News @ M-Media

ရှုံးသော်လည်း ကစားပုံကောင်းခဲ့သည်ဟု မန်စီးတီးနည်းပြ ပြော

ဧပြီ ၇၊ ၂၀၁၅
M-Media

manuelpellegrini-cropped_13388l1ub0e2p1rmec1i2v0ube

– ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းမှာ ကစားပုံကောင်းခဲ့ပြီး ယခုရလဒ်ထက် ပို၍ ထိုက်တန်သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

ယနေ့နံနက်က ကစားခဲ့သည်အဆိုပါပွဲတွင် မန်စီးတီးမှာ ကစားကွက် အသာရခဲ့သော်လည်း ဦးဆောင်ဂိုး ၂ ဂိုး အရင်ပေးခဲ့ရကာ ၁ ဂိုးသာ ပြန်သွင်းနိုင်ခဲ့သောကြောင့် အရှုံးပေးခဲ့ရပြီး ထိပ်ဆုံးမှ ချယ်ဆီးအား အမှီလိုက်ရေးမျှော်လင့်ချက်မှာ မှေးမှိန်ခဲ့ရသည်။

“ကျွန်တော်တို့ ပွဲအစကနေ အဆုံးအထိ ကားပုံကောင်းခဲ့ပါတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ သူတို့ရဲ့ လူကျွံဂိုး ၁ ဂိုးနဲ့ လှပတဲ့ ဖရီးကစ်တစ်ဂိုးကြောင့် ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတာပါ။ ဒိုင်လူကြီးနဲ့ပတ်သက်လို့တော့ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒိုင်လူကြီးကို ဝေဖန်ဆန်းစစ်ဖို့ဆိုတာ နည်းပြတစ်ယောက်အတွက် လုပ်ကောင်းတဲ့အလုပ် မဟုတ်ပါဘူး” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

ပဲလေ့စ်၏ ပထမဦးဆောင်ဂိုးမှာ လူကျွံဘောဖြစ်နေသည်ကို အနှေးပြကွက်များအရ တွေ့ရပြီး မိမိတို့အသင်း အဘယ့်ကြောင့် ရှုံးရသည်ဟု ဆိုလျှင် လူကျွံဘောနှင့် လှပသည့် ဖရီးကစ်ကြောင့် ဖြစ်သည်ဟု ထပ်ပြောချင်ကြောင်း ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ချက် မှေးမှိန်သွားပြီလားဟု မေးမြန်းရာ ပယ်လီဂရီနီက မိမိတို့အသင်းမှာ တစ်ပွဲချင်းစီ ဆက်လက်ကစားသွားမည်ဟု ဖြေကြားခဲ့သည်။

“ဗိုလ်စွဲဖို့အတွက် ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ ပွဲတွေကို နိုင်ဖို့ပဲ ကြိုးစားနေတာပါ။ ရာသီအကုန်မှာ ကြည့်ကြတာပေါ့ဗျာ။ အမှတ်လျော့သွားတဲ့ အချိန်တိုင်းမှာ ရိုက်ခတ်မှုကြီးတွေကတော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ ကစားခဲ့သလိုမျိုး နောက်ပွဲတွေမှာ ထပ်ကစားဖို့ ကြိုးစားရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ သာမန်ဆိုရင် ကျွန်တော်တို့ နိုင်လေ့ရှိလို့ပါ”

မန်စီးတီးမှာ လက်ရှိအချိန်တွင် ဦးဆောင်သူချယ်ဆီးနှင့် တစ်ပွဲအသာ ၉ မှတ်လျော့ဖြင့် တတိယနေရတွင်ရှိနေသည်။

Ref: Goal.com

Comments

Leave a Reply