News @ M-Media

ဘိုကိုဟရမ်၏ နောက်ဆုံး စခန်းကို နိုက်ဂျီးရီးယား ဖြိုပြီ

ဧပြီ ၂၃၊ ၂၀၁၅
M-Media

nigeria

– ဘိုကိုဟရမ်အဖွဲ့၏ ၆ နှစ်ကြာ သူပုန်ထမှုကို အဆုံးသတ်ရန်အတွက် ၎င်းတို့ ခြေကုပ်ယူထားရာ နောက်ဆုံးစခန်းဖြစ်သော ဆမ်ဘီဆာ သစ်တောအတွင်းသို့ လေတပ်ပစ်ကူဖြင် နိုက်ဂျီးရီးယားတပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်နေသည်ဟု နိုက်ဂျီးရီးယား စစ်တပ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

စစ်ဆင်ရေးတွင် နိုက်ဂျီးရီးယား၊ ချဒ်၊ နိုင်ဂျာနှင့် ကင်မရွန်းနိုင်ငံတို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ပြီး ၎င်းတို့မှာ လွန်ခဲ့သည့် ၂ လခန့်မှစ၍ ဘိုကိုဟရမ်၏ စခန်းများအား တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆမ်ဘီဆာသစ်တောမှာ နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ရှိပြီး ယမန်နှစ်က ဘိုကိုဟရမ်မှ ကျောင်းသူ ၂၀၀ ကျော် ပြန်ပေးဆွဲသွားခဲ့သည့် ချီဘွတ်ရွာမှ ကီလိုမီတာ ၁၀၀ အကွာအဝေးတွင် ရှိနေသည်။ ထောက်လှမ်းရေးကမူ အဆိုပါ ကျောင်းသူများကို ဆမ်ဘီဆာသစ်တောအတွင်း၌ ထိန်းသိမ်းထားသည်ဟု ယုံကြည်နေသည်။ သို့သော်လည်း အမေရိကန် ဒရုန်းလေယာဉ်များက ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

“စစ်ဆင်ရေးတွေ အထူးသဖြင့် သစ်တောထဲကနေရာတွေမှာလုပ်တဲ့ စစ်ဆင်ရေးတွေဟာ အတားအဆီးတွေ၊ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို အန်တုပြီး တိုးတက်မှုတွေ ရနေပါတယ်” ဟု နိုက်ဂျီးရီးယား စစ်တပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

မီဒီယာများနှင့် အစိုးရမဟုတ်သောအဖွဲ့များ ၀င်ရောက်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် အဆိုပါစစ်ဆင်ရေးနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန် ခက်ခဲနေသည်။

သို့သော်လည်း ဘိုကိုဟရမ်အား တိုက်ထုတ်ရာတွင် စစ်တပ်ကို အထောက်အပံ့ဖြစ်စေရန် အရပ်သားများဖြင့်ဖွဲ့စည်းထားသော အရပ်သားပူးပေါင်းရေးတပ်ကမူ အဆိုပါ စစ်ဆင်ရေးအတွင်း ၎င်းတို့တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၅ ဦးနှင့် စစ်သား ၂ ဦးတို့ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply