News @ M-Media

Blog

  • ယခုနှစ် သင်္ကြန်အတွင်း သေဆုံးသူ ၁၁ ဦးရှိ

    ယခုနှစ် သင်္ကြန်အတွင်း သေဆုံးသူ ၁၁ ဦးရှိ

    ဧပြီ ၁၈၊ ၂၀၁၅
    M-Media

    thingyan

    – မြန်မာနိုင်ငံ၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလအတွင်း မတော်တဆမှုများကြောင့် သေဆုံသူ အနည်းဆုံး ၁၁ ဦးရှိပြီး ၁၃၄
    ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    မတော်တဆမှုများမှာ ကားများတွင် ၀န်တန်ချိန် လိုအပ်သည်ထက် ပိုတင်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မူးယစ်ဆေးနှင့် အရက်သေစာ သုံးစွဲခြင်း စသည်တို့ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ ယမန်နှစ်က သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ၁၅ ဦးသေဆုံးခဲ့ကာ ၁၇၈ ဦး ဒဏ်ရာရသည်ဟု သိရသည်။

    ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ရေကစားမဏ္ဍပ်ပေါင်း ၂၀၀ ကျော်ရှိပြီး အများစုမှာ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးတို့တွင် ဖြစ်သည်။ သင်္ကြန်ပွဲတော်အတွင်း ပါဝင်ဆင်နွှဲမည့်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  လုံခြုံရေးတို့အတွက် ရဲတပ်ဖွဲ့ဝင်များကိုလည်း ယခင်နှစ်ကထက် ပို၍ ချထားခဲ့သည်။

    Ref: Xhinhua

  • Shiva Gajan ပွဲတော်မှ ဟိန္ဒူတို့၏ ထူးခြားသည့် ဓလေ့တစ်ခု

    Shiva Gajan ပွဲတော်မှ ဟိန္ဒူတို့၏ ထူးခြားသည့် ဓလေ့တစ်ခု

    ဧပြီ ၁၈၊ ၂၀၁၅
    M-Media

    holy feet 2

    – ဘန်ဂါလီခုနှစ် နှစ်ကုန်ပိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ ဟိန္ဒူတို့ရဲ့ Shiva Gajan ပွဲတော်ကို ဒီတစ်ပတ်အတွင်း အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ်ပြည်နယ် ကိုလ်ကာတားမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေ လာရောက် ဆင်နွှဲခဲ့ကြပါတယ်။

    တစ်ပါတ်တာကြာမြင့်တဲ့ အဲဒီပွဲတော်မှာ ထူးခြားတဲ့ ဓလေ့ထုံးတမ်းတစ်ခု ပါရှိပါတယ်။ အဲဒီကတော့ ပွဲတော်အတွင်းမှာ ဟိန္ဒူဘုန်းတော်ကြီးတွေက ကလေးတွေရဲ့ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်၊ ဗိုက် ဒါမှမဟုတ် ခြေထောက်တွေကို သူတို့ရဲ့ ခြေထောက်တွေနဲ့ ထိပြီး ကောင်းချီးပေးတာပါပဲ။

    ဒီလိုကောင်းချီးပေးခြင်းအားဖြင့် ကလေးတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး၊ သူတို့ရဲ့ ဘ၀တွေမှာ သာယာဝပြောစေတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ဒီလိုကောင်းချီးပေးမှုကိုခံယူဖို့ မိဘတွေဟာ ဒီပွဲတော်မှာ ကလေးတွေကို ချီလို့ အပြေးအလွှားသွား၊ လမ်းပေါ်မှာ ကလေးတွေကိုချပြီး ဒီ ရိုးရာဓလေ့တစ်ခုကို နှစ်နှစ်ကာကာ အကောင်အထည်ဖော်ကြပါတယ်။

