News @ M-Media

အစ္စရေးအား အီရန်က အသိအမှတ်ပြုရေး နျူသဘောတူညီချက်တွင် မပါဟု အိုဘားမား ပြော

ဧပြီ ၇၊ ၂၀၁၅
M-Media

2b87e329789c49569ca1796ceb89df9b_18

– အခြေတည်စ အီရန်နျူကလီးယား သဘောတူညီချက်တွင် အီရန်က အစ္စရေးအား အသိအမှတ်ပြုပေးရမည်ဟု တောင်းဆိုခြင်းမှာ အခြေခံ အယူအဆအမှား ဖြစ်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူအရေး မူဘောင်သဘောတူညီချက် ရရှိခဲ့ပြီဟု ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေးက၀န်ကြီးချုပ် နေတန်ယာဟုက မကျေမနပ်ဖြစ်ခဲ့ကာ နျူအရေး နောက်ဆုံးသဘောတူညီချက်တွင် အီရန်အနေဖြင့် အစ္စရေးအား အသိအမှတ်ပြုပါသည်ဆိုသော ၀န်ခံချက်ကို ထည့်သွင်းပေးရမည်ဟု ပြီးခဲ့သည့် သောကြာနေ့က တောင်းဆိုခဲ့သည်။

သို့သော်လည်း သမ္မတအိုဘားမားက အမေရိကန် ရေဒီယို NPR နှင့် ယမန်နေ့ အင်တာဗျူးတွင် ထိုတောင်းဆိုမှုအား ပယ်ချလိုက်ပြီး အစ္စရေးကို အသိအမှတ်ပြုရန် အီရန်အား တောင်းဆိုခြင်းမှာ သဘောတူညီချက်၏ အတိုင်းအတာထက် ကျော်လွန်နေသည်ဟု ဆိုသည်။

“အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမရှိဖို့ဆိုတဲ့ အတည်ပြုနိုင်နဲ့ သဘောတူညီချက်မှာ အစ္စရေးကို အသိအမှတ်ပြုဖို့ ချွင်းချက်ထားရမယ်ဆိုတဲ့ အယူအဆဟာ အီရန်အစိုးရဲ့ သဘောထား လုံးဝပြောင်းလဲမှုမရှိဘူဆိုရင် သဘောတူညီချက်ကို ကျွန်တော်တို့ လက်မှတ်ထိုးမှာမဟုတ်ဘူးဆိုတဲ့ သဘောသဘာဝမျိုး ဖြစ်နေပါတယ်။ ဒါမျိုးဟာ အခြေခံ အယူအဆ အမှားပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

ထို့ပြင် အိုဘားမားက ကမ္ဘာ့အင်အားကြီးနိုင်ငံများက အီရန်အား နျူကလီးယားလက်နက် မရရှိစေချင်သည့် အကြောင်းအရင်းကိုလည်း ဖွင့်ဟခဲ့သည်။

“ကျွန်တော် ဒီအချက်ကို ပြောချင်ပါတယ်။ အီရန်အစိုးရရဲ့ သဘောထား ပြောင်းလဲမယ်လို့ သဘောမထားနိုင်တဲ့အတွက် ကျွန်တော်တို့ အီရန်ကို နျူကလီးယားလက်နက်တွေ မရစေချင်တာပါ။ ဒါဟာ ဘာ့ကြောင့် ကျွန်တော်တို့ နျူကလီးယားလက်နက် မရစချေင်လဲဆိုတဲ့ တိကျတဲ့အချက်ပါပဲ။ တကယ်လို့ အီရန်ဟာ ဂျာမနီ ဒါမှမဟုတ် ဆွီဒင်၊ ဒါမှမဟုတ် ပြင်သစ်တို့လို ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ သူတို့ရဲ့ နျူးကလီးယား အခြေခံအဆောက်အဦးအတွက် တခြားပြောစရာစကားတွေ ရှိလာမှာပါ” ဟု အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply