News @ M-Media

Blog

  • FA ဆီမီးတွင် ရုန်းကန်ခဲ့ရသည်ဟု ၀င်းဂါး ၀န်ခံ

    FA ဆီမီးတွင် ရုန်းကန်ခဲ့ရသည်ဟု ၀င်းဂါး ၀န်ခံ

    ဧပြီ ၁၉၊ ၂၀၁၅
    M-Media

    winger

    – ယမန်နေ့က FA ဖလားဆီးမီးဖိုင်နယ်တွင် အနိုင်ရခဲ့သော်လည်း မိမိတို့အသင်းမှာ ရုန်းကန်ခဲ့ရသည်ဟု အာဆင်နယ်နည်းပြ
    အာဆင်ဝင်းဂါးက ၀န်ခံ ပြောကြားခဲ့သည်။

    ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းနှင့် ၀င်ဘလေတွင် ကစားခဲ့သည့် ထိုပွဲ၌ အာဆင်နယ်မှာ ပထမပိုင်းတွင် ဆန်းချက်ဇ်၏ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်းအစတွင် ရီးဒင်းက ချေပဂိုးသွင်းယူနိုင်ခဲ့သောကြောင့် အချိန်ပိုအထိ ရောက်ခဲ့ပြီး နောက်ဆုံးမိနစ်တွင် ဆန်းချက်ဇ်၏ ကန်ချက် ရီးဒင်းဂိုးသမား၏ ခြေထောက်ကြားမှာ ထွက်ကာ ဂိုးဝင်သွားသောကြောင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    အာဆင်ဝင်းဂါးကမူ ရီးဒင်းအား ချီးကျူးခဲ့ပြီး မိမိတို့မှာ ရုန်းကန်ခဲ့ရသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ဟာ ခုခံနိုင်စွမ်းကောင်းတဲ့၊ စုစည်းမှုကောင်းတဲ့၊ ရုပ်ပိုင်းဆိုင်ရာအရ အရမ်းတောင့်တင်းတဲ့ ပြီးတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ ရီးဒင်းအသင်းနဲ့ ကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ၀ီဂန်နဲ့ပွဲတုန်းကလိုမျိုးပါပဲ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဖြတ်ကျော်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု တော်တော်များများရပေမယ့် နေရာလွတ်ရှာဖို့တော့ ခက်ခဲခဲ့ပါတယ်။ စိန်ခေါ်မှုတွေမှာ သူတို့ ဒီလောက် တောင့်တင်းတာကို ကျွန်တော် အံ့သြပါတယ်။ ကျွန်တော်တို့ဟာ နည်းနည်းခံခဲ့ရပြီး ဘောလုံးလည်း ဆုံးရှုံးခဲ့ပါတယ်” ဟု အာဆင်ဝင်းဂါးက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ထိုပွဲ၌ မိမိတို့အသင်း၏ ပျောက်ဆုံးမှုမှာ ပေါင်းစပ်မှုအင်အားနှင့် ထက်မြက်မှုတို့ဖြစ်ပြီး နိုင်လိုစိတ်နှင့် အာရုံစူးစိုက်မှုက ရှိခဲ့ကြောင်း ရီးဒင်းအသင်းမှာ ဖောင်ဖျက်ကစားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနိုင်ပွဲကြောင့် အာဆင်နယ်မှာ FA ဖလား နောက်ဆုံးဗိုလ်လုပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့တွင်ကစားမည့် လီဗာပူးလ်နှင့် အက်စတွန်ဗီလာတို့ပွဲမှ အနိုင်ရရှိသူနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

    Ref: Goal.com

  • ချန်ပီယံဖြစ်လုနီးပြီဟု မော်ရင်ဟိုဆို

    ချန်ပီယံဖြစ်လုနီးပြီဟု မော်ရင်ဟိုဆို

    ဧပြီ ၁၉၊ ၂၀၁၅
    M-Media

    Morinho

    – မိမိ၏ နည်းစနစ်များမှာ အပြည့်အ၀ အလုပ်ဖြစ်ခဲ့ပြီး မန်ယူအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သေချာလုနီးပြီဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယမန်နေ့က အိမ်ကွင်း၌ ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ကစားကွက် အသာမရခဲ့သော်လည်း ဟဇာ့ဒ်၏ တစ်လုံးတည်းသောဂိုးဖြင့် နောက်ပိုင်းပွဲစဉ်များတွင် ခြေတက်နေသည့်မန်ယူကို အနိုင်ရခဲ့ပြီး ဒုတိယနေရာမှ အာဆင်နယ်အား ၁၀ မှတ် ဖြတ်ထားနိုင်ပြီဖြစ်သည်။

    ထို့ကြောင့် လာမည့်တစ်ပတ် အာဆင်နယ်နှင့်ပွဲတွင် အနိုင်ရရှိပါက ချယ်ဆီးမှာ ချန်ပီယံဖြစ်ရေး နောက်ထပ်တစ်ပွဲသာ အနိုင်ရရန် လိုအပ်တော့မည်ဖြစ်သည်။

