News @ M-Media

Blog

  • ပြည်တွင်းရှုံးထွက်ဖလား ဟက်ထရစ်လိုချင်နေတဲ့ အလွန်ဆို

    ပြည်တွင်းရှုံးထွက်ဖလား ဟက်ထရစ်လိုချင်နေတဲ့ အလွန်ဆို

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    xabialonso-cropped_1yo0kybpvhcs1qx21pbidnlyy

    – မိမိရရှိခဲ့သည့် ဆုတံဆိပ်များတွင် ဂျာမနီ၏ ရှုံးထွက်ဖလား ဆုတံဆိပ်ကို ထပ်မံထည့်သွင်းရန် မျှော်လင့်နေသည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ အားထားရသည့် ကွင်းလယ်သူ ဇာဗီအလွန်ဆိုက ပြောကြားလိုက်သည်။

    အလွန်ဆိုမှာ ၂၀၀၆ ခုနှစ်က လီဗာပူးလ်အသင်းနှင့် FA ဖလား ရရှိခဲ့ဖူးပြီး ရီးယဲလ်တွင်ကစားစဉ် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များ၌ စပိန်ဘုရင့်ဖလား ၂ ကြိမ် ရရှိဖူးသည်။ လက်ရှိအချိန်တွင် ဘိုင်ယန်မှာ ဂျာမန်ရှုံးထွက်ဖလားဖြစ်သည့် DFB- Pokal ဖလား ကွာတားဖိုင်နယ် ရောက်နေပြီး လေဗာကူဆင်နှင့် ကစားရမည်ဖြစ်သည်။ အလွန်ဆိုကမူ မတူညီသော နိုင်ငံသုံးနိုင်ငံမှ ရှုံးထွက်ဖလား ဟက်ထရစ်ရရှိရန် ရည်ရွယ်နေသည်။

    “(ပြည်တွင်း ရှုံးထွက်ဖလားကို) ကျွန်တော် အင်္ဂလန်နဲ့ စပိန်တို့မှာ ရခဲ့ဖူးပါတယ်။ ဒီမှာလည်း ကျွန်တော် ရချင်ပါတယ်။ လေဗာကူဆင်ဟာ အနိုင်ရဖို့ ခက်တဲ့အသင်းပါ။ သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အမြဲတမ်း တိုက်စစ်ဆင်တတ်တဲ့ အသင်းပါ။ ကျွန်တော်တို့ ထိပ်တန်း စွမ်းဆောင်မှု လိုအပ်ပါတယ်။ ဖောင်ဖျက်ကစားရမှာပါပဲ” ဟု အလွန်ဆိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    တိုက်စစ်မှူး မူလာကမူ လေဗာကူဆင်မှာ မိမိတို့အသင်း အခက်တွေ့အောင် အဆုံးစွန်ဆုံး ဆောင်ရွက်သွားလိမ့်မည်ဟု သတိပေးခဲ့သည်။ သို့သော်လည်း မိမိတို့၏ လက်ရှိ မာကျောသည့် ခံစစ်ကစားပုံ အဆုံးသတ်ရန် အသင်းဖော်များအား စိန်ခေါ်ခဲ့သည်။

    “လေဗာကူဆင်ဟာ တော်တော်ကောင်းတဲ့အသင်းပါ။ ပြီးတော့ သူတို့ဟာ စတိုင်ကျကျ ကစားတတ်ပါတယ်။ အဲဒီကစားပုံမျိုးဟာ သူတို့ရဲ့ ပြိုင်ဘက်ကို သက်တောင့်သက်သာ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါဟာ ရှုံးထွက်ဖလားပါ။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအဆင့်ကိုဖြတ်သန်းဖို့ ကျွန်တော်တို့ဟာ ထိပ်တန်းစွမ်းဆောင်ရည်ရှိဖို့ လိုပါတယ်” ဟု မူလာက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • အစ္စရေးအား အီရန်က အသိအမှတ်ပြုရေး နျူသဘောတူညီချက်တွင် မပါဟု အိုဘားမား ပြော

