News @ M-Media

မြေထဲပင်လယ်ဒုက္ခသည်အရေး မျှဝေတာဝန်ယူကြရန် ကမ္ဘာအား ဘန်ကီမွန်မေတ္တာရပ်ခံ

ဧပြီ ၂၀၊ ၂၀၁၅
M-Media

refugee

– မြေထဲပင်လယ်သို့ ဖြတ်ကာ ဥရောပသို့ ခိုလှုံရန် ကြိုးစားလာကြသူများ၏ ၀န်ထုပ်ဝန်ပိုးများကို ကမ္ဘာ့နိုင်ငံများမှ အစိုးရများက မျှဝေယူကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အာဖရိကမှ ဒုက္ခသည်များမှာ မြေထဲပင်လယ်ကိုဖြတ်၍ လှေများဖြင့် ဥရောပသို့ ၀င်ရောက်ရန်ကြိုးစားရာတွင် လှေမှောက်၍ သေဆုံးမှု အများအပြားဖြစ်ပွားခဲ့ပြီး နောက်ဆုံးအဖြစ်အပျက်အဖြစ် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လစ်ဗျားကမ်းရိုတန်း၌ ဒုက္ခသည်လှေတစ်စီး နစ်မြုပ်၍ လူ ၇၀၀ ကျော်သေဆုံးမည့် အခြေအနေ ရှိနေသည်။

ဘန်ကီမွန်ကမူ ထိုသတင်းကြောင့် မိမိနေဖြင့် တုန်လှုပ်ကာ အလွန်အမင်း ၀မ်းနည်းမိခဲ့သည်ဟု ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထိုပြဿနာကို ရင်ဆိုင်ရာတွင် ညီညီညွတ်ညွှတ်ဖြင့် ၀န်ထုပ်ဝန်ပိုးများကို မျှဝေတာဝန်ယူကြရန် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

ယခုနှစ်အတွင်း မြေထဲပင်လယ်သို့ ဖြတ်ကျော်ရန် ကြိုးစားမှုအတွင်း ဒုက္ခသည်ပေါင်း အနည်းဆုံး ၁၆၀၀ သေဆုံးခဲ့ပြီး ဘန်ကီမွန်က မြေထဲပင်လယ်မှာ ခိုလှုံလိုသူများနှင့် ပြောင်းရွှေ့အခြေချလိုသူများအတွက် ကြောက်စရာအကောင်းဆုံးလမ်းကြောင်း ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရများအနေဖြင့် ပင်လယ်ပြင်ကယ်ဆယ်ရေး တိုးတက်ရန် ကြိုးစားရုံတင်မကဘဲ စစ်ကြောင့် ထွက်ပြေးရကာ ခိုလှုံရာနှင့် အန္တရာယ်ကင်းရာ နေရာတို့ကို လိုအပ်နေသောသူ အများအပြားအတွက် ခိုလှုံခွင့် သေချာစေရန်လည်း မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘန်ကီမွန်က အဆိုပါ ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဥရောပကလည်း အဖွဲ့ဝင်နိုင်ငံများ အရေးပေါ်ထိပ်သီးအစည်းအဝေးလုပ်ရန် စဉ်းစားနေသည်ဟု ဥရောပသမဂ္ဂ ဥက္ကဌ ဒေါ်နယ်လ် တက်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

Ref: Channelnewsasia

Comments

Leave a Reply