News @ M-Media

Blog

  • ကနေဒါ သတင်းဌာန The Globe and Mail နှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး

    ကနေဒါ သတင်းဌာန The Globe and Mail နှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး

    ဧပြီ ၇ ၊ ၂၀၁၅
    M-Media
    suu-kyi03nw
    – ကြောက်စရာကောင်းသည့် စစ်အာဏာရှင်ကို အန်တုကာ ဘ၀တစ်ခုလုံးအား အန္တရာယ်ကြားထဲ မြှုပ်နှံခဲ့သည့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံထားလောက်သူ၊ သူမတည်ရှိနေခြင်းကိုက မိမိတို့အား ယုံကြည်မှုကို ပေးစွမ်းနိုင်သူ အဖြစ် နိုဘယ်ငြိမ်းချမ်းရေးကော်မတီ၏ ဥက္ကဌက ချီးကျူးဂုဏ်ပြုခြင်းခံရသူ၊ ဒေါ်အောင်ဆန်းစုကြည်အား “သံမဏိ သစ်ခွပန်း” ဟု ခေါ်သည်။

    သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှစ်ပေါင်းများစွာကတည်းက ပြောင်းလဲရန်ကြိုးစားနေသည့် တိုင်းပြည်ကြီးအား ဦးဆောင်သူ ဖြစ်လာနိုင်သော ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်နှစ်ကို ရင်ဆိုင်နေရသည်။ နိုင်ငံ၏ သိမြင်ပိုင်းခြားနိုင်စွမ်းရှိသော သူမ၏ ခန်းကဏ္ဍတို့ မှေးမှိန်စေခြင်းအားဖြင့် မွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရှုတ်ချရန် ဆန္ဒမရှိမှုကိုလည်း သူမက ဆက်လက်ထိန်းသိမ်းထားသည်။ ထိုသို့ ရှုတ်ချမှု မပြုခြင်းက ပြည်တွင်း၌ နိုင်ငံရေးအရ အန္တရာယ်ကင်းသည့် ရပ်တည်ချက် ဖြစ်သည်။

    “ကျွန်မဟာ အမြဲတမ်း နိုင်ငံရေးသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ဘယ်တုန်းကမှလည်း ကျွန်မဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနမူနာဖြစ်တယ် ဒါမှမဟုတ် အဲဒီလိုမျိုး မပြောခဲ့ပါဘူး” ဟု နေပြည်တော်တွင် ပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်ခဲ့သော အင်တာဗျူး၌ The Globe and Mail သို့ သူမက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းမခံရဘဲ ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် ညှင်းပန်းနှိပ်စက်ခြင်း အခံရဆုံးသော လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် ရိုဟင်ဂျာမွတ်စလင်များအပေါ် မြန်မာနိုင်ငံ၏ ဆက်ဆံမှုကို ထင်ထင်ရှားရှား ငြင်းဆန်မှုပြုရန် သူမက ဆန္ဒမရှိခြင်းအပေါ် မနှစ်မြို့မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

    အထူးသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် သူမအား စိတ်ပျက်မှုများ မြင့်တက်လာနေပြီး နိုဘယ်ဆုကိုပင် ပြန်ရုပ်သိမ်းရန် ဆော်သြလာကြသည်။ ရိုဟင်ဂျာများမှာ တိုင်းပြည်အတွင်း နှစ်မြို့မှုမရရှိပဲ ၎င်းတို့အား ဘင်္ဂါလီကျူးကျော်သူများဟု အထင်သေးအမြင်သေးဖြင့် သတ်မှတ်မှုများကြောင့် အချို့က သူမမှာ တွက်ချက်၍ရသော နိုင်ငံရေးအတွက် သူမ၏ ဖြောင့်မတ်မှုကို ရောင်းစားနေသည်ဟု စွပ်စွဲကြလေသည်။

    ရိုဟင်ဂျာ ၁၄၀၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဆိုးရွားသော ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြရသည်။ မြန်မာနိုင်ငံရှိ အဓိကလူများစုဖြစ်သော ဗုဒ္ဓဘာသာဝင် အနည်းငယ်မှာလည်း အိုးအိမ်များ ဆုံးရှုံးခဲ့သည်။

    ဒေါ်စုကြည်ကတော့ အလယ်မှပင်နေဖို့ ကြိုးစားသည်။ “လူအုပ်စု ၂ ခုအကြားမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေက လူနည်းစုပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေကလည်း ကမ္ဘာမှာ သူတို့ဟာ လူနည်းစုဖြစ်တယ်၊ ကမ္ဘာ့မွတ်စလင်ထုကြီးက ရခိုင်ဗုဒ္ဓဘာသာဝင်တွေကို ဆန့်ကျင်နေကြတယ်လို့ ခံစားနေရပါတယ်။ ဒါကတော့ ယူဆချက်တွေပေါ့လေ။ ဒါပေမယ့် ဒီလိုကိစ္စမျိုးမှာ ယူဆချက်တွေဟာ တကယ့်အချက်အလက်လောက်ကို သက်ရောက်မှုရှိပါတယ်” ဟု နေပြည်တော် လွှတ်တော်ရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီ၏ အစည်းအဝေးခန်းတွင် သူမက ပြောကြားခဲ့သည်။ သူမမှာ အဆိုပါ ကော်မတီ၏ ဥက္ကဌလည်းဖြစ်သည်။

    ထို့ပြင် နှစ်ဘက်လုံးအား ပြစ်တင်ရှုတ်ချခြင်းအားဖြင့် ရလဒ်ကောင်းထွက်လာမည် မဟုတ်ဟု ယုံကြည်သည်ဟုလည်း သူမက ဆိုသည်။

    အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အရေးပါသည့်ခုနှစ်ကို ကြုံတွေ့နေရပြီး တိုင်းပြည်ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုအတွက် ကုန်ဆုံးခဲ့သော သူမဘ၀၏ အရေးကြီးဆုံး ကာလလည်း ဖြစ်သည်။ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဒုတိယအကြိမ် အနိုင်ရရှိရေးအတွက် သူမက ဦးဆောင်နေသည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရမှုကို စစ်တပ်က ပယ်ဖျက်ခဲ့သည်။ အပြစ်အနာအဆာများစွာ ရှိခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင်မူ ပါဝင်ခဲ့ခြင်းမရှိ။ သို့သော်လည်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရာတွင်တော့ အမတ် ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ စစ်တပ်က နောက်ထပ် ကြားဝင်လာမှု မရှိပါက လာမည့်အောက်တိုဘာလကုန်ပိုင်း သို့မဟုတ် နိုဝင်ဘာလ အစောပိုင်းတွင် ပြုလုပ်ရန် မျှော်လင့် ထားသည့် ရွေးကောက်ပွဲများက သူမအနေဖြင့် တိုင်းပြည်အား ဦးဆောင်ရန် ပထမဆုံး အခွင့်အရေးပင် ဖြစ်နေသည်။

    နိုင်ငံ၏ အခြေခံဥပဒေအရ ဥပဒေပြု လွှတ်တော်အမတ်များက သမ္မကို ရွေးချယ်တင်မြှောက်ကြရသည်။ ခင်ပွန်းဖြစ်သူက ဗြိတိန်နိုင်ငံသားဖြစ်ပြီး သားဖြစ်သူများက ဗြိတိန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော ဒေါ်စုကြည်တစ်ယောက် သမ္မတနေရာကို ရရှိရန် အလားအလာမရှိ။ စစ်တပ်မှရေးသော အခြေခံဥပဒေတွင် နိုင်ငံရပ်ခြားသြဇာခံ အိမ်ထောင်ဘက်၊ သို့မဟုတ် သားသမီးများရှိသော မည်သူမဆို သမ္မတဖြစ်ခွင့်မရှိဟု တားမြစ်ထားသောကြောင့်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိုလည်း လွှတ်တော်၌ ပါဝင်ခွင့်ပေးထားပြီး ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ပိတ်ဆို့ရန် ၎င်းတို့ကို အသုံးချသည်။

    ဒေါ်စုကြည်ကတော့ သူမ၏ပါတီ မဲများများရခြင်းက စစ်တပ်ကို ရွေးချယ်စရာ နည်းသွားစေလိမ့်မည်ဟု ပြောကြားခဲ့သည်။

    “ပြောင်းလဲမှုတွေ ဆောင်ကျဉ်းလာဖို့ ပြည်သူလူထု အများစုက လုံလောက်တဲ့ စိတ်အားထက်သန်မှုရှိပြီဆိုရင် အပြောင်းအလဲဟာ ဖြစ်လာတော့မှာပါ။ စစ်တပ်အနေနဲ့ တိုင်းပြည်တစ်ခုလုံးရဲ့ အကျိုးကို ခြုံပြီး ကြည့်စေချင်ပါတယ်။ သူတို့လိုချင်တာ၊ ဘယ်အခြေအနေ ဖြစ်သင့်တယ်လို့ သူတို့ထင်တာကိုပဲ မကြည့်စေချင်ပါဘူး” ဟုဆိုပြီး စစ်တပ်မှာ ပြည်သူများ၏ သဘောထားအယူအဆအပေါ် သြဇာမသက်ရောက်နိုင်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

    “ပြည်သူတွေက ပြောင်းလဲချင်ရင် ပုံစံတွေလည်း ပြောင်းသွားမှာပါ”

    သို့သော်လည်း သူမ၏ သမ္မတဖြစ်ခွင့် တားဆီးခံရသောကြောင့် ပါတီအနေဖြင့် အခြားသူတစ်ဦးကို သမ္မတအဖြစ် တင်မြှောက်ရန် ရွေးချယ်ထားမှု ရှိ၊ မရှိ မေးမြန်းရာ သူမက “ဘယ်အချိန်မှာ ဘာဖြစ်ရင် ကျွန်မတို့ ဘာလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး ထုတ်ပြောမှာ မဟုတ်ပါဘူး။ အဲဒီအချိန်ရောက်လာမှပဲ ပြောမှာပါ” ဟု ဖြေကြားခဲ့သည်။

    ဆက်လက်၍ ပြီးခဲ့သည့် ငါးနှစ်အတွင်း ခွင့်ပြုပေးထားသည့် လွတ်လပ်ခွင့်များအပေါ် ပိတ်ပင်ခြင်းဖြင့် အနောက်ပြန်သွားမည့် စိုးရိမ်ဖွယ်ရာလက္ခဏာများကို စစ်တပ်လွှမ်းမိုးသော ခေါင်းဆောင်ပိုင်းက ပြသနေသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အခြေအနေကို သူမက အားမရစွာ သုံးသပ်ပြခဲ့သည်။ ပြီးခဲ့သည့် လများအတွင်း အာဏာပိုင်များမှာ နိုင်ငံတော်လျှို့ဝှက်ချက်ဆိုင်ရာ ဥပဒေကို အသုံးချ၍ ဂျာနယ်လစ်များကို အကျဉ်းချခဲ့သည်။ ဘာသာသာသနာ ညှိုးနွှမ်းစေသည့် ဥပဒေများဖြင့် အရက်ဘားပိုင်ရှင်ကို ထောင်ချခဲ့သည်။ ထို့ပြင် ဆန္ဒပြကျောင်းသားများအပေါ် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခဲ့သည်။

    “ပြုပြင်ပြောင်းလဲမှုဟာ အစကတည်းက ခိုင်ခိုင်မာဖြစ်မယ်လို့ ကျွန်မ မထင်ပါဘူး။ အခုဆိုရင်တော့ ဒါဟာ ပိုပြီး ထင်ရှားလာတာပေါ့လေ။ ဒါကို နောက်ကြောင်းပြန်လှည့်တာလို့လည်း ခေါ်နိုင်ပါတယ်။ တိုးတက်မှုလို့ ကျွန်မ မထင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ်က ကနေဒါမှ ဂုဏ်ပြုခြင်းကို ခံခဲ့ရသည့် ဒေါ်စုကြည်က ဗိုလ်ချုပ်ဟောင်းဖြစ်သော သမ္မတဦးသိန်းစိန်မှာ ယခုနှစ်ရွေးကောက်ပွဲကျင်းပရေး ခွင့်မပြုမည်ကိုလည်း စိုးရိမ်နေသည်။

    “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲထက်အရင် ဦးစားပေးသင့်တယ်လို့  ပြီးခဲ့တဲ့နှစ်က သမ္မတ ဦးသိန်းစိန်က ပြောထားတာကြောင့် ကျွန်မတို့ စိုးရိမ်နေပါတယ်။ ဒါက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစဉ်ပြေတယ်လို့ သူတို့ထင်မှ ရွေးကောက်ပွဲလုပ်ပေးနိုင်မယ်ဆိုတဲ့ သဘောလား?”

    ထို့ပြင် NLD အနိုင်ရရှိခဲ့ပါက အစိုးရနှင့်စစ်တပ်မှာ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များကို အသိမှတ်ပြုနိုင်ပါ့မလားဟု ပြည်သူများ၌ စိုးရိမ်မှုများလည်း ရှိနေသည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်ရေး လမ်းခင်းပေးနိုင်မည့် အပစ်ရပ်ရေး သဘောတူညီချက်မူကြမ်းကို ယခုတစ်ပတ်အတွင်း လက်မှတ်ရေးထိုးနိုင်ခြင်း အပါအ၀င် မြန်မာအစိုးရမှာ သမိုင်းဝင်အောင်မြင်မှုများ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေသည်။ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် မြန်မာနိုင်ငံမှာ ကမ္ဘာ့အမြန်ဆုံး စီးပွားရေးတိုးတက်မှုအချို့ကိုလည်း တွေ့ကြုံခံစားခဲ့ရသည်။

    သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ နိုင်ငံရေးပြိုင်ဘက်များ၏ အပစ်ရပ်ရေးသဘောတူညီချက် ပြီးပြည့်စုံခြင်းနှင့် ပတ်သက်၍ ငြင်းဆန်ခဲ့ပြီး အချို့သော အပိုဒ်များကို သဘောမကျဟုလည်း ဆိုသည်။

    နိဂုံးချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ သူမနှင့် သူမ၏ပါတီအား မြန်မာနိုင်ငံမှ လိုအပ်သော ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ပေးမည့် သူများအဖြစ် အဆင့်သတ်မှတ်ခဲ့သည်။

    “အစကတည်းက ကျွန်မတို့ဟာ ချစားမှုတိုက်ဖျက်ရေးကို အမြဲတမ်း ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့ဟာ အင်မတန်သန့်ရှင်းတဲ့ ပါတီပါ။ ပါတီကဆင်းရဲပါတယ်။ ဒါပေမယ့် သန့်ရှင်းတယ်။ ဒါဟာ အစိုးရကောင်းဖြစ်ဖို့အတွက် ပထမခြေလှမ်းပါပဲ”

    ref: The Globe and Mail
    လေးမောင် စုစည်းဘာသာပြန်ဆိုသည်။

  • ဒုတိယကမ္ဘာစစ်က အကြွေး ဂျာမနီထံ ဂရိပြန်တောင်း

    ဒုတိယကမ္ဘာစစ်က အကြွေး ဂျာမနီထံ ဂရိပြန်တောင်း

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    flag
    ဂရိအား သိမ်းပိုက်ပြီးနောက် အေသင်တွင် နာဇီများ အလံလွှင့်ထူနေစဉ်

     

    – ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့ ဂရိအား သိမ်းပိုက်သည့်အခါ နာဇီအာဏာပိုင်များက အတင်းအဓမ္မ တောင်းဆိုမှုကြောင့် ပေးခဲ့ရသည့် ယူရို ၂၇၉ ဘီလီယံကို ပြန်လည်ပေးအပ်ရန်အတွက် ဂရိအစိုးရက ဂျာမနီထံ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ဂရိမှာ ဂျာမနီမှ လျော်ကြေးငွေများ ရရှိရန် အချိန်အတော်ကြာကပင် တောင်းဆိုမှုများ ရှိခဲ့သော်လည်း ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွက် ဂရိ လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဒီမီထရစ် မာဒက်စ်က ဂျာမနီမှာ ဂရိအပေါ် အကြွေတင်ထားသည်ဟုဆိုသည့် ငွေကြေးပမာဏအတိအကျကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ထို့ပြင် မစ္စတာမာဒက်စ်မှာ ဂျာမနီက ဂရိအပေါ် မည်မျှ အကြွေးတင်ထားသည်ကို တွက်ချက်ရန် ဂရိအစိုးရက ဖွဲ့စည်းထားသည့် ကော်မတီတွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    ဂရိဝန်ကြီးချုပ် အဲလက်စစ် တီစစ်ပ်ရက်စ်ကလည်း “တာဝန်ဝတ္တရားတွေအားလုံး ကျေပွန်အောင် အစိုးရက အလုပ်လုပ်သွားမှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဂရိနိုင်ငံနဲ့ ဂရိပြည်သူတွေအတွက် မပြည့်ဝသေးတဲ့ တာဝန်ဝတ္တရားတွေကိုလည်း တစ်ခါတည်း ဖြည့်ဆည်းပေးသွားမှာပါ” ဟု အဆိုပါကော်မတီ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့်လက လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။

    နာဇီတို့က ဂရိအား သိမ်းပိုက်ရာတွင် ကုန်ကျသောငွေဟုဆိုကာ အတင်းအဓမ္မ တောင်းခံသောကြောင့် ဂရိမှာ ၁၉၄၂ ခုနှစ် ဒီဇင်ဘာတွင် ဂျာမန်ငွေ ၄၇၆ သန်းကို နာဇီအာဏာပိုင်များသို့ ကာလရှည် ချေးခဲ့ရသည်။ သို့သော်လည်း ဂျာမနီက ထိုငွေအား ပြန်ပေးခဲ့ခြင်းမရှိဟု ဆိုသည်။

    အဆိုပါငွေပမာဏကို လက်ရှိငွေကြေးဖြင့် တွက်ချက်ပါက ယူရို ၂၇၉ ဘီလီယံရှိပြီး ဂရိနိုင်ငံ၏ GDP ထက် ၁၂၅ ရာခိုင်နှုန်း ရှိနေကာ ထိုငွေအား ရရှိခဲ့ပါက တိုင်းပြည်၏ စီးပွားရေးမှာ လက်ရှိပမာဏ၏ ၂ ဆကျော် ဖြစ်လာမည်ဖြစ်သည်။ ဂျာမနီ၏ GDP နှင့် တွက်လျှင် ထိုငွေမှာ သုံးပုံတစ်ပုံခန့် ရှိသည်။

    ဂျာမနီကမူ အဆိုပါ တောင်းဆိုချက်အား လိုက်လျောမည့်အလားအလာ မရှိသော်လည်း ထိုသို့ဆောင်ရွက်ခြင်းက ဂရိအစိုးရအား ပြည်တွင်း၌ လူကြိုက်များလာနိုင်ပြီး ဂရိ၏အကြွေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ တစ်ကျော့ပြန် ဖြစ်ပေါ်လာစေရန် အကူအညီ ဖြစ်စေမည်ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်က အနိုင်ရရှိခဲ့သည့် လက်ဝဲယိမ်း SYRIZA အစိုးရမှာ မမျှမတ ဆက်ဆံသည်ဟုဆိုသော ဂရိ၏ အကြွေးရှင်နိုင်ငံများကို ပြတ်ပြတ်သားသားသား တုံ့ပြန်သွားမည်ဟု ကတိပြုထားသည်။

    ဒုတိယကမ္ဘာစစ် နာဇီတို့၏ ဂရိအားသိမ်းပိုက်ခြင်းက နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့ပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ဂရိပြည်သူ သန်းနှင့်ချီ၍ သေကြေပျက်စီးခဲ့ရသည်။

    Ref: Indpendent

  • ရှုံးသော်လည်း ကစားပုံကောင်းခဲ့သည်ဟု မန်စီးတီးနည်းပြ ပြော

    ရှုံးသော်လည်း ကစားပုံကောင်းခဲ့သည်ဟု မန်စီးတီးနည်းပြ ပြော

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    manuelpellegrini-cropped_13388l1ub0e2p1rmec1i2v0ube

    – ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းမှာ ကစားပုံကောင်းခဲ့ပြီး ယခုရလဒ်ထက် ပို၍ ထိုက်တန်သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    ယနေ့နံနက်က ကစားခဲ့သည်အဆိုပါပွဲတွင် မန်စီးတီးမှာ ကစားကွက် အသာရခဲ့သော်လည်း ဦးဆောင်ဂိုး ၂ ဂိုး အရင်ပေးခဲ့ရကာ ၁ ဂိုးသာ ပြန်သွင်းနိုင်ခဲ့သောကြောင့် အရှုံးပေးခဲ့ရပြီး ထိပ်ဆုံးမှ ချယ်ဆီးအား အမှီလိုက်ရေးမျှော်လင့်ချက်မှာ မှေးမှိန်ခဲ့ရသည်။

    “ကျွန်တော်တို့ ပွဲအစကနေ အဆုံးအထိ ကားပုံကောင်းခဲ့ပါတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ သူတို့ရဲ့ လူကျွံဂိုး ၁ ဂိုးနဲ့ လှပတဲ့ ဖရီးကစ်တစ်ဂိုးကြောင့် ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတာပါ။ ဒိုင်လူကြီးနဲ့ပတ်သက်လို့တော့ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒိုင်လူကြီးကို ဝေဖန်ဆန်းစစ်ဖို့ဆိုတာ နည်းပြတစ်ယောက်အတွက် လုပ်ကောင်းတဲ့အလုပ် မဟုတ်ပါဘူး” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

    ပဲလေ့စ်၏ ပထမဦးဆောင်ဂိုးမှာ လူကျွံဘောဖြစ်နေသည်ကို အနှေးပြကွက်များအရ တွေ့ရပြီး မိမိတို့အသင်း အဘယ့်ကြောင့် ရှုံးရသည်ဟု ဆိုလျှင် လူကျွံဘောနှင့် လှပသည့် ဖရီးကစ်ကြောင့် ဖြစ်သည်ဟု ထပ်ပြောချင်ကြောင်း ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ချက် မှေးမှိန်သွားပြီလားဟု မေးမြန်းရာ ပယ်လီဂရီနီက မိမိတို့အသင်းမှာ တစ်ပွဲချင်းစီ ဆက်လက်ကစားသွားမည်ဟု ဖြေကြားခဲ့သည်။

    “ဗိုလ်စွဲဖို့အတွက် ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ ပွဲတွေကို နိုင်ဖို့ပဲ ကြိုးစားနေတာပါ။ ရာသီအကုန်မှာ ကြည့်ကြတာပေါ့ဗျာ။ အမှတ်လျော့သွားတဲ့ အချိန်တိုင်းမှာ ရိုက်ခတ်မှုကြီးတွေကတော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ ကစားခဲ့သလိုမျိုး နောက်ပွဲတွေမှာ ထပ်ကစားဖို့ ကြိုးစားရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ သာမန်ဆိုရင် ကျွန်တော်တို့ နိုင်လေ့ရှိလို့ပါ”

    မန်စီးတီးမှာ လက်ရှိအချိန်တွင် ဦးဆောင်သူချယ်ဆီးနှင့် တစ်ပွဲအသာ ၉ မှတ်လျော့ဖြင့် တတိယနေရတွင်ရှိနေသည်။

    Ref: Goal.com

  • ပြည်တွင်းရှုံးထွက်ဖလား ဟက်ထရစ်လိုချင်နေတဲ့ အလွန်ဆို

    ပြည်တွင်းရှုံးထွက်ဖလား ဟက်ထရစ်လိုချင်နေတဲ့ အလွန်ဆို

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    xabialonso-cropped_1yo0kybpvhcs1qx21pbidnlyy

    – မိမိရရှိခဲ့သည့် ဆုတံဆိပ်များတွင် ဂျာမနီ၏ ရှုံးထွက်ဖလား ဆုတံဆိပ်ကို ထပ်မံထည့်သွင်းရန် မျှော်လင့်နေသည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ အားထားရသည့် ကွင်းလယ်သူ ဇာဗီအလွန်ဆိုက ပြောကြားလိုက်သည်။

    အလွန်ဆိုမှာ ၂၀၀၆ ခုနှစ်က လီဗာပူးလ်အသင်းနှင့် FA ဖလား ရရှိခဲ့ဖူးပြီး ရီးယဲလ်တွင်ကစားစဉ် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များ၌ စပိန်ဘုရင့်ဖလား ၂ ကြိမ် ရရှိဖူးသည်။ လက်ရှိအချိန်တွင် ဘိုင်ယန်မှာ ဂျာမန်ရှုံးထွက်ဖလားဖြစ်သည့် DFB- Pokal ဖလား ကွာတားဖိုင်နယ် ရောက်နေပြီး လေဗာကူဆင်နှင့် ကစားရမည်ဖြစ်သည်။ အလွန်ဆိုကမူ မတူညီသော နိုင်ငံသုံးနိုင်ငံမှ ရှုံးထွက်ဖလား ဟက်ထရစ်ရရှိရန် ရည်ရွယ်နေသည်။

    “(ပြည်တွင်း ရှုံးထွက်ဖလားကို) ကျွန်တော် အင်္ဂလန်နဲ့ စပိန်တို့မှာ ရခဲ့ဖူးပါတယ်။ ဒီမှာလည်း ကျွန်တော် ရချင်ပါတယ်။ လေဗာကူဆင်ဟာ အနိုင်ရဖို့ ခက်တဲ့အသင်းပါ။ သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အမြဲတမ်း တိုက်စစ်ဆင်တတ်တဲ့ အသင်းပါ။ ကျွန်တော်တို့ ထိပ်တန်း စွမ်းဆောင်မှု လိုအပ်ပါတယ်။ ဖောင်ဖျက်ကစားရမှာပါပဲ” ဟု အလွန်ဆိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    တိုက်စစ်မှူး မူလာကမူ လေဗာကူဆင်မှာ မိမိတို့အသင်း အခက်တွေ့အောင် အဆုံးစွန်ဆုံး ဆောင်ရွက်သွားလိမ့်မည်ဟု သတိပေးခဲ့သည်။ သို့သော်လည်း မိမိတို့၏ လက်ရှိ မာကျောသည့် ခံစစ်ကစားပုံ အဆုံးသတ်ရန် အသင်းဖော်များအား စိန်ခေါ်ခဲ့သည်။

    “လေဗာကူဆင်ဟာ တော်တော်ကောင်းတဲ့အသင်းပါ။ ပြီးတော့ သူတို့ဟာ စတိုင်ကျကျ ကစားတတ်ပါတယ်။ အဲဒီကစားပုံမျိုးဟာ သူတို့ရဲ့ ပြိုင်ဘက်ကို သက်တောင့်သက်သာ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါဟာ ရှုံးထွက်ဖလားပါ။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအဆင့်ကိုဖြတ်သန်းဖို့ ကျွန်တော်တို့ဟာ ထိပ်တန်းစွမ်းဆောင်ရည်ရှိဖို့ လိုပါတယ်” ဟု မူလာက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • အစ္စရေးအား အီရန်က အသိအမှတ်ပြုရေး နျူသဘောတူညီချက်တွင် မပါဟု အိုဘားမား ပြော