    အစ္စရေးအား အီရန်က အသိအမှတ်ပြုရေး နျူသဘောတူညီချက်တွင် မပါဟု အိုဘားမား ပြော

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    2b87e329789c49569ca1796ceb89df9b_18

    – အခြေတည်စ အီရန်နျူကလီးယား သဘောတူညီချက်တွင် အီရန်က အစ္စရေးအား အသိအမှတ်ပြုပေးရမည်ဟု တောင်းဆိုခြင်းမှာ အခြေခံ အယူအဆအမှား ဖြစ်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူအရေး မူဘောင်သဘောတူညီချက် ရရှိခဲ့ပြီဟု ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေးက၀န်ကြီးချုပ် နေတန်ယာဟုက မကျေမနပ်ဖြစ်ခဲ့ကာ နျူအရေး နောက်ဆုံးသဘောတူညီချက်တွင် အီရန်အနေဖြင့် အစ္စရေးအား အသိအမှတ်ပြုပါသည်ဆိုသော ၀န်ခံချက်ကို ထည့်သွင်းပေးရမည်ဟု ပြီးခဲ့သည့် သောကြာနေ့က တောင်းဆိုခဲ့သည်။

    သို့သော်လည်း သမ္မတအိုဘားမားက အမေရိကန် ရေဒီယို NPR နှင့် ယမန်နေ့ အင်တာဗျူးတွင် ထိုတောင်းဆိုမှုအား ပယ်ချလိုက်ပြီး အစ္စရေးကို အသိအမှတ်ပြုရန် အီရန်အား တောင်းဆိုခြင်းမှာ သဘောတူညီချက်၏ အတိုင်းအတာထက် ကျော်လွန်နေသည်ဟု ဆိုသည်။

    “အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမရှိဖို့ဆိုတဲ့ အတည်ပြုနိုင်နဲ့ သဘောတူညီချက်မှာ အစ္စရေးကို အသိအမှတ်ပြုဖို့ ချွင်းချက်ထားရမယ်ဆိုတဲ့ အယူအဆဟာ အီရန်အစိုးရဲ့ သဘောထား လုံးဝပြောင်းလဲမှုမရှိဘူဆိုရင် သဘောတူညီချက်ကို ကျွန်တော်တို့ လက်မှတ်ထိုးမှာမဟုတ်ဘူးဆိုတဲ့ သဘောသဘာဝမျိုး ဖြစ်နေပါတယ်။ ဒါမျိုးဟာ အခြေခံ အယူအဆ အမှားပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် အိုဘားမားက ကမ္ဘာ့အင်အားကြီးနိုင်ငံများက အီရန်အား နျူကလီးယားလက်နက် မရရှိစေချင်သည့် အကြောင်းအရင်းကိုလည်း ဖွင့်ဟခဲ့သည်။

    “ကျွန်တော် ဒီအချက်ကို ပြောချင်ပါတယ်။ အီရန်အစိုးရရဲ့ သဘောထား ပြောင်းလဲမယ်လို့ သဘောမထားနိုင်တဲ့အတွက် ကျွန်တော်တို့ အီရန်ကို နျူကလီးယားလက်နက်တွေ မရစေချင်တာပါ။ ဒါဟာ ဘာ့ကြောင့် ကျွန်တော်တို့ နျူကလီးယားလက်နက် မရစချေင်လဲဆိုတဲ့ တိကျတဲ့အချက်ပါပဲ။ တကယ်လို့ အီရန်ဟာ ဂျာမနီ ဒါမှမဟုတ် ဆွီဒင်၊ ဒါမှမဟုတ် ပြင်သစ်တို့လို ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ သူတို့ရဲ့ နျူးကလီးယား အခြေခံအဆောက်အဦးအတွက် တခြားပြောစရာစကားတွေ ရှိလာမှာပါ” ဟု အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ချက်ပဲဟေးလ် မွတ်စလင် ၃ ဦးအား သတ်ဖြတ်သည့် တရားခံ သေဒဏ်ကျခံရနိုင်ဟု တရားသူကြီးပြော

    ချက်ပဲဟေးလ် မွတ်စလင် ၃ ဦးအား သတ်ဖြတ်သည့် တရားခံ သေဒဏ်ကျခံရနိုင်ဟု တရားသူကြီးပြော

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    7998916412834b969ae0f54d23213230_18

    – မြောက်ကယ်ရိုလိုင်းနားရှိ ချက်ပဲလ်ဟေးလ်မြို့တွင် မွတ်စလင်လူငယ် ၃ ဦးအား သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ခရေ့ဂ်ျဟစ်က်မှာ သေဒဏ်ချမှတ်ခြင်း ခံရနိုင်သည်ဟု တရားသူကြီးက ပြောကြားလိုက်သည်။

    ယမန်နေ့က ကြားနာမှုအတွင်း ပြောကြားလိုက်ခြင်းဖြစ်ပြီး ဟစ်က်၏ အမှုမှာ သေဒဏ်အပြစ်ပေးမှု မြောက်နေသည်ဟု တရားသူကြီး အော်လန်ဒို ဟဒ်န် ဂျေအာရ်က ဆိုသည်။ တရားလိုရှေ့နေများကမူ သေဆုံးသွားသူများ၏ သွေးစများ ဟစ်က်၏ ဘောင်းဘီ၌ တွေ့ရှိရခြင်း အပါအ၀င် ခိုင်မာသော အထောက်အထား ရှိထားကြောင်း တရားသူကြီးအား ပြောကြားခဲ့သည်။

    အသက် ၄၆ နှစ်အရွယ်ရှိ ဟစ်ကစ်မှာ အသက် ၂၁ နှစ်အရွယ် ယူဆိုးရ်မိုဟာမက်၊ ယူဆိုးရ်၏ ခင်ပွန်း အသက် ၂၃ နှစ်အရွယ် ဒီယာ ရှက်ဒီဘရကသ်နှင့် သူမ၏ ညီမ အသက် ၁၉ နှစ်အရွယ် ရာဇန်မိုဟာမက် အဘူ ဆလ်ဟာတို့ အသတ်ခံရမှုဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများအနီးတွင် တွေ့ရသည့် ကျည်ခွံ ၈ ခုမှာ ဟစ်က်ပိုင်ဆိုင်သော ပစ္စတိုမှ ကျည်နှင့် ကိုက်ညီနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါ သေနတ်ပစ်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ ကားပါကင်ပြဿနာကြောင့် ဖြစ်သည်ဟု ဆိုပြီး ကွယ်လွန်သွားသူများ၏ မိသားစုများကမူ အမုန်းတရားကြောင့် ဖြစ်သည်ဟု ယုံကြည်နေသည်။

    ဟစ်က်အသုံးပြုသည်ဟု ယုံကြည်ရသော Facebook ပေ့ခ်ျတွင် ဘာသာရေးဆိုင်ရာ စော်ကားသည့် ပို့စ်အများအပြား မျှဝေထားသည်ကို တွေ့ရှိခဲ့ရပြီး အမေရိကန် တရားရေးဌာနမှ သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ၎င်း၏ လူ့အခွင့်အရေး ဌာနခွဲမှာ အခြားသော ဥပဒေရေးရာ အဖွဲ့များနှင့် ပူးပေါင်းကာ ထိုပစ်ခတ်မှုက အမုန်းတရားဆိုင်ရာ ဥပဒေများ အပါအ၀င် ဖက်ဒရယ်ဥပဒေများအား ချိုးဖောက်ခြင်း ရှိမရှိကို ဆုံးဖြတ်ရန် ကနီဦးစုံစမ်းစစ်ဆေးမှုများကို ပြိုင်တူ ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။

    Ref: CNN

  • မုဟမ္မဒ်သခင်လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ်အပိုင်းအစကို ဘာလင်တွင် ထိန်သိမ်းထား

