ဍ ၅ ခုခွဲကာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

    နိုက်ဂျီးရီးယား သမ္မတ မိုဟာမာဒူ ဘူဟာရီ၊ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒို၊ ဆော်ဒီဘုရင် ဆလ်မန် ဘင် အဗ်ဒူလ် အဇစ် အလ်ဆာအွဒ် စတဲ့ ခေါင်းဆောင်တွေဟာ အဲဒီစာရင်းမှာ ပါဝင်ခဲ့ပြီး နျူအရေး စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့တဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်၊ အီရတ်နိုင်ငံကို တည်ငြိမ်အောင် ကြိုးစားနေတဲ့ ၀န်ကြီးချုပ် ဟိုင်ဒါ အလ် အာဘာဒီတို့လည်း ပါဝင်ခဲ့ကြပါတယ်။

    ကျော်ကြားတဲ့ မွတ်စလင်အမျိုးသမီးတွေဖြစ်တဲ့ အသက်အငယ်ဆုံး နိုဘယ်ဆုရှင် မာလာလာယူစွဖ်ဇိုင်၊ အာဖဂန်သမ္မတကတော် ရူလာ ဂါနီတို့ကလည်း သူတို့ရဲ့ ပညာရေး၊ အမျိုးသမီးအရေး စွမ်းဆောင်မှုတွေကြောင့် ဒီစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ မွတ်စလင်တွေထဲက ထင်ရှားတဲ့ ပုဂ္ဂိုလ် ၄ ဦးကို ဖော်ပြလိုက်ပါတယ်။

    နိုက်ဂျီးရီးယား သမ္မတ မိုဟာမာဒူ ဘူဟာရီ

    သမ္မတဖြစ်ရေးအတွက် တတိယမြောက်ယှဉ်ပြိုင်မှုမှာ ဗိုလ်ချုပ်ဟောင်း အသက် ၇၂ နှစ်အရွယ် ဘူဟာရီဟာ သမ္မတ ဂွဒ်လက် ဂျိုနသန်ကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး နိုက်ဂျီးရီးယားရဲ့ သမ္မတသစ်အဖြစ် ပြီးခဲ့တဲ့ မတ်လမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဒီလိုရွေးချယ်ခံရမှုဟာ နိုက်ဂျီးရီးယားသမိုင်းမှာ လက်ရှိသမ္မတကို ရွေးကောက်ပွဲကနေ ပထမဆုံး ဖြုတ်ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်အဖြစ် အာဏာသိမ်းပြီး တိုင်းပြည်ကို ၁၉၈၃ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့စဉ်အတွင်း ချစားမှုတိုက်ဖျက်ရေး ဆောင်ရွက်ခဲ့သူအဖြစ် သူ့ရဲ့ကျော်ကြားမှုကြောင့် ဒီလိုအောင်မြင်မှု ရခဲ့တာလည်း ဖြစ်ပါတယ်။

    နိုက်ဂျီးရီးယားပြည်သူအများစုကတော့ ဘူဟာရီဟာ သမ္မတအာဏာကို အသုံးချပြီး သူနဲ့ သူ့ကိုအားပေးသူတွေ ကြွယ်ဝရေး လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။ ယခင် သူအုပ်ချုပ်စဉ်အချိန်က လာဘ်စားတဲ့ အစိုးရအရာရှိတွေကို ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

    “ဘိုကိုဟရမ်လက်နက်ကိုင်အဖွဲ့ကို တွန်းလှန်ဖို့ကနေ တစ်နိုင်ငံလုံးအတိုင်းအတာအရ လာဘ်စားမှုကို တိုက်ဖျက်ဖို့အထိ သူ့ရှေ့မှာ စိန်ခေါ်မှုတွေ စောင့်ကြိုနေပါတယ်” လို့ Time ရဲ့ အာဖရိကဗျူရို အကြီးအကဲ အေရန် ဘေကာက ပြောကြားခဲ့ပါတယ်။

