News @ M-Media

ဂျာမနီရှိ ကျောင်းများတွင် အစ္စလာမ့်ရေးရာ သင်ကြားမှု အစိုးရ၏ ထောက်ပံ့မှုဖြင့် စမည်

ဧပြီ ၂၅၊ ၂၀၁၅

M-Media

germany

– အစွန်းရောက်ဝါဒအား တွန်းလှန်ရေး ဆောင်ရွက်ချက်အဖြစ် ဂျာမနီရှိကျောင်းများတွင် အစ္စလာမ့်သင်ခန်းစာများကို အစိုးရ၏ ထောက်ပံ့မှုဖြင့် သင်ကြားသွားမည်ဟု သိရသည်။

“အစ္စလာမ်အယူဝါဒ၊ အစ္စလာမ့်ဒဿနနဲ့ စိတ်ပညာ၊ ပြီးတော့ ဟောပြောရေးသားခြင်း၊ ဆွေးနွေးခြင်းနဲ့ ပတ်သက်တဲ့ မဟာဗျူဟာတွေဟာ အစွန်းရောက်ဝါဒအဆိပ်ကို ဖြေဖို့ ဖြေဆေးပါပဲ” ဟု ဖရန့်ဖက်တက္ကသိုလ်မှ ဟာရွန် ဘီဟာရ်က ပြောကြားခဲ့သည်။

ဘီဟာရ်မှာ ဟက်ဆန်မြို့ရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် အစ္စလာမ့်ရေးရာများကို သင်ကြားပို့ချရန် တာဝန်ယူထားသူဖြစ်ပြီး၊ အစ္စလာမ်ရေးရာ သင်ခန်းစာများက ဂျာမနီရှိကျောင်းများတွင် အရေးပါလာမည်ဟု ယုံကြည်နေသည်။

ပြီးခဲ့တဲ့နှစ်များတွင် ဂျာမနီအစိုးရက နိုင်ငံတစ်ဝှမ်းရှိ နာမည်အကြီးဆုံး တက္ကသိုလ်များတွင် အစ္စလာမ်ဘာသာရေးစင်တာ ၄ ခု ဖွင့်လှစ်ရန်အတွက် ယူရို သန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များတွင် အစ္စလာမ့်ရေးရာ သင်ကြားမှု၏ အရေးပါမှုမှာ အကြမ်းဖက်အဖွဲ့အစည်းများက အစ္စလာမ့်အမည်နာမကိုသုံး၍ ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်လာခဲ့ပြီးနောက် အရှိန်မြင့်လာခဲ့သည်။

ဥရောပမှ လူငယ်များမှာ IS အဖွဲ့သို့ သွားရောက်ဆက်သွယ်မှုများရှိနေပြီး စာသင်ကျောင်းများတွင် အစ္စလာမ့်ရေးရာများကို သင်ကြားပေးခြင်းမှာ ထိုကဲ့သို ယူဆချက်အမှားများကို ဖယ်ရှားရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဂျာမနီမှာ ပြင်သစ်ပြီးလျှင် ဥရောပ၌ ဒုတိယအကြီးဆုံး မွတ်စလင်လူ့အဖွဲ့အစည်းရှိသည့် နိုင်ငံလည်းဖြစ်သည်။

Ref: Onislam

Comments

Leave a Reply