    မုဟမ္မဒ်သခင်လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ်အပိုင်းအစကို ဘာလင်တွင် ထိန်သိမ်းထား

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    5-4-15_Quran-Prophet-Era

    – သိပ္ပံနည်းကျ စမ်းသပ်မှုများအရ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) လက်ထက်က ရေးသားခဲ့သည်ဟု သိရှိရသော ကုရ်အာန်ကျမ်းတော်မြတ် အစိတ်ပိုင်းတစ်ခုကို ဘာလင်မြို့ရှိ ပြည်နယ်စာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိသည်ဟု သိရသည်။

    စောစောပိုင်း အစ္စလာမ့်ခေတ်ကာလမှ တွေရခဲသော အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ် အစိတ်အပိုင်းမှာ ၇ မျက်နှာရှိပြီး သားရေပေါ်တွင် ရေးသားထားခြင်း ဖြစ်သည်။ ဇူးရခ်ျမြို့ရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများအရ အေဒီ ၆၀၆ နှင့် ၆၅၂ အကြား ရေးသားထားခြင်းဖြစ်သည်ဟု တွေ့ရှိခဲ့ရသည်။

    ပြည်နယ်စာကြည့်တိုက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဥရောရှိ ကုရ်အာန်ကျမ်းတော်မြတ် မိတ္တူများကို စမ်းသပ်စစ်ဆေးသော စီမံကိန်း “Corpus Coranicusm” ၏ အစိတ်အပိုင်းအဖြစ် အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ် အစိတ်အပိုင်းကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း Maerkischer Allgemeine Zeitung သတင်းစာက ဖော်ပြခဲ့သည်။

    ထို ကုရ်အာကျမ်းတော်မြတ် အစိတ်အပိုင်းကို ဘာလင်ပြည်နယ်စာကြည့်တိုက်တွင် သိမ်းဆည်းထားသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပြီး အီဂျစ်သိပ္ပံပညာရှင်တစ်ဦး၏ အမွေအနှစ်များထဲမှ တစ်ခုဖြစ်ကာ ၁၉ ရာစုအဆုံးပိုင်း၊ သို့မဟုတ် ၂၀ ရာစုအစပိုင်းတွင် ဂျာမနီသို့ ယူဆောင်လာသည့် ယူဆရသည်။

    ကုရ်အာန်ကျမ်းတော်မြတ်မှာ ဘုရားသခင်ထံက တမန်တော်မုဟမ္မဒ်ထံ ကောင်ကင်တမန်ကြီး ဂျီဘရာအီလ်မှ တဆင့် အချိန်အပိုင်းအခြားအလိုက် ချပေးခြင်းခံရသည့် ကျမ်းဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင်များက ယုံကြည်ကြသည်။

    ကုရ်အာန်ကျမ်းတော်မြတ်၏ မူရင်းမှာ အာရဘီစာပေဖြင့်ဖြစ်ပြီး လက်ရှိအချိန်တွင် ဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ဆိုပြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ကျော်က ကျရောက်ခဲ့ပြီးဖြစ်သည့် ကုရ်အာန်ကျမ်းတော်မြတ်မှာ ယခုအချိန်အထိ ဗျည်းတစ်လုံး၊ သရတစ်လုံးမှ ပြောင်းလဲခြင်းမရှိဘဲ မူရင်းအတိုင်း တည်ရှိနေသည်။