    အစ္စရေးအား အီရန်က အသိအမှတ်ပြုရေး နျူသဘောတူညီချက်တွင် မပါဟု အိုဘားမား ပြော

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    2b87e329789c49569ca1796ceb89df9b_18

    – အခြေတည်စ အီရန်နျူကလီးယား သဘောတူညီချက်တွင် အီရန်က အစ္စရေးအား အသိအမှတ်ပြုပေးရမည်ဟု တောင်းဆိုခြင်းမှာ အခြေခံ အယူအဆအမှား ဖြစ်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူအရေး မူဘောင်သဘောတူညီချက် ရရှိခဲ့ပြီဟု ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေးက၀န်ကြီးချုပ် နေတန်ယာဟုက မကျေမနပ်ဖြစ်ခဲ့ကာ နျူအရေး နောက်ဆုံးသဘောတူညီချက်တွင် အီရန်အနေဖြင့် အစ္စရေးအား အသိအမှတ်ပြုပါသည်ဆိုသော ၀န်ခံချက်ကို ထည့်သွင်းပေးရမည်ဟု ပြီးခဲ့သည့် သောကြာနေ့က တောင်းဆိုခဲ့သည်။

    သို့သော်လည်း သမ္မတအိုဘားမားက အမေရိကန် ရေဒီယို NPR နှင့် ယမန်နေ့ အင်တာဗျူးတွင် ထိုတောင်းဆိုမှုအား ပယ်ချလိုက်ပြီး အစ္စရေးကို အသိအမှတ်ပြုရန် အီရန်အား တောင်းဆိုခြင်းမှာ သဘောတူညီချက်၏ အတိုင်းအတာထက် ကျော်လွန်နေသည်ဟု ဆိုသည်။

    “အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမရှိဖို့ဆိုတဲ့ အတည်ပြုနိုင်နဲ့ သဘောတူညီချက်မှာ အစ္စရေးကို အသိအမှတ်ပြုဖို့ ချွင်းချက်ထားရမယ်ဆိုတဲ့ အယူအဆဟာ အီရန်အစိုးရဲ့ သဘောထား လုံးဝပြောင်းလဲမှုမရှိဘူဆိုရင် သဘောတူညီချက်ကို ကျွန်တော်တို့ လက်မှတ်ထိုးမှာမဟုတ်ဘူးဆိုတဲ့ သဘောသဘာဝမျိုး ဖြစ်နေပါတယ်။ ဒါမျိုးဟာ အခြေခံ အယူအဆ အမှားပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် အိုဘားမားက ကမ္ဘာ့အင်အားကြီးနိုင်ငံများက အီရန်အား နျူကလီးယားလက်နက် မရရှိစေချင်သည့် အကြောင်းအရင်းကိုလည်း ဖွင့်ဟခဲ့သည်။

    “ကျွန်တော် ဒီအချက်ကို ပြောချင်ပါတယ်။ အီရန်အစိုးရရဲ့ သဘောထား ပြောင်းလဲမယ်လို့ သဘောမထားနိုင်တဲ့အတွက် ကျွန်တော်တို့ အီရန်ကို နျူကလီးယားလက်နက်တွေ မရစေချင်တာပါ။ ဒါဟာ ဘာ့ကြောင့် ကျွန်တော်တို့ နျူကလီးယားလက်နက် မရစချေင်လဲဆိုတဲ့ တိကျတဲ့အချက်ပါပဲ။ တကယ်လို့ အီရန်ဟာ ဂျာမနီ ဒါမှမဟုတ် ဆွီဒင်၊ ဒါမှမဟုတ် ပြင်သစ်တို့လို ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ သူတို့ရဲ့ နျူးကလီးယား အခြေခံအဆောက်အဦးအတွက် တခြားပြောစရာစကားတွေ ရှိလာမှာပါ” ဟု အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera