News @ M-Media

Blog

  • လေယာဉ်ပျံသန်းစဉ် လေယဉ်မှူးနှစ်ဦးစလုံးရှိရမည့် ဥပဒေသစ်တစ်ရပ်ကို ဥရောပလေကြောင်လိုင်းများ  ပြဌာန်း

    လေယာဉ်ပျံသန်းစဉ် လေယဉ်မှူးနှစ်ဦးစလုံးရှိရမည့် ဥပဒေသစ်တစ်ရပ်ကို ဥရောပလေကြောင်လိုင်းများ ပြဌာန်း

    မတ် ၂၉၊ ၂၀၁၅
    M-Media

    0,,18343106_303,00

    – ဂျာမန်လေကြောင်းလိုင်း Germanwings မှ ခရီးသည်တင်လေယာဉ်မှာ တွဲဘက်လေယာဉ်မှူးကြောင့် ပျက်ကျခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ဂျာမနီအပါအ၀င် ဥရောပနိုင်ငံများမှ လေကြောင်းလိုင်းများမှာ လေယာဉ်မောင်းခန်းအတွက် ဥပဒေအသစ်ကို ပြဌာန်းလိုက်သည်ဟု သိရသည်။

    အင်္ဂါနေ့က ပြင်သစ်နိုင်ငံ အလ်ပ်စ်တောင်တန်းတွင် ပျက်ကျသွားခဲ့သည့် အဆိုပါလေယာဉ်မှ ရရှိသော မှတ်တမ်းများအရ ပျက်ကျသည့်အချိန်တွင် လေယာဉ်မှူးအခန်းတွင် တွဲဘက်လေယာဉ်မှူးတစ်ဦးသာ ရှိပြီး အခန်းကိုလည်း သော့ပိတ်ထားသောကြောင့် အခြားလေယာဉ်မှူးမှာလည်း အထဲသို့ ၀င်၍ မရခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

    ထိုအဖြစ်အပျက်ကြောင့် ဂျာမနီရှိ လေကြောင်းလိုင်းများမှာ ၎င်းတို့၏ လေယာဉ်ခရီးစဉ်များတွင် ခရီးစဉ်တစ်လျှောက်လုံး၌ လေယာဉ်မှူး ၂ ဦး လေယာဉ်မောင်းခန်းထဲတွင် ရှိနေရမည်ဟု စည်းကမ်းသတ်မှတ်ခဲ့သည်။

    “လေယာဉ်မောင်းအခန်းထဲမှာ တစ်ချိန်လုံး အခွင့်အာဏာရှိသူ ၂ ဦး ရှိဖို့ လိုအပ်တယ်ဆိုတဲ့ ကနဦး လုပ်ငန်းစဉ်ကို ပထမခြေလှမ်းအဖြစ် သတ်မှတ်ခဲ့ပါတယ်” ဟု ဂျာမန်လေကြောင်းဌာန BDL က သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    BDL မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတင်း ကိုလ်မာကမူ Germanwings ၏ မိခင်ကုမ္ပဏီဖြစ်သော Lufthansa Group အပါအ၀င် မိမိတို့လက်အောက်ရှိ လေကြောင်းလိုင်းများအားလုံးမှာ အဆိုပါ စည်းကမ်းကို လိုက်နာရမည်ဟု ဆိုသည်။ ထို့ပြင် ၎င်းတို့လက်အောက်ခံမဟုတ်သည့် လေကြောင်းလိုင်းအများအပြားမှာလည်း အဆိုပါ စည်းကမ်းချက်အသစ်ကို ချမှတ်အသုံးပြုရန် ဆန္ဒရှိနေသည်။

    နော်ဝေလေကြောင်းလိုင်း၊ အိုက်စလန်လေကြောင်းလိုင်းတို့ အပါအ၀င် ဥရောပရှိ အခြားသောလေကြောင်းလိုင်းများမှာလည်း ၎င်းတို့၏ လေယာဉ်မှူးအခန်း စည်းမျဉ်းများကို ပြေားလဲလိုက်ပြီဟု ကြေညာခဲ့သည်။

    ဥရောပ လေကြောင်းအန္တရာယ်ကင်းရှင်းရေး အေဂျင်စီ EASA က သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ လေယာဉ်ခရီးစဉ်တစ်လျှောက် လေယာဉ်မောင်းခန်းထဲတွင် (လေယာဉ်မှူး ၂ ဦးအပြင်) အနည်းဆုံး လေယာဉ်အမှူထမ်း ၂ ဦး ရှိနေရမည်ဖြစ်ပြီး ထိုအထဲမှ အနည်းဆုံး တစ်ဦးမှာ အသိအမှတ်ပြုလက်မှတ်ရ လေယာဉ်မှူးဖြစ်ရမည်ဟု အကြံပြုခဲ့သည်။

    ထို့ပြင် လေယာဉ်မောင်းအခန်းထဲမှ အမှုထမ်းတစ်ဦး လုပ်ငန်းပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်ကြောင့် အပြင်သို့သွားခြင်းနှင့် သက်ဆိုင်သော ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို လေကြောင်းလိုင်းများက ပြန်လည် ဆန်းစစ် အဖြေရှာသင့်သည်ဟုလည်း EASA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: Xinhua

  • ယူရိုခြေစစ်ပွဲအောင်ရန် လုပ်စရာများ ရှိနေသေးသည်ဟု ဘေးလ်ပြော

    ယူရိုခြေစစ်ပွဲအောင်ရန် လုပ်စရာများ ရှိနေသေးသည်ဟု ဘေးလ်ပြော

    မတ် ၂၉၊ ၂၀၁၅
    M-Media

    1155572_heroa

    – အဝေးကွင်းတွင် အစ္စရေးအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း ယူရိုခြေစစ်ပွဲအောင်ရေး လုပ်စရာများ မပြီးဆုံးသေးဟု ဝေးလ်စ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လာလီဂါ၌ ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်ခံနေရသည့် တိုက်စစ်မှူး ဂါရက်ဘေးလ်က ၂ ဂိုး သွင်းယူပေးခဲ့ကာ ၁ ဂိုး ဖန်တီးပေးခဲ့သည်။

    အုပ်စုထိပ်ဆုံး ၂ သင်း တွေ့ဆုံခဲ့သည့် အဆိုပါပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ရှုံးပွဲမရှိသေးသည့် ဝေးလ်စ်မှာ အုပ်စု B ကို ဦးဆောင်နိုင်ခဲ့သော်လည်း ဘေးလ်ကမူ အားထုတ်မှုကို လျှော့ချလိုခြင်း မရှိပေ။

    “အသင်းကို ကောင်းမွန်တဲ့အနေအထားကို ကျွန်တော်တို့ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်စရာတွေအများကြီး ကျန်ပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့လုပ်နိုင်တာအားလုံးက ဆက်လက်တိုက်ပွဲဝင်သွားပြီး ဆက်လက်ကြိုးစားသွားဖို့ပါပဲ” ဟု ဘေးလ်က Sky Sports သို့ ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဘေးလ်မှာ ရမ်ဆေးနှင့် တွဲဖက်ညီစွာ ကစားနိုင်ခဲ့သည်။ ယူရို ၂၀၁၆ ပြိုင်ပွဲ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်အရေအတွက်ကို ယခင် ၁၆ သင်းမှ ၂၄ သင်းသို့ တိုးချဲ့ခဲ့ပြီးနောက် ပြိုင်ပွဲတိုင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့သည့် ဝေးလ်စ်ကဲ့သို့ အလယ်အလတ်အသင်းများမှာ နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ၀င်ရောက်ကစားနိုင်ရန်အတွက် မျှော်လင့်ချက် ရှင်သန်လာခဲ့သည်။

    ယခုနှစ် ယူရိုခြေစစ်ပွဲ အောင်ပါက ဝေးလ်စ်မှာ ၁၉၈၅ ခုနှစ်နောက်ပိုင်း အဓိက ပြိုင်ပွဲတွင် ပထမဆုံး ခြေစစ်ပွဲ အောင်မြင်ခြင်းလည်း ဖြစ်မည်ဖြစ်သည်။

    အုပ်စုပတ်လည် အမှတ်ပေးစနစ်ဖြင့် ကစားသည့် ယူရိုခြေစစ်ပွဲတွင် အုပ်စု ၉ ခုမှ ပထမနှင့် ဒုတိယနေရာရသည့် အသင်းများနှင့် အကောင်းဆုံး တတိယအသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မည်ဖြစ်ပြီး ကျန်ရှိသည့် အုပ်စု တတိယ ၈ သင်းမှာ မဲစနစ်ဖြင့် ရှုံးထွက်ပွဲကစားကာ ၄ သင်းမှာ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပြင်သစ်အသင်းမှာ အလိုအလျောက်
    ပါဝင်ကစားခွင့် ရထားသည်။

    Ref: Goal.com

  • အသင်းပြဿနာအား မည်သို့ဖြေရှင်းရမည်ကို မသိတော့ဟု ဟစ်ဒင့်ပြော

    အသင်းပြဿနာအား မည်သို့ဖြေရှင်းရမည်ကို မသိတော့ဟု ဟစ်ဒင့်ပြော

    မတ် ၂၉၊ ၂၀၁၅
    M-Media

    daley-blind-guus-hiddink-netherlands-turkey-european-championsip-qualifier_1u4gagr1vkba91lhs6mc7mkwzp

    – မိမိတို့အသင်းမှာ ဥရောပ၏ အကောင်းဆုံးအသင်းမဟုတ်ဘဲ လက်ရှိအချိန်တွင် အသင်း၏ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမှန်း မသိတော့ဟု နယ်သာလန်အသင်း နည်းပြဖြစ်သူ ဂူစ် ဟစ်ဒင့်က ပြောကြားလိုက်သည်။

    ယနေ့နံနက်က ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် တူရကီအသင်းနှင့် အိမ်ကွင်း၌ ကစားသည့်ပွဲတွင် နယ်သာလန်မှ ပွဲချိန်ပြည့်သည်အထိ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ပြီး နာကျင်အချိန်ပိုရောက်မှ ဆနိုက်ဒါ၏ ကန်ချက် လူထိလမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခြင်းကြောင့် ၁ ဂိုးစီ သရေကျခဲ့သည်။

    အုပ်စု A တွင် နယ်သာလန်မှာ ထိပ်ဆုံးမှ ချက်အသင်းနှင့် ၆ မှတ်အကွာ တတိယနေရာတွင်ရှိနေပြီး ဟစ်ဒင့်ကမူ မိမိတို့အသင်းမှာ ဥရောပ၏ အကောင်းဆုံးအသင်းများထဲမှမဟုတ်ဟု တူရကီနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “တစ်ကယ်တော့ အသင်း အကောင်းဆုံးကို ပြန်ရောက်အောင် ကျွန်တော်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး။ (ဒီပွဲဟာ) ကျွန်တော်တို့အတွက် ပွဲကောင်းတစ်ပွဲတော့ မဟုတ်ခဲ့ပါဘူ။ ဒါပေမယ့် ရလဒ်အတွက်တော့ ကျေနပ်ပါတယ်။ အဆုံးမှာတော့ ဒါဟာ အရေးပါတဲ့ သရေပွဲပါပဲ။ ကျွန်တော်တို့ သိပ်ပြီး အကြီးကြီးပြောလို့ မရပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ဥရောပရဲ့ ထိပ်တန်းအသင်းထဲမှာ မပါလို့ပါပဲ” ဟု ဟစ်ဒင့်က NOS သို့ ပြောကြားခဲ့သည်။

    နယ်သာလန်အသင်းမှာ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ခြေစွမ်းကောင်းများပြသနိုင်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်ကို အနိုင်ကစားကာ တတိယနေရာ ရရှိခဲ့သည်။ သို့သော်လည်း ဟစ်ဒင်ကမူ မိမိတို့မှာ ယခုလက်ရှိ အခြေအနေကို ကြည့်ရမည်ဟု ပြောကြားခဲ့သည်။

    Ref: Goal.com

  • ဆန်ဖရန်စစ္စကိုလူ့အဖွဲ့အစည်း မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသ

    ဆန်ဖရန်စစ္စကိုလူ့အဖွဲ့အစည်း မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသ

    မတ် ၂၉၊ ၂၀၁၅
    M-Media

    28-3-15_San-Francisco-Faith-Ring-Protects-Muslims

    – နိုင်ငံတစ်ဝှမ်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတဲ့အချိန်မှာ ဒေသအတွင်းက မွတ်စလင်လူနည်းစုတွေကို ထောက်ခံအားပေးဖို့အတွက် ဆန်ဖရန်စစ္စကိုက ဘာသာလူမျိုးပေါင်းစုံဟာ မွတ်စလင်တို့ရဲ့ သောကြာနေ့ ၀တ်ပြုမှုအပြီး မြို့တွင်းက San Ramon Valley ဗလီဝတ်ကျောင်းတော်ကို လက်ချင်းချိတ်ဝန်းရံလို့ မွတ်စလင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။

    “ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းမှာ အစ္စလာမ်ကြောက်ရောဂါကို မားမားမတ်မတ်ရပ်ပြီး ဆန့်ကျင်သွားမယ်ဆိုတာကို အခု ပြောနေတာပါ။ ကျွန်တော်တို့ ဒီလူ့အဖွဲ့အစည်းမှာ အတူတကွ ရှိနေတာဖြစ်ပါတယ်” လို့ ဆန် ရေမွန် ဗါလီဒေသ ဘာသာပေါင်းစုံချစ်ကြည်ရေးကောင်စီကို တည်ထောင်သူ ဂျူးဘုန်းတော်ကြီး ဒန်နီယဲလ် ဂိုးလ်ဒ်ဘလတ်က ဆိုပါတယ်။

    အဲဒီလှုပ်ရှားမှုကို ဒေသအတွင်းမှာရှိတဲ့ ဘာသာပေါင်းစုံအဖွဲ့တွေက ပြုလုပ်ကြတာဖြစ်ပြီး လူ ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ကြကာ San Ramon Valley ဗလီဝတ်ကျောင်းတော် ပတ်ပတ်လည်မှာ လက်ချင်းချိတ် ၀န်းရံခဲ့ကြပါတယ်။

    သူတို့တွေဟာ စည်းလုံးညီညွတ်ရေး ကျွေးကြော်သံတွေကိုလည်း ကျွေးကြော်ခဲ့ကြပြီး အမေရိကန်တစ်ဝှမ်းမှာ မြင့်တက်လာတဲ့ အစ္စလာမ်ကြောက်ရောဂါကို ဆန့်ကျင်ဖို့ဆိုတာကို ဖော်ပြဖို့အတွက် လက်တွေကိုတင်းတင်းချိတ်ကာ တစ်ယောက်နဲ့တစ်ယောက် ပုခုံးချင်း ပူးပူးကပ်ကပ် ရပ်ပြခဲ့ကြပါတယ်။

    “လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ သူတို့အပေါ် ရောက်လာမယ့် အကြမ်းဖက်မှုအတွက် စိုးရိမ်ကြောက်ရွံ့ခြင်းနဲ့အတူ နေ နေရတယ်ဆိုတာ ကျွန်တော်တို့ သတိပြုမိပါတယ်။” လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကွန်ထရာ ကော်စတာ ကောင်တီ ဘာသာပေါင်းစုံကောင်စီမှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ခရစ်ယာန်ဘုန်းတော်ကြီး ၀ီလ် မက်ဂါဗေးက ပြောကြားခဲ့ပါတယ်။

    သောကြာနေ့ ၀တ်ပြုမှုအပြီးမှာ ဒီလူအုပ်ကြီးဟာ ဗလီဝတ်ကျောင်းတော်ထဲဝင်ရောက်ပြီး မွတ်စလင်၊ ဂျူးနဲ့ ခရစ်ယာန်ခေါင်းဆောင်တွေရဲ့ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်မှု၊ ဘာသာတွေကြားထဲက တူညီမှုတွေကို အသားပေးတဲ့ မိန့်ခွန်းတွေကို နားထောင်ခဲ့ကြပါတယ်။

    ချီးကျူးခဲ့

    ဆန်ဖရန်စစ္စကိုက ဘာသာပေါင်းစုံအဖွဲ့တွေရဲ့ ဒီလှုပ်ရှားမှုကို ဆန်ရေမွန် မွတ်စလင်လူ့အဖွဲ့အစည်းက ချီးကျူးခဲ့ကြပြီး အထီးကျန်နေရတယ်လို့ မခံစားရတော့ဘူးလို့ ဆိုပါတယ်။

    “ဒါဟာ ကျွန်တော်တို့ အထီးကျန်မနေတော့ဘူးလို့ ကလေးတွေကို ပြောပြနိုင်မယ့် ခိုင်မာတဲ့ ဥပမာတစ်ခုပါပဲ။ ဒီလိုလုပ်ဖို့ ရေပန်းမစားတဲ့အချိန်မှာ အခြားသူတွေကတော့ ကျွန်တော်တို့ရှေ့မှာ ရပ်တည်ပေးပြီး ကျွန်တော်တို့ကို အားပေးထောက်ခံဖို့ ဆန္ဒရှိကြပါတယ်” လို့ ဆန်ရေမွန်က မွတ်စလင် ဆရာမတစ်ဦးဖြစ်သူ ဟီနာ မွခ်တာရ်က ဆိုပါတယ်။

    ဒေသတွင်း ဘာသာပေါင်းစုံအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် မိုင်မွန်နာ အဟ်မဒ်ကတော့ ဒီရှေ့ပြေးလုပ်ဆောင်မှုဟာ အတုယူစရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။

    “ဒါဟာ တစ်ကယ့်ကို အပြုသဘောဆောင်ပြီး နှစ်လိုအားရဖွယ် ကိစ္စပါပဲ။ ကျွန်မ မျက်ရည်တောင် ကျခဲ့ရပါတယ်။ လူတွေရဲ့အပြုအမူတွေ၊ နှစ်လိုဖွယ် မှတ်ချက်တွေ၊ အားပေးထောက်ခံမှုတွေ၊ ပြီးတော့ အစ္စလာမ်ကြောက်ရောဂါကို ဆန့်ကျင်ပြီး မားမားမတ်မတ် ရပ်တည်ပေးချင်တဲ့သူတွေက ကျွန်မရဲ့ နှလုံးသားကို ထိစေခဲ့ပါတယ်” လို့ မိုင်မွန်နာက ဆိုပါတယ်။

    ဒီလှုပ်ရှားမှုကို စီစဉ်ကျင်းပခဲ့သူတွေကတော့ ပဲရစ်နဲ့ ကိုပေဟေဂင်တိုက်ခိုက်မှုနောက်ပိုင်းမှာ နော်ဝေမွတ်စလင်တွေက တိုင်းပြည်မှာရှိတဲ့ ဂျူးတွေကို ကာကွယ်ပေးမယ်ဆိုတဲ့သဘောကို ရည်ညွှန်းပြီး အော်စလိုက ဂျူးဘုရားကျောင်းကို လက်ချင်းတွဲလို့ ၀န်းရံခဲ့တဲ့ လုပ်ဆောင်မှုကို အားကျအတုယူပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

    “သူတို့ကို ကျွန်တော်တို့ပေးနိုင်တဲ့အကောင်းဆုံး လက်ဆောင်ကတော့ “မျှော်လင့်ချက်” ပါပဲ။ သူတို့နောက်မှာ ကျွန်တော်တို့ မားမားမတ်မတ်ရပ်နေတယ်။ ပြီးတော့ သူတို့အတွက် အမြဲတမ်းရှိနေမယ်ဆိုတာလည်း သူတို့ကို သိစေပါတယ်” လို့ ဒေသတွင်း ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ဘာသာပေါင်းစုံကောင်စီရဲ့ ဥက္ကဌဖြစ်သူ တီရန့်စ် ကလာ့က်က ပြောကြားခဲ့ပါတယ်။

    Ref: Onislam

  • ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    မတ် ၂၈၊ ၂၀၁၅
    M-Media
    1241
    – ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်မှာရှိတဲ့ နိုင်ငံရဲ့ အကြီးဆုံးဗလီဖြစ်တဲ့ အလ်ဆာကဲလ် ဗလီဝတ်ကျောင်းတော်ကြီး ဖွင့်ပွဲအခမ်းအနားမှာ ၀န်ကြီးချုပ် ဟန်ဆန်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

    အဲဒီဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဗလီဝတ်ကျောင်းကြီးဟာ နိုင်ငံအတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုကို ဖော်ကျူးနေတာဖြစ်တယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

    “ကမ္ဘောဒီးယားမှာ အယူဝါဒပေါင်းစုံ၊ ဘာသာပေါင်းစုံက လူတွေဟာ ငြိမ်းချမ်းစွာနဲ့ သဟဇာတဖြစ်စွာ အတူတကွ နေထိုင်ကြတယ် ဆိုတဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ ပဋိပက္ခတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ကမ္ဘောဒီယားဟာ မွတ်စလင်ပြည်သူတွေကို လူမှုလုပ်ငန်းတွေမှာ မျှမျှတတ ဆက်ဆံပါတယ်” လို့ ၀န်ကြီးချုပ် ဟန်ဆန်က ဖွင့်ပွဲအခမ်းအနားမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    129
    ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး မင်ခင်က နှစ်ထပ်ဆောင်ဖြစ်တဲ့ ဒီဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုအတွက် ကန်ဒေါ်လာ ၂.၉ သန်းလောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

    “ဒီဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်ခြင်းဟာ ကမ္ဘောဒီးယားမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ ပြီးတော့ ဒီလွတ်လပ်ခွင့်ဟာ အခြားသော ယုံကြည်ချက်တွေနဲ့ ဘာသာတရားတွေကို မထိခိုက်ဘူးဆိုရင် ဘာသာရေးလှုပ်ရှားဆောင်ရွက်မှုအားလုံးကို နိုင်ငံတော်က အာမခံပေးထားပါတယ်” လို့ မင်ခင်က ပြောကြားခဲ့ပါတယ်။

    ကမ္ဘောဒီးယားမွတ်စလင်လူ့အဖွဲ့အစည်းရဲ့ နာမ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်တဲ့ အွတ်စ်မန် ဟာဆန်က ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်လာတာဟာ နိုင်ငံတော်ရဲ့ ဗုဒ္ဓဘာသာအပြင် အခြားသော ဘာသာတရားတွေအပေါ်မှာ ကမ္ဘောဒီယားအစိုးရက မျှမျှတတ ဆက်ဆံတယ်ဆိုတာ ပြသလိုက်တာပဲလို့ ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ခမာမွတ်စလင် အရေအတွက်ဟာ ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

    ref:Xinhua
    Photo: Chim Nary

    1251 126 127 128