    Ref: Onislam

  • ဘူဟာရီ၊ ဂျိုနသန်နှင့် နိုက်ဂျီးရီးယား၏ သမိုင်းဝင်ရွေးကောက်ပွဲ

    ဘူဟာရီ၊ ဂျိုနသန်နှင့် နိုက်ဂျီးရီးယား၏ သမိုင်းဝင်ရွေးကောက်ပွဲ

    ဧပြီ ၇ ၊ ၂၀၁၅
    M-Media
    Centenary-3a-1024x680
    – ပြီးခဲ့တစ်ပတ် နိုက်ဂျီးရီးယား သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း မိုဟာမက်ဒူ ဘူဟာရီဟာ ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းကို ပြောကြားခဲ့ပြီး အဲဒီအထဲမှာ နိုက်ဂျီးရီးယားပြည်သူတွေ စုပေါင်းဆန္ဒရဲ့ အင်အားကို ဘိုကိုဟရမ်အဖွဲ့က မကြာခင် သိလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    ရွေးကောက်ပွဲရလဒ်တွေကိုတော့ အင်္ဂါနေ့က ကြေညာခဲ့တာဖြစ်ပြီး အသက် ၇၂ နှစ်အရွယ် ဘူဟာရီက သမ္မတ ဂွဒ်လက် ဂျိုနသန်ကို အနိုင်ရရှိခဲ့ပါတယ်။ အဲဒီအနိုင်ရလဒ်ဟာ “နိုက်ဂျီးရီးယားရဲ့ ဒီမိုကရေစီ ရင့်ကျက်လာမှု သက်သေဖြစ်တယ်” လို့ ကုလသမဂ္ဂက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

    မြို့တော်အဘူဂျာမှာ ဗုဒ္ဓဟူးနေ့က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ဘူဟာရီက သူရဲ့အစိုးရဟာ ဘိုကိုဟရမ်အဖွဲ့ကို မီးကုန်ယမ်းကုန် ခြေမှုန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီနိုင်ငံမှာ အကြမ်းဖက်မှုကို မောင်းထုတ်ဖို့နဲ့ ငြိမ်းချမ်းကို ပြန်လည်ယူဆောင်လာဖို့ဆိုတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ စုပေါင်းဆန္ဒနဲ့၊ ယုံကြည်ချက်ရဲ့ စွမ်းအားကို ဘိုကိုဟရမ်က မကြာခင်သိလာပါလိမ့်မယ်။  ကျွန်တော်တို့ သက်ညှာသွားမှာ မဟုတ်ပါဘူး။ သူပုန်ထမှုကို တွန်းလှန်တဲ့နေရာမှာ ခက်ခဲပြီး ချက်ခြင်းလုပ်ရမယ့်အလုပ်တွေ ရှိနေပါတယ်” လို့ ဘူဟာရီက ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

    နောက်ပြီး သူ့ရဲ့အုပ်ချုပ်မှုမှာ ချစားမှုကို သည်းခံမှာမဟုတ်ဘူးလို့လည် ဆိုပါတယ်။ ချစားမှုပြဿနာဟာ သမ္မတဟောင်း ဂျိုနသန်လက်ထက်မှာ တော်တော်လေးဝေဖန်ခံနေရတဲ့ ပြဿနာပါ။

    ဘူဟာရီကတော့ ဂျွန်နသန်ဟာ နိုက်ဂျီးရီးယားနိုင်ငံသားကောင်းတစ်ယောက်ဖြစ်ပြီး၊ ဂျိုနသန်အနေနဲ့ မိမိကိုလည်း ဘာမှ ကြောက်စရာမလိုဘူးလို့ ပြောခဲ့ပါတယ်။

    “ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ကျွန်တော်တို့တိုင်းပြည်မှာ တည်ဆောက်သွားမှာပါ။ အတိတ်ကို အထူးသဖြင့် မကြာသေးခင်က အတိတ်ကို အနောက်မှာ ထားခဲ့ကြပါစို့။ ကျွန်တော်တို့ရဲ့ တိုက်ပွဲဟောင်းတွေ၊ အတိတ်က နာကျည်းချက်တွေကို မေ့ကိုမေ့ပစ်ရမှာဖြစ်ပြီး ရှေ့ကို ခိုင်မာအောင် ကြိုးစားသွားရမှာပါ”

    ရွေးကောက်ပွဲ အောင်မြင်မှုကိုကြည့်မယ်ဆိုရင် ဘူဟာရီဟာ ထောက်ခံမဲအရေအတွက် ၁၅.၄ သန်းကို ရရှိခဲ့ပြီး ဒီအရေအတွက်ဟာ ဂျိုနသန်ရခဲ့တဲ့ ထောက်ခံမဲအရေအတွက် ၁၃.၃ သန်းရဲ့ စိန်ခေါ်မှုကို တားဆီးဖို့ လုံလောက်ခဲ့ပါတယ်။