    မာလာ ယူစွဖ်ဇိုင်

    အမျိုးသမီးတွေရဲ့ ပညာရေးပြဿနာတွေကို ကူညီဖြေရှင်းပေးနေသူအဖြစ် တစ်ကမ္ဘာလုံးက မာလာလာလို့ ရိုးရိုးလေးသိကြတဲ့ မာလာလာယူစွဖ်ဇိုင်ဟာ ၂၀၀၉ ခုနှစ် အသက် ၁၁ နှစ်အရွယ်လောက် တာဘီဘန်ကိုဆန့်ကျင်နေတဲ့အချိန် BBC မှာ တာလီဘန်ဆန့်ကျင်ရေး ဘလော့တစ်ခုကို ရေးသားခဲ့ပြီးတဲ့နောက်မှာ နာမည်ကျော်လာတာ ဖြစ်ပါတယ်။

    မိန်းကလေးတွေကို ပညာသင်ကြားဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှုတွေကို ကြိုးပမ်းဆောင်ရွက်တာကြောင့် မာလာလာဟာ အသက် ၁၄ နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာ တာလီဘန်တို့ရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ မာလာလာဟာ အိန္ဒိယက ကလေးငယ်များအရေး လှုပ်ရှားသူ ကိုင်လက်ရှ် ဆတ်ယာသီနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်ဆုရှင် ဖြစ်ခဲ့ပါတယ်။

    အခုနှစ် ဧပြီလအစောပိုင်းမှာပဲ နာဆာက သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ရှာတွေ့ခဲ့တဲ့ အာကာသထဲက
    ဂြိုဟ်ငယ်တစ်ခုကို မာလာလာရဲ့ အမည် မှည့်ခေါ်ခဲ့ပါတယ်။

    “လုံခြုံတဲ့ဘ၀ကို ရရှိဖို့အရေး မိန်းကလေးတွေ၊ ယောက်ျားလေးအတွက် အုတ်မြစ်တစ်ခုချပေးဖို့ ပညာရေးဟာ အရေးပါတယ်ဆိုတာ မာလာလာက ပြသခဲ့ပါတယ်။ ကျွန်မတို့ရဲ့ စိတ်ဓာတ်ခွန်အားကို ပြန်ရဖို့ ကျွန်မတို့ရဲ့ ဘ၀တွေကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ ပညာရေးဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ” လို့ ဂျော်ဒန်က ဆီးရီးယား ဒုက္ခသည်တစ်ဦးဖြစ်ပြီး ပညာရေး တက်ကြွလှုပ်ရှားသူဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် မီဇွန် အလ်မဲလီဟန်က မာလာလာနဲ့ပတ်သက်ပြီး ရေးသားဖော်ပြခဲ့ပါတယ်။

    မာလာလာဟာ Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာအလွှမ်မိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းထဲ ၃ နှစ်ဆက်တိုက် ပါဝင်ခွင့်ရတာလည်း ဖြစ်ပါတယ်။

    အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒို

    ဂျိုကိုဝီလို့ လူသိများကြတဲ့ ဂျိုကိုဝီဒိုဒိုဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အင်ဒိုနီးရှား သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ပါတယ်။

    ဇူလိုင် ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွှေးကောက်ပွဲရလဒ်နဲ့စပ်လျဉ်းပြီး အငြင်းပွားမှုအနည်းငယ် ရှိခဲ့ပေမယ့် အသက် ၆၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂျိုကိုဝီတစ်ယောက် ဇူလိုင် ၂၂ ရက်နေ့မှာ သမ္မတသစ်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

    ဂျာကာတာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဂျိုကိုဝီဟာ အသက် ၆၂ နှစ်အရွယ် ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုကို ရွေးကောက်ပွဲမှာ ပွတ်ကာသီကာ အနိုင်ရခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားပြည်သူတွေအတွက် ကြယ်သစ်တစ်ပွင့် ဖြစ်ခဲ့ပါတယ်။

    အင်ဒိုနီးရှား ဒီမိုကရက်တစ်ပါတီ PDI-P ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ခဲ့တဲ့ သူရဲ့ သမ္မတဖြစ်ရေး ယှဉ်ပြိုင်မှုလမ်းကြောင်းမှာ “ဒီမိုကရေစီကို ခိုင်မာစေမယ့်၊ သစ်လွင်သန့်ရှင်းတဲ့ ခေါင်းဆောင်မှုကို ဖော်ဆောင်ပေးမယ်”ဆိုတဲ့
    ကတိတွေကနေတစ်ဆင့် အင်ဒိုနီးရှားပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို စိုက်ပျိုးပေးခဲ့ပါတယ်။

    သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးကတည်းက ဂျိုကိုဝီဟာ ကမ္ဘာ့မွတ်စလင်အများဆုံးရှိရာ နိုင်ငံဖြစ်ပြီး ကမ္ဘာ့စတုတ္ထမြောက်
    လူဦးရေအထူထပ်ဆုံးဖြစ်တဲ့၊ ကြီးမားပြီး အရောင်အသွေးစုံတဲ့ အင်ဒိုနီးရှားနိုင်ငံကို အားသစ်လောင်းပြီး၊ လူကြိုက်များတဲ့ အထိအတွေ့ကို ဆောင်ကျဉ်ပေးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်အကြီးအကဲဟောင်းဖြစ်ပြိး အင်ဒိုနီးရှားဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းဖြစ်တဲ့ ပေါလ် ၀ုလ်ဖိုဝစ်ဇ်က Time မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

    ဆော်ဒီဘုရင်ကြီး ဆလ်မန် ဘင် အဗ်ဒူလ် အဇစ် အလ် ဆာအွဒ်

    အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆလ်မန် ဘင် အဗ်ဒူလ် အဇစ် အလ် ဆာအွဒ်ဟာ ဇန်န၀ါရီလနှောင်းပိုင်းက ဘုရင်ကြီး အဗ်ဒူလာ ဘင် အဗ်ဒူလ်အဇစ် အလ် ဆာအွဒ် ကွယ်လွန်ပြီးတဲ့နောက် ဆော်ဒီထီးနန်းကို စိုးစံခဲ့ပါတယ်။

    သူဟာ ဘုရင်အဗ်ဒူလာ လျာထားခဲ့တဲ့ နန်းတက်မယ့်စာရင်းမှာ တတိယနေရာသာ ရှိခဲ့ပေမယ့် သူ့အထက်က အကို ၂ ယောက်ဟာ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ကွယ်လွန်သွားခဲ့တာကြောင့် ဒီလို ထီးနန်းစိုးစံခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။

    မြို့တော်ရီယာ့ဒ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ကာလကြာရှည်ထမ်းဆောင်ခဲ့တဲ့ ဘုရင်ကြီးဟာ ကွယ်လွန်သွားတဲ့ အစ်ကိုဖြစ်သူ ဘုရင်အဗ်ဒူလာလိုပဲ တီထွင်ဥာဏ်ရှိပြီး လက်တွေ့ကျသူအဖြစ် ထင်ရှားသူလည်း ဖြစ်ပါတယ်။

    “ဘုရင်ဆလ်မန်ဟာ သူနဲ့အတူ အကောင်းဆုံး ခေါင်းဆောင်မှုဓလေ့ထုံးတမ်းကို သယ်ဆောင်လာသူဖြစ်ပြီး ဆော်ဒီဘုရင့်နိုင်ငံတော်ကို အနာဂတ်အတွက် ဦးဆောင်ဖို့ လုံးဝဥဿံသုံ   အရည်အချင်းပြည့်မီသူ တစ်ဦးလည်း ဖြစ်ပါတယ်” လို့ ဂျော်ဒန် ဟာရှီမိုက်ဘုရင့်နိုင်ငံရဲ့ ဘုရင်ဖြစ်သူ အဗ်ဒူလာ ၂ က ပြောကြားခဲ့ပါတယ်။

    Ref: Onislam

  • FA ဆီမီးတွင် ရုန်းကန်ခဲ့ရသည်ဟု ၀င်းဂါး ၀န်ခံ

    FA ဆီမီးတွင် ရုန်းကန်ခဲ့ရသည်ဟု ၀င်းဂါး ၀န်ခံ

    ဧပြီ ၁၉၊ ၂၀၁၅
    M-Media

    winger

    – ယမန်နေ့က FA ဖလားဆီးမီးဖိုင်နယ်တွင် အနိုင်ရခဲ့သော်လည်း မိမိတို့အသင်းမှာ ရုန်းကန်ခဲ့ရသည်ဟု အာဆင်နယ်နည်းပြ
    အာဆင်ဝင်းဂါးက ၀န်ခံ ပြောကြားခဲ့သည်။

    ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းနှင့် ၀င်ဘလေတွင် ကစားခဲ့သည့် ထိုပွဲ၌ အာဆင်နယ်မှာ ပထမပိုင်းတွင် ဆန်းချက်ဇ်၏ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်းအစတွင် ရီးဒင်းက ချေပဂိုးသွင်းယူနိုင်ခဲ့သောကြောင့် အချိန်ပိုအထိ ရောက်ခဲ့ပြီး နောက်ဆုံးမိနစ်တွင် ဆန်းချက်ဇ်၏ ကန်ချက် ရီးဒင်းဂိုးသမား၏ ခြေထောက်ကြားမှာ ထွက်ကာ ဂိုးဝင်သွားသောကြောင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    အာဆင်ဝင်းဂါးကမူ ရီးဒင်းအား ချီးကျူးခဲ့ပြီး မိမိတို့မှာ ရုန်းကန်ခဲ့ရသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ဟာ ခုခံနိုင်စွမ်းကောင်းတဲ့၊ စုစည်းမှုကောင်းတဲ့၊ ရုပ်ပိုင်းဆိုင်ရာအရ အရမ်းတောင့်တင်းတဲ့ ပြီးတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ ရီးဒင်းအသင်းနဲ့ ကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ၀ီဂန်နဲ့ပွဲတုန်းကလိုမျိုးပါပဲ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဖြတ်ကျော်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု တော်တော်များများရပေမယ့် နေရာလွတ်ရှာဖို့တော့ ခက်ခဲခဲ့ပါတယ်။ စိန်ခေါ်မှုတွေမှာ သူတို့ ဒီလောက် တောင့်တင်းတာကို ကျွန်တော် အံ့သြပါတယ်။ ကျွန်တော်တို့ဟာ နည်းနည်းခံခဲ့ရပြီး ဘောလုံးလည်း ဆုံးရှုံးခဲ့ပါတယ်” ဟု အာဆင်ဝင်းဂါးက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ထိုပွဲ၌ မိမိတို့အသင်း၏ ပျောက်ဆုံးမှုမှာ ပေါင်းစပ်မှုအင်အားနှင့် ထက်မြက်မှုတို့ဖြစ်ပြီး နိုင်လိုစိတ်နှင့် အာရုံစူးစိုက်မှုက ရှိခဲ့ကြောင်း ရီးဒင်းအသင်းမှာ ဖောင်ဖျက်ကစားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနိုင်ပွဲကြောင့် အာဆင်နယ်မှာ FA ဖလား နောက်ဆုံးဗိုလ်လုပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့တွင်ကစားမည့် လီဗာပူးလ်နှင့် အက်စတွန်ဗီလာတို့ပွဲမှ အနိုင်ရရှိသူနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

    Ref: Goal.com

  • ချန်ပီယံဖြစ်လုနီးပြီဟု မော်ရင်ဟိုဆို

    ချန်ပီယံဖြစ်လုနီးပြီဟု မော်ရင်ဟိုဆို

    ဧပြီ ၁၉၊ ၂၀၁၅
    M-Media

    Morinho

    – မိမိ၏ နည်းစနစ်များမှာ အပြည့်အ၀ အလုပ်ဖြစ်ခဲ့ပြီး မန်ယူအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သေချာလုနီးပြီဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယမန်နေ့က အိမ်ကွင်း၌ ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ကစားကွက် အသာမရခဲ့သော်လည်း ဟဇာ့ဒ်၏ တစ်လုံးတည်းသောဂိုးဖြင့် နောက်ပိုင်းပွဲစဉ်များတွင် ခြေတက်နေသည့်မန်ယူကို အနိုင်ရခဲ့ပြီး ဒုတိယနေရာမှ အာဆင်နယ်အား ၁၀ မှတ် ဖြတ်ထားနိုင်ပြီဖြစ်သည်။

    ထို့ကြောင့် လာမည့်တစ်ပတ် အာဆင်နယ်နှင့်ပွဲတွင် အနိုင်ရရှိပါက ချယ်ဆီးမှာ ချန်ပီယံဖြစ်ရေး နောက်ထပ်တစ်ပွဲသာ အနိုင်ရရန် လိုအပ်တော့မည်ဖြစ်သည်။