    ဒီလို ဓလေ့ထုံးတမ်းမျိုးကို အခြား ဟိန္ဒူပွဲတော်တစ်ခုဖြစ်တဲ့ Chatt Puja ပွဲမှာလည်း တွေ့ရပါတယ်။ Shiva Gajan ပွဲမှာ
    ဟိန္ဒူဘာသာဝင်တွေဟာ သူတို့ကို ဘုရားက အကူအညီပေးဖို့၊ သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ဆုတောင်းမှုတွေလည်း ပြုလုပ်ကြပါတယ်။

    Ref: Reuters

  • ရမ်းကားသည့် ကျူပီအာရ်ပရိတ်သတ်များ ထောင်ချခံရ

    ရမ်းကားသည့် ကျူပီအာရ်ပရိတ်သတ်များ ထောင်ချခံရ

    ဧပြီ ၁၈၊ ၂၀၁၅
    M-Media

    QPR

    – ပြီးခဲ့သည့်နှစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် လမ်းလယ်ကာင်၌ ရမ်းကားကာ ဘန်လေပရိတ်သတ်များအား ထိုးကြိတ်ကန်ကျောက်ခဲ့သည့် ကျူပီအာရ် ပရိတ်သတ် ၄ ဦးမှာ ဘောလုံးနှင့်ဆက်စပ်သည့် မငြိမ်မသက်မှုအတွက် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က လန်ဒန်ရှိ ကျူပီအာရ်ကွင်းတွင် ကစားခဲ့ပြီး ၃ ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သော ချန်ပီယံရှစ်ပွဲအပြီးတွင် ကျူပီအာရ်ပရိတ်သတ် လေးဦးမှာ ဘန်လေပရိတ်သတ်များရှိရာ Pub နှစ်ခုသို့ ၀င်ရောက်၍ ဘန်လေ ပရိတ်သတ်များကို ထိုးကြိတ်ကန်ကြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကာ ဆိုင်ကို ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့သည်။

    ထို့ပြင် ၎င်းတို့မှာ အဖျက်လုပ်ရပ်များ လုပ်ရန်အတွက်လည်း အနီးအနားရှိ လမ်းများသို့ သွားရောက်ခဲ့သည်။ ထိုအဖြစ်အပျက်အတွက် ရဲတပ်ဖွဲ့မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လက တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီး ကျူးလွန်သူများဖြစ်သော ဟယ်ရီချိုင်းလ်ဒ်၊ ဂျက်ဟက်ချင်၊ ဒီယန် ဖိုးမန်းနှင့် ဘရက်ဒလေ ပက်တို့အား ယမန်နေ့ နေ့လည်ပိုင်းက ထောင်ဒဏ် ၈ လမှ တစ်နှစ်အထိ အသီးသီးချမှတ်ခဲ့သည်။ ထို့ပြင် ၎င်းတို့လေးဦးအား ၆ နှစ်အထိ ဘောလုံးကွင်းသို့ ၀င်ရောက်ခြင်းမပြုရန် အမိန့်ချခဲ့သည်။

    ကျူပီအာရ်အသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မိမိတို့အသင်း၏ ပရိတ်သတ်အများစုမှာ ကောင်းမွန်သည့် ကိုယ်စားလှယ်များ ဖြစ်ကြပြီး၊ မေတ္တာကြီးမားသည့် အားပေးသူများ ဖြစ်ကြကြောင်း၊ သို့သော်လည်း ဘောလုံးကွင်းအတွင်း သို့မဟုတ် ၀န်းကျင်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွက် မိမိတို့က လုံးဝ သည်းခံသွားမည်မဟုတ်ကြောင်း၊ အဖြစ်နည်းသော ထိုအဖြစ်အပျက်များအတွက် မိမိတို့မှာ ရဲတပ်ဖွဲ့နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Dailymail

  • တောင်ကိုရီးယား အမေရိကန်သံအမတ်အား မြောက်ကိုရီးယား ခြိမ်းခြောက်

    တောင်ကိုရီးယား အမေရိကန်သံအမတ်အား မြောက်ကိုရီးယား ခြိမ်းခြောက်

    ဧပြီ ၁၈၊ ၂၀၁၅
    M-Media

    lippert

    – ပြီးခဲ့သည့်မတ်လက ဓားဖြင့်တိုက်ခိုက်ခံရခြင်းထက် ပို၍ ကြီးမားသည့် ကံဆိုးမှုကို ထပ်၍ ရင်ဆိုင်ရနိုင်သည်ဟု မြောက်ကိုရီးယားက တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ်အား သတိပေးပြောကြားလိုက်သည်။

    မြောက်ကိုရီးယား၏ ကိုးရီးယား ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မတီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ် မာ့က် လစ်ပါ့တ်က မြောက်ကိုရီးယား၏ လူ့အခွင့်အရေးမှတ်တမ်း ဆိုးရွားမှုနှင့် နျူးကလီးယား ကိစ္စများအကြောင်း မကြာသေးမီက ပြောကြားမှုအတွက် ဒေါသတကြီးဖြင့် မြောက်ကိုရီးယားက ပြန်လည်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

    ဗုဒ္ဓဟူးနေ့က လစ်ပါ့တ်မှာ မြောက်ကိုရီးယားအနေဖြင့် လူ့ခွင့်အရေးလေးစားမှုကို တိုးမြှင့်ပြီး နျူးကလီးယား အစီအစဉ်ကို ရပ်တန့်မှသာ အမေရိကန်၊ ကမ္ဘာကြီးနှင့် ဆက်ဆံရေး တိုးတက်နိုင်မည်ဟု ပြောကြားခဲ့သည်။

    “လစ်ပါ့တ်ဟာ အမှန်တရားကိုပုံဖျက်ပြီး ရောက်တက်ရာရာ လုပ်ကြံပြောဆိုမှုကို မဆင်မခြင်ပြုလုပ်တတ်တဲ့၊ ကျွန်တော်တို့ကို ပြဿနာရှာပြီး စစ်ပွဲဖြစ်အောင် လှုံ့ဆော်တတ်တဲ့ သူ့ရဲ့အကျင့်ဆိုးကို ပြင်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် နောက်တစ်ကြိမ်မှာ တောင်ကိုရီးယားနိုင်ငံသားက မျက်နှာကို ဓားနဲ့လှီးတာထက် ပိုပြီး ကံဆိုးမှုကို ကြုံတွေ့ရပါလိမ့်မယ်” ဟု မြောက်ကိုရီးယား ကော်မတီက ပြောကြားခဲ့သည်။

    ကိုးရီးယားနှစ်နိုင်ငံမှာ ၁၉၅၃ ခုနှစ်တွင် ငြိမ်းချမ်းရေး စာချုပ်အစား စစ်ရပ်ဆိုင်းရေး စာချုပ်သာ ချုပ်ဆိုထားခြင်းကြောင့် စည်းကမ်းများအရ စစ်ဖြစ်ပွားသည့်အခြေအနေတွင် ရှိနေသေးသည်။ မြောက်ကိုရီးယားက အမေရိကန်မှာ ဒေသအတွင်း ပဋိပက္ခများထပ်ဖြစ်လာအောင် ခြိမ်းခြောက်နေသည်ဟု မကြာခဏ စွပ်စွဲပြောဆိုလေ့ရှိသည်။ မကြာသေးမီက ဆိုနီကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားက ကြိုးကိုင်ဆောင်ရွက်သည်ဟုဆိုကာ အမေရိကန်ကလည်း စွပ်စွဲခဲ့သည်။

    “ဒါဟာ သည်းမခံလောက်တဲ့ စော်ကားမှုဖြစ်ပြီး ကျွန်တော်တို့ကို ပျက်ရယ်ပြုတာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဟာသမြောက်တဲ့ မျက်နှာပြောင်တိုက်တဲ့ ကိစ္စမျိုးဖြစ်ပြီး လစ်လျူရှုလို့ မရပါဘူး” ဟု မြောက်ကိုရီးယားက ထပ်လောင်း ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရကမူ မြောက်ကိုရီးယား၏ ဆိုပါ ကြေညာချက်မှာ အာဏာရှင်၏ သဘောသဘာဝနှင့် ၀သီအတိုင်း ပြောဆိုမှုသာဖြစ်သည်ဟု မှတ်ယူကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

    Ref: RT

  • ပရီးမီးယားလိဂ်ဗိုလ်စွဲမှုမှာ ဖြစ်နိုင်သော်လည်း ယုတ္တိမတန်ဟု ဗန်ဂါလ်းပြော

    ပရီးမီးယားလိဂ်ဗိုလ်စွဲမှုမှာ ဖြစ်နိုင်သော်လည်း ယုတ္တိမတန်ဟု ဗန်ဂါလ်းပြော

    ဧပြီ ၁၈၊ ၂၀၁၅
    M-Media

    vangal

    – ချယ်ဆီးအား ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးမှုမှာ ဖြစ်နိုင်သော်လည်း ထိုအကြောင်းအရင်းက ကြောင်းကျိုးဆီလျော်မှုမရှိဟု မန်ချက်တာယူနိုက်တက် နည်းပြဖြစ်သူ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ဇယားထိပ်ဆုံးမှ ချယ်ဆီးမှာ တတိယနေရာမှ မန်ယူကို တစ်ပွဲလျော့ဖြင့် ၈ မှတ်ဖြတ်ထားပြီး ယနေ့တွင် စတမ်းဖို့ဘရစ်ခ်ျ၌ မန်ယူအား ဧည့်ခံကစားရမည်ဖြစ်သည်။ နောက်ပိုင်းပွဲများတွင် ချယ်ဆီးမှာ ခြေစွမ်းကျနေပြီး၊ လတ်တလော ခြေစွမ်းကောင်းနေသည့် မန်ယူအတွက် အမှတ်ကွာဟမှု လျော့ချနိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။

    ဗန်ဂါလ်းက ၎င်း၏ ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ရရှိရန် မျှော်လင့်မထားပေ။ သို့သော်လည်း ၎င်းအနေဖြင့် လက်ကျန် ၇ ပွဲတွင် ချယ်ဆီးအား အပြည့်အ၀ ဖိအားပေးသွားမည်ဟု သန္ဓိဌာန် ချမှတ်ထားသည်။

    “(အမှတ်ပေးပွဲမှာ ဗိုလ်စွဲဖို့ဆိုတာ) ကြောင်းကျိုးဆီလျော်မှု မရှိပါဘူး။ ဒါပေမယ့် ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါဟာ မရေရာ မသေချာမှုတွေထက် ပိုပါတယ်။ မရေရာ မသေချာမှုတွေကို ကျွန်တော် မယုံကြည်ပါဘူး။ ကျွန်တော်က တကယ့်အချက်အလက်တွေကိုပဲ ယုံပါတယ်။ ကျွန်တော်တို့ ချယ်ဆီးရဲ့နောက်မှာဖြစ်ပေမယ့် သူတို့နဲ ကစားရမယ်။ အာဆင်နယ်လည်း သူတို့နဲ့ ကစားရအုံးမယ်။ ဒါ့ကြောင့် ချယ်ဆီး ကစားသမားတွေအပေါ် ဖိအားတွေ တင်ထားနိုင်ပါတယ်။ ဒါဆိုရင် ဘာဖြစ်မလဲဆိုတာ ခင်ဗျားတို့ မသိနိုင်တော့ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲစလုံး ဆက်တိုက်အနိုင်ရထားသည့် မန်ယူမှာ နောက်ခံလူ ဒဏ်ရာပြဿနာများဖြင့် ချယ်ဆီးအသင်းအား ရင်ဆိုင်ရမည်ဖြစ်ပြီး ဗန်ဂါလ်းကမူ ချယ်ဆီးမှာ သရေဖြင့် ကျေနပ်မည်ဟု ထင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။