    “၆ ပွဲကစားဖို့ လိုသေးတယ်။ ၃ ပွဲက အဝေးကွင်း၊ ၃ ပွဲက အိမ်ကွင်းပါ။ ပွဲတိုင်းက ခက်ခဲမှာပါ။ အသင်းတိုင်းက အမှတ်လိုအပ်နေပြီး ကျွန်တော်တို့ရဲ့ အခြေအနေက တော်တော်လေး ကောင်းပါတယ်။ (မန်ယူနဲ့ပွဲဟာ) ခက်တော့ခက်ခဲပေမယ့် ခင်ဗျားတို့ထင်သလောက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုပွဲမျိုးအတွက် ပြင်ဆင်ခဲ့တာပါ။ ကျွန်တော်တို့လိုချင်တဲ့၊ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ပွဲမျိုးပါပဲ” ဟု မော်ရင်ဟိုက ဘီဘီစီသို့ ပြောကြားခဲ့သည်။

    မန်ယူနှင့်ပွဲ ရလဒ်အတွက်မူ မိမိက ပျော်ရွှင်မိပြီး လိုချင်သောရလဒ်လည်းဖြစ်ကာ တစ်ပတ်လုံး မိမိတို့၏ အားထုတ်ဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ ရလဒ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    “(ချန်ပီယံ) ဖြစ်လုနီးပြီလို့ ကျွန်တော် ခံစားရပါတယ်။ ဒါပေမယ့်မှာ ဘောလုံးမှာ ဖြစ်လုနီးပြီ ဆိုတာမျိုး မရှိပါဘူး။ ချန်ပီယံဖြစ်ဖို့အတွက် ကျွန်တော်တို့ ၈ မှတ်လိုပါတယ်။ ဒါဟာ ရှင်းလင်းတဲ့ ကိန်းဂဏန်းပါပဲ” ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။

    Sky Sport က မန်ယူ၏ ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့သည့် ဘောလုံးပိုင်ဆိုင်မှုအတွက် စိတ်ပျက်မိလားဟု မေးမြန်းရာ မော်ရင်ဟိုက ၉၉ ရာခိုင်နှုန်းဖြစ်လည်း မိမိက စိတ်မပျက်ကြောင်း မိမိတို့မှာ မန်ယူနှင့်ပွဲတွင် နည်းဗျူဟာပိုင်းဖြင့် ကစားခဲ့ပြီး အခြေအနေထက် ရမှတ်ကို ပိုဂရုစိုက်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal.com

  • ယခုနှစ် သင်္ကြန်အတွင်း သေဆုံးသူ ၁၁ ဦးရှိ

    ယခုနှစ် သင်္ကြန်အတွင်း သေဆုံးသူ ၁၁ ဦးရှိ

    ဧပြီ ၁၈၊ ၂၀၁၅
    M-Media

    thingyan

    – မြန်မာနိုင်ငံ၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလအတွင်း မတော်တဆမှုများကြောင့် သေဆုံသူ အနည်းဆုံး ၁၁ ဦးရှိပြီး ၁၃၄
    ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    မတော်တဆမှုများမှာ ကားများတွင် ၀န်တန်ချိန် လိုအပ်သည်ထက် ပိုတင်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မူးယစ်ဆေးနှင့် အရက်သေစာ သုံးစွဲခြင်း စသည်တို့ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ ယမန်နှစ်က သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ၁၅ ဦးသေဆုံးခဲ့ကာ ၁၇၈ ဦး ဒဏ်ရာရသည်ဟု သိရသည်။

    ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ရေကစားမဏ္ဍပ်ပေါင်း ၂၀၀ ကျော်ရှိပြီး အများစုမှာ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးတို့တွင် ဖြစ်သည်။ သင်္ကြန်ပွဲတော်အတွင်း ပါဝင်ဆင်နွှဲမည့်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  လုံခြုံရေးတို့အတွက် ရဲတပ်ဖွဲ့ဝင်များကိုလည်း ယခင်နှစ်ကထက် ပို၍ ချထားခဲ့သည်။

    Ref: Xhinhua

  • Shiva Gajan ပွဲတော်မှ ဟိန္ဒူတို့၏ ထူးခြားသည့် ဓလေ့တစ်ခု

    Shiva Gajan ပွဲတော်မှ ဟိန္ဒူတို့၏ ထူးခြားသည့် ဓလေ့တစ်ခု

    ဧပြီ ၁၈၊ ၂၀၁၅
    M-Media

    holy feet 2

    – ဘန်ဂါလီခုနှစ် နှစ်ကုန်ပိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ ဟိန္ဒူတို့ရဲ့ Shiva Gajan ပွဲတော်ကို ဒီတစ်ပတ်အတွင်း အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ်ပြည်နယ် ကိုလ်ကာတားမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေ လာရောက် ဆင်နွှဲခဲ့ကြပါတယ်။

    တစ်ပါတ်တာကြာမြင့်တဲ့ အဲဒီပွဲတော်မှာ ထူးခြားတဲ့ ဓလေ့ထုံးတမ်းတစ်ခု ပါရှိပါတယ်။ အဲဒီကတော့ ပွဲတော်အတွင်းမှာ ဟိန္ဒူဘုန်းတော်ကြီးတွေက ကလေးတွေရဲ့ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်၊ ဗိုက် ဒါမှမဟုတ် ခြေထောက်တွေကို သူတို့ရဲ့ ခြေထောက်တွေနဲ့ ထိပြီး ကောင်းချီးပေးတာပါပဲ။

    ဒီလိုကောင်းချီးပေးခြင်းအားဖြင့် ကလေးတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး၊ သူတို့ရဲ့ ဘ၀တွေမှာ သာယာဝပြောစေတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ဒီလိုကောင်းချီးပေးမှုကိုခံယူဖို့ မိဘတွေဟာ ဒီပွဲတော်မှာ ကလေးတွေကို ချီလို့ အပြေးအလွှားသွား၊ လမ်းပေါ်မှာ ကလေးတွေကိုချပြီး ဒီ ရိုးရာဓလေ့တစ်ခုကို နှစ်နှစ်ကာကာ အကောင်အထည်ဖော်ကြပါတယ်။

    ဒီလို ဓလေ့ထုံးတမ်းမျိုးကို အခြား ဟိန္ဒူပွဲတော်တစ်ခုဖြစ်တဲ့ Chatt Puja ပွဲမှာလည်း တွေ့ရပါတယ်။ Shiva Gajan ပွဲမှာ
    ဟိန္ဒူဘာသာဝင်တွေဟာ သူတို့ကို ဘုရားက အကူအညီပေးဖို့၊ သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ဆုတောင်းမှုတွေလည်း ပြုလုပ်ကြပါတယ်။

    Ref: Reuters

  • ရမ်းကားသည့် ကျူပီအာရ်ပရိတ်သတ်များ ထောင်ချခံရ

    ရမ်းကားသည့် ကျူပီအာရ်ပရိတ်သတ်များ ထောင်ချခံရ

    ဧပြီ ၁၈၊ ၂၀၁၅
    M-Media

    QPR

    – ပြီးခဲ့သည့်နှစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် လမ်းလယ်ကာင်၌ ရမ်းကားကာ ဘန်လေပရိတ်သတ်များအား ထိုးကြိတ်ကန်ကျောက်ခဲ့သည့် ကျူပီအာရ် ပရိတ်သတ် ၄ ဦးမှာ ဘောလုံးနှင့်ဆက်စပ်သည့် မငြိမ်မသက်မှုအတွက် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က လန်ဒန်ရှိ ကျူပီအာရ်ကွင်းတွင် ကစားခဲ့ပြီး ၃ ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သော ချန်ပီယံရှစ်ပွဲအပြီးတွင် ကျူပီအာရ်ပရိတ်သတ် လေးဦးမှာ ဘန်လေပရိတ်သတ်များရှိရာ Pub နှစ်ခုသို့ ၀င်ရောက်၍ ဘန်လေ ပရိတ်သတ်များကို ထိုးကြိတ်ကန်ကြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကာ ဆိုင်ကို ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့သည်။

    ထို့ပြင် ၎င်းတို့မှာ အဖျက်လုပ်ရပ်များ လုပ်ရန်အတွက်လည်း အနီးအနားရှိ လမ်းများသို့ သွားရောက်ခဲ့သည်။ ထိုအဖြစ်အပျက်အတွက် ရဲတပ်ဖွဲ့မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လက တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီး ကျူးလွန်သူများဖြစ်သော ဟယ်ရီချိုင်းလ်ဒ်၊ ဂျက်ဟက်ချင်၊ ဒီယန် ဖိုးမန်းနှင့် ဘရက်ဒလေ ပက်တို့အား ယမန်နေ့ နေ့လည်ပိုင်းက ထောင်ဒဏ် ၈ လမှ တစ်နှစ်အထိ အသီးသီးချမှတ်ခဲ့သည်။ ထို့ပြင် ၎င်းတို့လေးဦးအား ၆ နှစ်အထိ ဘောလုံးကွင်းသို့ ၀င်ရောက်ခြင်းမပြုရန် အမိန့်ချခဲ့သည်။

    ကျူပီအာရ်အသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မိမိတို့အသင်း၏ ပရိတ်သတ်အများစုမှာ ကောင်းမွန်သည့် ကိုယ်စားလှယ်များ ဖြစ်ကြပြီး၊ မေတ္တာကြီးမားသည့် အားပေးသူများ ဖြစ်ကြကြောင်း၊ သို့သော်လည်း ဘောလုံးကွင်းအတွင်း သို့မဟုတ် ၀န်းကျင်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွက် မိမိတို့က လုံးဝ သည်းခံသွားမည်မဟုတ်ကြောင်း၊ အဖြစ်နည်းသော ထိုအဖြစ်အပျက်များအတွက် မိမိတို့မှာ ရဲတပ်ဖွဲ့နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Dailymail