    “၆ ပွဲကစားဖို့ လိုသေးတယ်။ ၃ ပွဲက အဝေးကွင်း၊ ၃ ပွဲက အိမ်ကွင်းပါ။ ပွဲတိုင်းက ခက်ခဲမှာပါ။ အသင်းတိုင်းက အမှတ်လိုအပ်နေပြီး ကျွန်တော်တို့ရဲ့ အခြေအနေက တော်တော်လေး ကောင်းပါတယ်။ (မန်ယူနဲ့ပွဲဟာ) ခက်တော့ခက်ခဲပေမယ့် ခင်ဗျားတို့ထင်သလောက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုပွဲမျိုးအတွက် ပြင်ဆင်ခဲ့တာပါ။ ကျွန်တော်တို့လိုချင်တဲ့၊ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ပွဲမျိုးပါပဲ” ဟု မော်ရင်ဟိုက ဘီဘီစီသို့ ပြောကြားခဲ့သည်။

    မန်ယူနှင့်ပွဲ ရလဒ်အတွက်မူ မိမိက ပျော်ရွှင်မိပြီး လိုချင်သောရလဒ်လည်းဖြစ်ကာ တစ်ပတ်လုံး မိမိတို့၏ အားထုတ်ဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ ရလဒ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    “(ချန်ပီယံ) ဖြစ်လုနီးပြီလို့ ကျွန်တော် ခံစားရပါတယ်။ ဒါပေမယ့်မှာ ဘောလုံးမှာ ဖြစ်လုနီးပြီ ဆိုတာမျိုး မရှိပါဘူး။ ချန်ပီယံဖြစ်ဖို့အတွက် ကျွန်တော်တို့ ၈ မှတ်လိုပါတယ်။ ဒါဟာ ရှင်းလင်းတဲ့ ကိန်းဂဏန်းပါပဲ” ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။

    Sky Sport က မန်ယူ၏ ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့သည့် ဘောလုံးပိုင်ဆိုင်မှုအတွက် စိတ်ပျက်မိလားဟု မေးမြန်းရာ မော်ရင်ဟိုက ၉၉ ရာခိုင်နှုန်းဖြစ်လည်း မိမိက စိတ်မပျက်ကြောင်း မိမိတို့မှာ မန်ယူနှင့်ပွဲတွင် နည်းဗျူဟာပိုင်းဖြင့် ကစားခဲ့ပြီး အခြေအနေထက် ရမှတ်ကို ပိုဂရုစိုက်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal.com

  • ယခုနှစ် သင်္ကြန်အတွင်း သေဆုံးသူ ၁၁ ဦးရှိ

    ယခုနှစ် သင်္ကြန်အတွင်း သေဆုံးသူ ၁၁ ဦးရှိ

    ဧပြီ ၁၈၊ ၂၀၁၅
    M-Media

    thingyan

    – မြန်မာနိုင်ငံ၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလအတွင်း မတော်တဆမှုများကြောင့် သေဆုံသူ အနည်းဆုံး ၁၁ ဦးရှိပြီး ၁၃၄
    ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    မတော်တဆမှုများမှာ ကားများတွင် ၀န်တန်ချိန် လိုအပ်သည်ထက် ပိုတင်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မူးယစ်ဆေးနှင့် အရက်သေစာ သုံးစွဲခြင်း စသည်တို့ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ ယမန်နှစ်က သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ၁၅ ဦးသေဆုံးခဲ့ကာ ၁၇၈ ဦး ဒဏ်ရာရသည်ဟု သိရသည်။

    ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ရေကစားမဏ္ဍပ်ပေါင်း ၂၀၀ ကျော်ရှိပြီး အများစုမှာ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးတို့တွင် ဖြစ်သည်။ သင်္ကြန်ပွဲတော်အတွင်း ပါဝင်ဆင်နွှဲမည့်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  လုံခြုံရေးတို့အတွက် ရဲတပ်ဖွဲ့ဝင်များကိုလည်း ယခင်နှစ်ကထက် ပို၍ ချထားခဲ့သည်။

    Ref: Xhinhua