News @ M-Media

Blog

  • အီရတ်စစ်တပ်၏ အားထုတ်မှုကို အိုဘားမား ချီးကျူး

    အီရတ်စစ်တပ်၏ အားထုတ်မှုကို အိုဘားမား ချီးကျူး

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    abadi

    – အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီကို ယမန်နေ့က အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံစဉ် အီရတ်စစ်တပ်၏ IS အဖွဲ့အား တွန်းလှန်မှုအတွင်း တိုးတက်မှုများကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးကျူးပြောဆိုလိုက်ပြီး မဟာမိတ်တပ်ဖွဲ့များကလည်း ထင်ရှားသည့် တိုးတက်မှုများကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များ၏ အကူအညီဖြင့် အီရတ်စစ်တပ်မှာ IS အဖွဲ့က သိမ်းပိုက်ထားသော နယ်မြေ၏ လေးပုံတစ်ပုံကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အိုးဘားမားကမူ အောင်မြင်မှုမှာ နေ့ချင်းညချင်း မဖြစ်ပေါ်လာသ်ာလည်း မိမိတို့အနေဖြင့် အောင်မြင်ခဲ့သည်ဆိုသည်ကို ထင်ထင်ရှားရှား တွေ့ခဲ့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အာဘာဒီ ၀ါရှင်တန်သို့ လာရောက်မှုတွင် အမေရိကန်ဦဆောင်သည့် လေကြောင်းမှတိုက်ခိုက်မှု အရှိန်မြှင့်ရန်နှင့် လက်နက်များ ပိုမိုတင်ပို့ရန် အမေရိကန်အား တောင်းဆိုမည်ဟု မျှော်လင့်ထားသော်လည်း အိုဘားမားနှင့်တွေ့ဆုံစဉ်အတွင်း အာဘာဒီက ထိုကဲ့သို့ သီခြားတောင်းဆိုမှုများ မလုပ်ခဲ့ပေ။

    အိုဘားမားကမူ တွေ့ဆုံစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် အမေရိကန်က ပေးနိုင်သော အကူအညီများအကြောင်း အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့အနေဖြင့် အီရတ်နှင့် မဟာမိတ်များ၏ ဘုံရည်ရွယ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်သွားချင်သည်ဟု အိုဘားမားက ဆိုသည်။

    IS ၏ ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် အီရတ်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် ကန်ဒေါ်လာ သန်း ၂၀၀ ထပ်တိုးထောက်ပံ့သွားမည်ဟု အိုဘားမားက ထည့်သွင်းကြေညာခဲ့သည်။

    အာဘာဒီကမူ IS မှ သိမ်းပိုက်ထားသည့် နယ်မြေများ လွတ်မြောက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ထပ်မံကတိပြုခဲ့သည်။

    အိုအားမားက IS အား တိုက်ခိုက်မှုအတွင်း ပါဝင်သူများအားလုံးမှာ အီရတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိရမည်ဖြစ်ပြီး အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန်လည်း တိုက်တွန်းခဲ့သည်။

    “နီးကပ်နေတဲ့ အိမ်နီးချင်းအဖြစ် အီရန်ဟာ အီရတ်နဲ့ အရေးပါတဲ့ဆက်ဆံရေးရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ စုပေါင်းတပ်တွေအနေနဲ့ ထိန်းချုပ်မှုအောက်မှာရှိနေဖို့ အရေးကြီးပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    အာဘာဒီကလည်း IS အား တိုက်ခိုက်မှုအတွင်း ကူညီမှုများကို ကြိုဆိုသော်လည်း အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာအား ကျူးကျော်မှုကို လက်မခံဟု ဆိုသည်။ ထို့ပြင် နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် လုံးဝသည်းမခံဟု ပြောကြားခဲ့ပြီး အရပ်သားများအပေါ် ရက်စက်မှုများတွင် ပါဝင်သူ မည်သူ့ကိုမဆို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ကတိပြုခဲ့သည်။

    Ref: Channelnewsasia

  • တောင်အာဖရိကန်တွင် နိုင်ငံခြားသားဆန့်ကျင်ရေး အရှိန်မြင့်

    တောင်အာဖရိကန်တွင် နိုင်ငံခြားသားဆန့်ကျင်ရေး အရှိန်မြင့်

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    south africa

    – တောင်အာဖရိကတွင် နိုင်ငံခြားသားဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ အရှိန်မြင့်လာပြီး ယမန်နေ့က ဒါဘန်မြို့တွင် နိုင်ငံခြားသားဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကာ တိုက်ခိုက်ဖျက်ဆီးမှုများလည်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ကာ လူစုခွဲခဲ့ရသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    ဒါဘန်မြို့ ပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် သီတင်းပတ်များက နိုင်ငံခြားသားဆန့်ကျင်ရေး တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံးခဲ့ပြီးနောက် ယခုအခါ မြို့ထဲအထိ ကူးစက်လာခဲ့ခြင်း ဖြစ်သည်။

    ဆန္ဒပြမှုများကို ပြောင်းရွှေ့အခြေချသူများနှင့် ဒေသခံများ နှစ်ဘက်စလုံးက ပြုလုပ်ခဲ့ကြပြီး အချို့မှာ ပုဆိန်များ၊ တောခုတ်ဓားများပင် ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြသည်။ တောင်အာဖရိက၏ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတမ်း အဓိကကျသည့် ဆိပ်ကမ်းမြို့ဖြစ်သော ဒါဘန်မြို့ရှိ နိုင်ငံခြားသားပိုင် ဆိုင်တစ်ဆိုင်မှာလည်း ဆန္ဒပြမှုအတွင်း လုယက်ဖျက်ဆီး ခံခဲ့ရသည်။

    “လူသားထုတစ်ခုလုံးအတွက် ဒီသတင်းစကားကို ကျွန်တော်တို့ပေးချင်ပါတယ်။ တောင်အာဖရိက က လူမည်းတွေဟာ အရှင်လတ်လတ် မီးရှို့ခံနေရတယ် ဆိုတာပါပဲ” ဟု ဘူရန်ဒီနိုင်ငံမှ ပြောင်းရွှေ့ကာ ဒါဘန်တွင်နေထိုင်သည့် ဟာကီဇီမာနာက ပြောကြားခဲ့သည်။

    ဒါဘန်မြို့တစ်ဝှမ်းတွင် ဆန္ဒပြသည့် အုပ်စုများမှာ ပြန့်ကြဲနေခဲ့ပြီး၊ ဒါဘန်မြို့တည်ရှိရှာ ကွာဇူလူနာတယ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဆန်ဇို မက်ဟူနူက ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များကို ထပ်တိုးချထားခဲ့သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံအတွင်း အလုပ်လက်မဲ့ဖြစ်မှု အပါအ၀င် ပြဿနာများစွာကြောင့် တောင်အာဖရိက ပြည်သူများအကြား နိုင်ငံခြားသား ဆန့်ကျင်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က ထိုကဲ့သို့ နိုင်ငံခြားသားဆန့်ကျင်ရေး တိုက်ခိုက်မှုများအတွင်း နိုင်ငံခြားသား ၆၀ ကျော် သေဆုံးခဲ့သည်။

    တောင်အာဖရိက၏ အလုပ်လက်မဲ့နှုန်းမှာ တရားဝင် စာရင်းများအရ ၂၅ ရာခိုင်နှုန်းရှိသည်ဟု ထုတ်ပြန်ထားသော်လည်း ထိုထက်ပိုများမည်ဟု ယုံကြည်နေကြသည်။

    Ref: Reuters

  • ပြန်ပေးဆွဲခံ နိုက်ဂျီးရီးယားကျောင်းသူများသို့ မာလာလာက အိတ်ဖွင့်ပေးစာပို့

    ပြန်ပေးဆွဲခံ နိုက်ဂျီးရီးယားကျောင်းသူများသို့ မာလာလာက အိတ်ဖွင့်ပေးစာပို့

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    malala

    – အမျိုးသမီးငယ်များအရေး လှုပ်ရှားသူဖြစ်ပြီး ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်ဆုရှင်ဖြစ်သည့် မာလာလာ ယူစွဖ်ဇိုင်က လွန်ခဲ့သည့် တစ်နှစ်အရင် ဘိုကိုဟရမ်၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသော ကျောင်းသူလေးများအနေဖြင့် မျှော်လင့်ချက်ကို မစွန့်လွှတ်ရန် တိုက်တွန်းခဲ့ပြီး မိမိတို့ကလည်း မည်သည့်အခါမှ မေ့ထားမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    “ကျွန်မတို့ဟာ ရှင်တို့ကို ဘယ်တော့မှာ မေ့မှာမဟုတ်ဘူးဆိုတာ မှတ်ထားပေးပါ။ ရှင်တို့နဲ့အတူ အမြဲတမ်း ရပ်တည်သွားမှာပါ။ ရှင်တို့အားလုံး မိသားစုနဲ့ ပြန်လည်မပေါင်းစည်းနိုင်မချင်း ကျွန်မတို့ကလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး” ဟု ပြန်ပေးဆွဲခံရသည့် နိုက်ဂျီးရီးယား ကျောင်းသူလေးများအား လိပ်မူသော အိတ်ဖွင့်ပေးစာတွင် မာလာလာက ရေးသားခဲ့သည်။

    တာလီဘန်တို့၏ လုပ်ရပ်များကို ဆန့်ကျင်သော မာလာလာမှာ ၂၀၁၂ ခုနှစ်က ကျောင်းကားအတွင်း တာလီဘန်တို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး သူမ၏ အမျိုးသမီးများ ပညာရေးအတွက် လှုပ်ရှားမှုကို ကမ္ဘာတစ်ဝှမ်းလုံးက အသိအမှတ် ပြုခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်တွင် မာလာလာမှာ အိန္ဒိယမှ ကလေးငယ်များအရေး ဆောင်ရွက်ပေးနေသည့် ကိုင်လက်ရှ် ဆက်ယာသီနှင့်အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည်။

    သူမ၏ ထိုအိတ်ဖွင့်ပေးစာတွင် မာလာလာက ပြန်ပေးဆွဲခံခဲ့ရသည့် ကျောင်းသူ ၂၀၀ ကျော် ပြန်လည်လွတ်မြောက်ရေးအတွက် ပိုမိုလုပ်ဆောင်ရန် နိုက်ဂျီးရီးယားအာဏာပိုင်များနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့သည်။

    နိုင်ငံအရှေ့မြောက်ပိုင်း ချီဘွတ်ဒေသရှိ အလယ်တန်းကျောင်းမှ အဆိုပါကျောင်းသူများ ပြန်ပေးဆွဲခံရမှုမှာ ယမန်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီး ထိုအထဲမှ အချို့မှာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

    “ကျွန်မရဲ့ အမြင်အရ ပြောရရင် နိုက်ဂျီးရီးယားခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှင်တို့ကိုကူညီဖို့ ပြည့်ပြည့်၀၀ မလုပ်ဆောင်ခဲ့ကြပါဘူး” ဟု မာလာလာက သူမ၏ စာတွင် ရေးသားထားသည်။

    ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက မာလာလာမှာ နိုက်ဂျီးရီးယားသို့ သွားရောက်ကာ ပြန်ပေးဆွဲခံခဲ့ရသူများ၏ မိသားစုများ၊ ဘိုကိုဟရမ်လက်မှ လွတ်မြောက်လာသည့် မိန်းကလေးငယ် ၅ ဦးတို့နှင့် တွေ့ဆုံခဲ့သည်။

    “ရှင်တို့ရဲ့ မိဘတွေက စိတ်ဆင်းရဲမှုတွေကို ခံစားနေရပါတယ်။ သူတို့က ရှင်တို့ကိုချစ်တယ်။ ပြီးတော့ လွမ်းလည်း လွမ်းနေပါတယ်” ဟု သူမက ရေးသားခဲ့သည်။

    သို့သော်လည်း ၎င်းတို့အား ကယ်တင်ရေးနှင့်ပတ်သက်၍ အကောင်းမြင်နိုင်သည့်အကြောင်းအရင်းများ ရှိနေပြီး မျှော်လင့်ချက်များ မစွန့်လွှတ်ကြရန် မာလာလာက တိုက်တွန်းခဲ့သည်။

    ပြန်ပေးဆွဲခံရသည့် တစ်နှစ်ပြည့်အဖြစ် အမျိုးသမီးများ၏ ပညာရေး မြှင့်တင်ပေးရန်အတွက် မာလာလာနှင့် ၎င်း၏ဖခင်ဖြစ်သူ ဇီယာအွဒ္ဒင်တို့ တည်ထောက်ထားသည့် အကူအညီပေးရေးအဖွဲ့ Malala Fund က အွန်လိုင်းတွင် #DearSisters လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပြီး ပြန်ပေးဆွဲခံရသူ အမျိုးသမီးငယ်များအတွက် မျှော်လင့်ခြင်းသတင်းစကားများနှင့် အားပေးထောက်ခံမှု မှတ်ချက်များ ရရှိရန် ဆောင်ရွက်ခဲ့ကြသည်။

    Ref: Channelnewsasia

  • အီဗရာဟီမိုဗစ် မပါသော်လည်း ပီအက်စ်ဂျီက အနိုင်ယူသွားနိုင်သည်ဟု အန်းရစ်ပြော

    အီဗရာဟီမိုဗစ် မပါသော်လည်း ပီအက်စ်ဂျီက အနိုင်ယူသွားနိုင်သည်ဟု အန်းရစ်ပြော

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    enrique

    – အားထားရသည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ် မပါဝင်သော်လည်း ပီအက်စ်ဂျီအသင်း၏ ချန်ပီယံလိဂ်ခြေစွမ်းကို အဟန့်အတား ဖြစ်စေမည်မဟုတ်ဘဲ ပီအက်စ်ဂျီမှာ မိမိတို့အသင်းအား အနိုင်ကစားနိုင်ကြောင်း သက်သေပြပြီးဖြစ်သည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့မှာ ယနေ့ညတွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ကစားရမည်ဖြစ်သည်။ အုပ်စုအဆင့်တွင် ၎င်းတို့ ၂ သင်းမှာ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ပဲရစ်တွင်ကစားခဲ့သည့်ပွဲ၌ ဘာစီလိုနာက ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ နျူးကမ့်တွင် ကစားရာ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    ထို့ကြောင့် အန်းရစ်က ယခုပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် အီဗရာဟီမိုဗစ် မပါဝင်ခြင်းနှင့် ပီအက်စ်ဂျီအသင်း၌ ဒဏ်ရာရကစားသမား များပြားနေခြင်းဟူသော အချက်အား အလွန်အားထားမှုက ရူးနှမ်းခြင်းပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပီအက်စ်ဂျီမှာ အဓိကစားသမား အများအပြား ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဇလာတန် (အီဗရာဟီမိုဗစ်) မပါတဲ့အချိန်မှာ သူတို့ ကျွန်တော်တို့ကို နိုင်ခဲ့ပြီး ဇလာတန်ပါတဲ့အချိန်က ကျွန်တော်တို့ နိုင်ခဲ့တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် ဒီလို ကစားသမားတွေ မပါဝင်မှုရဲ့ အရေးပါပုံကို ဘယ်သူမှ မသိပါဘူး။ စက်တင်ဘာမှာ ကစားခဲ့တဲ့ပွဲက ပွဲကောင်းတစ်ပွဲပါ။ ကျွန်တော်တို့ရှုံးပေမယ့် အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်” ဟု အန်းရစ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ယနေ့ညပွဲနှင့်ပတ်သက်၍ အန်းရစ်က မိမိတို့အသင်းမှာ နောက်တန်းတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်ကျော့စလုံးတွင် ဂိုးများရရှိရန် မျှော်လင့်ထားပြီး မိမိတို့နှစ်သင်းစလုံးမှာ တိုက်စစ်ကောင်းကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ၂ သင်းစလုံးဟာ တော်တော်လေးတူညီတာကြောင့် ဒီပွဲမှာ ဖွင့်ကစားကြလိမ့်မယ်လို့ ထင်ပါတယ်။ ပီအက်စ်ဂျီက နောက်တန်းကို လုံအောင်လုပ်ပြီး တန်ပြန်တိုက်စစ်နဲ့ ကစားသွားနိုင်ပါတယ်။ ဒီအသင်းမှာ ကြောက်စရာတွေအများကြီး ရှိပါတယ်”

    Ref: Goal.com

  • ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အတွက် အသက်ရှိသေးကြောင်း အက်သလက်တီကို ဂိုးသမားပြော

    ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အတွက် အသက်ရှိသေးကြောင်း အက်သလက်တီကို ဂိုးသမားပြော

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    oblak

    – ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပထအကျော့တွင် ဂိုးမရှိသရေဖြစ်ခဲ့ခြင်းက မိမိတို့အသင်း နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကို ဖြစ်စေသည်ဟု အက်သလက်တီကိုမက်ဒရစ်အသင်း၏ ဂိုးသမား ဂျန် အိုဘလက်က ပြောကြားခဲ့သည်။

    အက်သလက်တီကို၏ အိမ်ကွင်း၌ ကစားခဲ့သည့် အဆိုပါပွဲတွင် အိုဘလက်မှာ ဂါရက်ဘေးလ်အပါအ၀င် ရီးယဲလ်တိုက်စစ်မှူးများ၏ အပိုင်ကန်သွင်းခွင့်များကို မယုံနိုင်လောက်ဖွယ် ကာကွယ်သွားနိုင်ခဲ့သည်။ လာမည့်သီတင်းပတ်တွင် ဒုတိယအကျော့အဖြစ် ဆန်တီယာဂိုဘာနေဗျူး၌ ကစားရမည်ဖြစ်ပြီး အိုဘလက်က ရီးယဲလ်နှင့် တွေ့ဆုံထားသည့် ၇ ပွဲတွင် မိမိတို့အသင်း ရှုံးပွဲမရှိခဲ့သည့် မှတ်တမ်းကို ပိုမိုချဲ့ထွင်သွားချင်သည်ဟု ပြောကြားခဲ့သည်။

    “တစ်သင်းလုံးလိုပဲ ကျွန်တော်လည်း ကျေနပ်ပါတယ်။ ကျွန်တော်တို့ အသည်းအသန် ကြိုးစားခဲ့ရပြီး တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် နောက်ပွဲအတွက် ပြင်ဆင်ချိန် တစ်ပတ် ရပါတယ်။ အမြဲတမ်း ဂိုးတွေသွင်းပြီး နိုင်ချင်တာပါပဲ။ ဒါပေမယ့် ဂိုးမရှိသရေရလဒ်နဲ့ ဒုတိယအကျော့မှာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဂိုးမပေးရတာက နောက်ပွဲအတွက် တကယ့်ကို အရေးပါပါတယ်။ ဘယ်သူက ရေပန်းစားလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့က ကစားသမားကောင်းတွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း အသက်ရှိပါသေးတယ်” ဟု အိုဘလက်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကလည်း အိုဘလက်၏ လက်စွမ်းနှင့် ဂါရက်ဘေးလ်၏ အားထုတ်မှုတို့အား ချီးကျူးခဲ့သည်။

    “ပထမပိုင်းမှာ အက်သလက်တီကိုအတွက် ဂိုးသမားဟာ တော်တော်လေး အရေးပါပါတယ်။ ဂါရက်ကလည်း ကောင်းကောင်း ကစားခဲ့ပါတယ်။ ကျွန်တော် တကယ့်ကို ကျေနပ်မိပါတယ်။ တစ်ပွဲလုံးကို ကျွန်တော်တို့ ကြိုးစားကစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ အရည်အသွေး တော်တော်လေး ကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ ပိုခက်သွားပါတယ်” ဟု အန်ဆယ်လော့တီက ဆိုသည်။

    ဂိုးမရှိသရေရလဒ်က ရလဒ်ကောင်းလားဟု မေးမြန်းရာတွင် အန်ဆယ်လော့တီက ရလဒ်ကောင်းမဟုတ်ကြောင်း မိမိတို့အသင်းမှာ ပထမပိုင်းတွင် အလွန်ကောင်းစွာ ကစားနိုင်ခဲ့ကြောင်း အသင်း၏ စွမ်းဆောင်မှုအတွက် ကျေနပ်မိပြီး ဒုတိယအကျော့အိမ်ကွင်းတွင် ထိုခြေစွမ်းမျိုးရအောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com