    မကြုံစဖူး ခြေလှမ်းအနေနဲ့ သမ္မတဟောင်းဂျိုနသန်ကလည်း အင်္ဂါနေ့မှာ အရှုံးကို တရားဝင်လက်ခံခဲ့ပြီး မဲရလဒ်ကို လက်ခံဖို့အတွက် သူ့ရဲ့ နောက်လိုက်တွေကို တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ခဲ့ပါတယ်။ ဒါဟာ အာဖရိက လူဦးရေအများဆုံး နိုက်ဂျီးရီးယားမှာ လူအနည်းစုကသာ မျှော်လင့်ထားတဲ့ ဒီမိုကရေစီနက်ရှိုင်းမှုရဲ့ ပြယုဂ်ပါပဲ။ ဂျိုနသန်ကတော့ တရားဝင်အာဏာလွှဲပြောင်းမယ့်နေ့ကို မေလ ၂၉ ရက်အဖြစ် သတ်မှတ်လိုက်ပါတယ်။

    “ဘယ်သူ့ရဲ့ရည်မှန်းချက်မှ နိုက်ဂျီးရီးယားက ပြည်တစ်ယောက်ရဲ့ သွေးလောက် တန်ဖိုးမရှိပါဘူး” လို့ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ထုန်ပြန်တဲ့ကြေညာချက်မှာ ဂျိုနသန်က ရေးသားဖော်ပြခဲ့ပါတယ်။

    ဂျိုနသန်ရဲ့ ပြည်သူ့ဒီမိုကရက်တစ်ပါတီ PDP ဟာ ၁၉၉၉ ခုနှစ် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်သွားပြီးတဲ့အချိန်ကစလို့ တောက်လျှောက် နိုင်ငံကို အုပ်ချုပ်လာခဲ့တာပါ။ ဒါပေမယ့် ရေနံကဏ္ဍမှာ ချစားမှုပြဿနာ၊ နိုင်ငံအရှေ့မြောက်ပိုင်းက ဘိုကိုဟရမ်အဖွဲ့ရဲ့ သောင်းကျန်းမှုပြဿနာတွေကြောင့် ထောက်ခံမှု ဆုံးရှုံးလာခဲ့တာ ဖြစ်ပါတယ်။

    မကြုံစဖူး အောင်မြင်မှု
    ———————
    ယခင်စစ်ဘက်အကြီးအကဲဟောင်း ဘူဟာရီဟာ ရွေးကောက်ပွဲကတစ်ဆင့် လက်ရှိသမ္မတကို ဖြုတ်ချနိုင်တဲ့ ပထမဆုံး နိုက်ဂျီးရီးယားခေါင်းဆောင် ဖြစ်လာပါတယ်။

    ပြီးတော့ သူ့ရဲ့အောင်မြင်မှုဟာ နိုက်ဂျီးရီးယားသမိုင်းမှာ အာဏာရပါတီလက်ထဲကနေ အတိုက်အခံပါတီက ဒီမိုကရေစီနည်းကျကျနဲ့ နိုင်ငံကို ပထမဆုံး ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    ဂျိုနသန်ဟာ ဘူဟာရီကို ချီးကျူးခဲ့တာနဲ့ ရွေးကောက်ပွဲရလဒ် ကြေညာပြီးခဲ့တဲ့နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်မလာခဲ့တာက အံ့သြစရာဖြစ်တယ်လို့ အလ်ဂျာဇီးရား သတင်းထောက် ဟာရူ မူတာဆာက လာဂို့စ်ကနေ သတင်းပေးပို့ပါတယ်။

    ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ဘူဟာရီက ဂျိုနသန်ကို ဖြုတ်ချပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဖြစ်လို့ လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

    “ဘူဟာရီနိုင်ကြောင်း ကြေညာမှုကို နိုင်ငံတစ်ဝှမ်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ လူအများစုဟာ စိတ်လှုပ်ရှားနေပြီး ဒါဟာ စတင်မှုအသစ်ဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊၊ ပြီးတော့ နိုင်ငံရှေ့ဆက်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်” လို့ မူတာဆာက ဆိုပါတယ်။

    ဘူဟာရီကိုထောက်ခံသူ ရာပေါင်းများစွာကတော့ အဘူဂျာမှာရှိတဲ့ ဘူဟာရီအိမ်ရှေ့မှာ စုံရုံးအောင်ပွဲခံခဲ့ကြပြီး ချစားမှုကို ရှင်းလင်းမယ်ဆိုတဲ့ အမှတ်အသားကို ဖော်ကျူးတဲ့အနေနဲ့ အချို့တွေက တံမြက်စည်းတွေကိုလည်း ကိုင်ထားကြပါတယ်။

    ပြီးတော့ ဒီရွေကောက်ပွဲဟာ လွတ်လပ်၊ မျှတပြီး၊ မသမာမှုတွေ မရှိခဲ့ဘူးလို့လည်း ဘူဟာရီကို ထောက်ခံသူတွေက ဆိုပြီး ခေတ်သစ်ကို ခရီးဦးကြိုပြုခဲ့ပြီလို့လည်း ပြောခဲ့ပါတယ်။

    “ကျွန်တော်တို့ လမ်းတွေ၊ လျှပ်စစ်တွေမလိုပါဘူး။ လူငယ်တွေက အလုပ်ရှာနေကြတာပါ။ လူတွေက အပြောင်းအလဲကို လိုချင်ကြပြီး အဲဒီအပြောင်းအလဲဟာ အခု လာပါပြီ” လို့ ဘူဟာရီကိုထောက်ခံသူတစ်ဦးက ပြောခဲ့ပါတယ်။

    အတိုက်အခံလိုလားတဲ့ ဒေသတွေက မဲတွေကို မရေတွက်ခင်မှာ ဂျိုနသန်ကို ထောက်ခံတဲ့ မဲအရေအတွက်ဟာ ၅ သိန်းလောက်ရှိနေတာပါ။

    အင်္ဂါနေ့မှာ မဲရေတွက်မှုကို ဆက်မလုပ်ခင်မှာ ဂျိုနသန်ရဲ့ PDP ပါတီက အကျဉ်းရုံးဆန္ဒပြမှုတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

    ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ အတ္တာဟီရူ ဂျီဂါက ရလဒ်ကို ကြေညာပြီးနောက်ပိုင်းမှာ “စွပ်စွဲချက်တွေဟာ (အတိုက်အခံလိုလားတဲ့) ရစ်ဗားပြည်နယ်မှာ ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ပြန်လည်ကျင်းပဖို့အတွက် ခိုင်ခိုင်လုံလုံဖြစ်နေတယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ ရလဒ်တွေကို အတည်ယူသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

    ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပစ္စည်းပစ္စယာတွေ ပို့ဆောင်ဖို့ နှောင့်နှေးတာ၊ မဲပေးသူတွေ မှန်ကန်မှုရှိမရှိ ဆန်းစစ်တဲ့ ပစ္စည်းကိရိယာတွေရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းတာတွေကလွဲလို့ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကတော့ နိုက်ဂျီးရီးယားရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြပါတယ်။

    နိုင်ငံတစ်ဝှမ်းမှာ စောင့်ကြည့်လေ့လာသူတွေထားခဲ့တဲ့ နိုက်ဂျီးရီးယား အကူးအပြောင်းစောင့်ကြည့်ရေးအဖွဲ့ကတော့ ဒီလို အခက်အခဲတွေက ရွေးကောက်ပွဲဝင်တဲ့သူတွေ၊ ပါတီတွေကို နစ်နာစေခဲ့တာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ref: aljazeera
    မိုးဝေ ဘာသာပြန်သည်။