News @ M-Media

အမေရိကန်သမ္မတ အိုဘားမား၏အဖွား မက္ကာဟ်သို့သွားရောက်၍ အွမ္မရာဟ်ပြု

ဧပြီ ၂၄၊ ၂၀၁၅
M-Medi

obama's grandmother 2

– အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ ကင်ညာနိုင်ငံမှ အဖွားဖြစ်သူ ဆာရာ အိုမာရ်မှာ အွမ္မရာဟ်ဘုရားဖူးခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဟ်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

ဆာရာမှာ သားဖြစ်သူ စအီးဒ်၊ မြေးဖြစ်သူ မူဆာတို့နှင့်အတူ ရောက်ရှိလာခဲ့ပြီး အွမ္မရာဟ်ပြုပြီးနောက် မြေးဖြစ်သူနှင့်အတူ မက္ကာဟ်မြို့ရှိ တမန်တော်မုဟမ္မဒ်သခင်အကြောင်း ပြသထားသည့် ပြပွဲသို့ သွားရောက်ခဲ့ကြသည်။

ဆာရာက ပြပွဲသို့ သွားရောက်ကြည့်ရှုရခြင်းကို အလွန်ပျော်ရွှင်မိပြီး စစ်မှန်သည့် အထောက်အထားများ၊ သိပ္ပံဆိုင်ရာ အထောက်အပံ့များဖြင့် ထိုသို့ပြသခြင်းမျိုးက ယခုခေတ် အစ္စလာမ်သာသာနာ ပြန့်ပွားရေးအတွက် ဥပမာကောင်းဖြစ်သည်ဟု Arab News သို့ ပြောကြားခဲ့သည်။

ထို့ပြင် ဘုရားဖူးခရီးစဉ်အတွက် မက္ကာဟ်နှင့် မဒီနာတို့တွင် ဆော်ဒီအစိုးရ၏ စီစဉ်ထားမှုများ၊ အသုံးအဆောင်၊ အဆောက်အဦးများမှာလည်း အလွန်ကောင်းမွန်သည်ဟု ထည့်သွင်းပြောကြားခဲ့ကာ အစ္စလာမ်နှင့်ပတ်သက်၍ ယူဆချက်အလွဲများကို ဖယ်ရှားရန်အတွက် တမန်တော်မုဟမ္မဒ်သခင်အကြောင်း ပြသထားသည့် ထိုပြပွဲများကို အခြားနိုင်ငံများသို့ သွားရောက်ပြသရန် မျှော်လင့်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆာရာအိုမာရ်မှာ အိုဘားမား၏ ဖခင်ဖြစ်သော ဘာရက်ဟူစိန်အိုဘားမား စီနီယာ၏ မိခင်ဖြစ်သည်။ အိုဘားမား စီနီယာမှာ ကင်ညာနွယ်ဖွားတစ်ဦးဖြစ်ပြီး အမေရိကန်တွင် စီးပွားရေးဘာသာရပ်ဖြင့် လာရောက်ပညာသင်ကြားစဉ် အိမ်ထောင်ကျကာ အိုဘားမားအား မွေးဖွားခဲ့ခြင်းဖြစ်သည်။

ဆာရာအိုမာရ်မှာ အလှူအတန်းရက်ရောသူဖြစ်ပြီး ၂၀၀၆ ခုနှစ်က အိုဘားမား ကင်ညာသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ကင်ညာနိုင်ငံအတွင်း နာမည်ကြီးလာခဲ့သည်။

၂၀၀၈ ခုနှစ် အိုဘားမား သမ္မတဖြစ်ပြီးနောက်ပိုင်း သူမ၏ လယ်တောအိမ်လေးမှာ နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားသည့်နေရာ ဖြစ်လာခဲ့သည်။ ဆာရာမှာ ယခုတစ်ခေါက် မက္ကာဟ်မြို့သို့ အွမ္မရာဟ်ခရီးစဉ် လာရောက်ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၀ ခုနှစ်ကလည်း ဟဂ်ျခရီးစဉ် လာရောက်ခဲ့ဖူးသည်။

Ref: Onislam

Comments

Leave a Reply