News @ M-Media

အသင်းပြဿနာအား မည်သို့ဖြေရှင်းရမည်ကို မသိတော့ဟု ဟစ်ဒင့်ပြော

မတ် ၂၉၊ ၂၀၁၅
M-Media

daley-blind-guus-hiddink-netherlands-turkey-european-championsip-qualifier_1u4gagr1vkba91lhs6mc7mkwzp

– မိမိတို့အသင်းမှာ ဥရောပ၏ အကောင်းဆုံးအသင်းမဟုတ်ဘဲ လက်ရှိအချိန်တွင် အသင်း၏ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမှန်း မသိတော့ဟု နယ်သာလန်အသင်း နည်းပြဖြစ်သူ ဂူစ် ဟစ်ဒင့်က ပြောကြားလိုက်သည်။

ယနေ့နံနက်က ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် တူရကီအသင်းနှင့် အိမ်ကွင်း၌ ကစားသည့်ပွဲတွင် နယ်သာလန်မှ ပွဲချိန်ပြည့်သည်အထိ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ပြီး နာကျင်အချိန်ပိုရောက်မှ ဆနိုက်ဒါ၏ ကန်ချက် လူထိလမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခြင်းကြောင့် ၁ ဂိုးစီ သရေကျခဲ့သည်။

အုပ်စု A တွင် နယ်သာလန်မှာ ထိပ်ဆုံးမှ ချက်အသင်းနှင့် ၆ မှတ်အကွာ တတိယနေရာတွင်ရှိနေပြီး ဟစ်ဒင့်ကမူ မိမိတို့အသင်းမှာ ဥရောပ၏ အကောင်းဆုံးအသင်းများထဲမှမဟုတ်ဟု တူရကီနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

“တစ်ကယ်တော့ အသင်း အကောင်းဆုံးကို ပြန်ရောက်အောင် ကျွန်တော်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး။ (ဒီပွဲဟာ) ကျွန်တော်တို့အတွက် ပွဲကောင်းတစ်ပွဲတော့ မဟုတ်ခဲ့ပါဘူ။ ဒါပေမယ့် ရလဒ်အတွက်တော့ ကျေနပ်ပါတယ်။ အဆုံးမှာတော့ ဒါဟာ အရေးပါတဲ့ သရေပွဲပါပဲ။ ကျွန်တော်တို့ သိပ်ပြီး အကြီးကြီးပြောလို့ မရပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ဥရောပရဲ့ ထိပ်တန်းအသင်းထဲမှာ မပါလို့ပါပဲ” ဟု ဟစ်ဒင့်က NOS သို့ ပြောကြားခဲ့သည်။

နယ်သာလန်အသင်းမှာ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ခြေစွမ်းကောင်းများပြသနိုင်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်ကို အနိုင်ကစားကာ တတိယနေရာ ရရှိခဲ့သည်။ သို့သော်လည်း ဟစ်ဒင်ကမူ မိမိတို့မှာ ယခုလက်ရှိ အခြေအနေကို ကြည့်ရမည်ဟု ပြောကြားခဲ့သည်။

Ref: Goal.com

Comments

Leave a Reply