News @ M-Media

ရွေးကောက်ပွဲ မတိုင်ခင် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ရေး မြန်မာ အစိုးရက ဖြေရှင်းရမည်ဟု ဘန်ကီမွန်ပြော

ဧပြီ ၂၅၊ ၂၀၁၅
M-Media

Internally displaced Rohingya women and children look from behind the fence of their temporary home at Thae Chaung IDP camp on the outskirts of Sittwe

– ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များ၏ နိုင်ငံသားဖြစ်မှုကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံအား တိုက်တွန်းပြောဆိုလိုက်သည်။

၁.၁ သန်းသော ရိုဟင်ဂျာများမှ ၁၄၀၀၀၀ ခန့်မှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၎င်းတို့ထဲမှ အများစုမှာ နိုင်ငံမဲ့များ ဖြစ်နေကြသည်။

“ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက အလွန်အမင်း စိုးရိမ်နေတုန်းပါပဲ။ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ နိုင်ငံသားဖြစ်မှုတွေကို ပြည့်ပြည့်၀၀ မဖြေရှင်းဘဲနဲ့ ရခိုင်ပြည်နယ်မှာ ရေရှည်တည်ငြိမ်မှု ရရှိနိုင်မှာ မဟုတ်ပါဘူး” ဟု “မြန်မာ၏ မိတ်ဖက်နိုင်ငံများအဖွဲ့” မှနိုင်ငံများ တွေ့ဆုံစဉ် ဘန်က ပြောကြားခဲ့သည်။

ရိုဟင်ဂျာမွတ်စလင်များမှာ မြန်မာနိုင်ငံတွင် ဖိနှိပ်စော်ကားမှု အန္တရာယ်နှင့် ကြုံတွေ့နေရပြီး အိမ်ထောင်ပြုခြင်း၊ မွေးစာရင်းသွင်းခြင်းတို့နှင့် ပတ်သက်၍ ကန့်သတ်ခြင်းခံထားရကာ အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ခံနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားကြသည်။

“ရခိုင်ပြည်နယ်နဲ့ အခြားနေရာတွေက လူအဖွဲ့အစည်းအချင်းချင်း အနေအထားကလည်း အထိမခံတဲ့ပုံစံမျိုး ဆက်ရှိနေပါတယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လူမျိုးရေးနဲ့ ဘာသာရေးမတူညီမှုတွေကို အမြတ်ထုတ်နေတယ်ဆိုတဲ့ စိုးရိမ်စရာလက္ခဏာတွေ ရှိနေပါတယ်။ ဒီတင်းမာမှုတွေရဲ့ ထင်ရှားတဲ့ အကြောင်းအရင်းကို မဖြေရှင်းပဲထားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဟာ ဘေးဖြစ်သွားနိုင်ပါတယ်” ဟု ဘန်ကီမွန်က ဆိုသည်။

ထို့ပြင် အမျိုးစောင့်ဥပဒေများနှင့်ပတ်သက်၍ ဆက်လက်ဖြစ်ပွားနေသော အငြင်းပွားမှုများအတွက် စိုးရိမ်ကြောင်း၊ ထိုနည်းတူစွာ ၀ှိုက်ကဒ်ကိုင်ဆောင်သူများအား တရားဝင်ဖြစ်အောင် ပြုလုပ်ရေး လျှင်မြန်သည့် ဆောင်ရွက်မှုများ မရှိခြင်းကို စနစ်တကျခွဲခြားဆက်ဆံခြင်းဟု ရှုမြင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အတူ မြန်မာအစိုးရဟာ ဒီပြဿနာတွေနဲ့ သူတို့ရဲ့ သိသာတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းဖို့ လျှင်မြန်ပြီး လက်တွေ့ကျတဲ့ ဆောင်ရွက်မှုကို မဖြစ်မနေ ပြုလုပ်ရပါမယ်”

ဘန်ကီမွန်မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့်ပတ်သက်၍လည်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“ကိုးကန့်က တိုက်ပွဲတွေဟာ လူတွေရဲ့အသက်ကို ဆုံးရှုံးစေတာ၊ ပြီးတော့ ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်စေတာကြောင့် တော်တော်လေး စိုးရိမ်စရာကောင်းပါတယ်။ တော်တော်များများလိုအပ်နေတဲ့ အကူအညီတွေကို အချိန်မီပေးအပ်ဖို့အတွက် လူသားချင်း စာနာထောက်တဲ့သူတွေ အဟန့်အတားမရှိ ၀င်ခွင့်ရဖို့ လိုအပ်ပါတယ်။ ဒီတိုက်ပွဲတွေကနေဖြစ်လာတဲ့ တင်းမာမှုတွေဟာ ပိုကျယ်ပြန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိက်ခိုက်လို့ မရပါဘူး” ဟု ဘန်က ထပ်လောင်းပြောကြားခဲ့သည်။

Ref: Channelnewsasia

Comments

Leave a Reply