News @ M-Media
Blog
  • ဆွီဒင်တွင် နှစ် ၁၀၀၀ အရင်က အစ္စလာမ့်အသုံးအဆောင် လက်စွပ်တစ်ကွင်း တွေ့ရှိ
    ဆွီဒင်တွင် နှစ် ၁၀၀၀ အရင်က အစ္စလာမ့်အသုံးအဆောင် လက်စွပ်တစ်ကွင်း တွေ့ရှိ
    မတ် ၂၂၊ ၂၀၁၅
    M-Media
    ancient islamic ring
    – ဗိုက်ကင်းခေတ် စကင်ဒီနေဗီးယားပြည်သူတွေနဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်းတို့အကြား နီးကပ်တဲ့ ဆက်နွယ်မှုကို ဖော်ပြနေတဲ့ ရှေးဟောင်း ငွေလက်စွပ်တစ်ကွင်းကို ဆွီဒင်နိုင်ငံမှာ တွေရှိခဲ့ပါတယ်။
    အဲဒီငွေလက်စွပ်မှာ “အလ္လာဟ်အရှင်မြတ်” လို့ အဓိပ္ပါယ်ရတဲ့ စာသားကို အာရဘီဘာသာစကားနဲ့ ထွင်းထုထားတဲ့ ခရမ်းရင့်ရောင် အဖိုးတန် ကျောက်တစ်လုံးကို တပ်ဆင်ထားပြီး ၁၈၀၀ ပြည့်နှစ်တွေလောက်ကတည်းက ဘီဂျော်ရ်ကို ကျွန်း ဘော့ဂ်ဒေသမြောက်ဘက်က သုဿန်တစ်ခုမှာ တူးဖော်တွေ့ရှိခဲ့တာပါ။
    ဆွေးမြေ့နေတဲ့ အမျိုးသမီးအရိုးစုရဲ့အနားမှာ အ၀တ်အစားတွေ၊ လက်ဝတ်လက်စားတွေနဲ့အတူ တွေ့ရှိခဲ့တာဖြစ်ပြီး သုတေသနပညာရှင်တွေကတော့ အဲဒီအမျိုးသမီးဟာ အေဒီ ၈၅၀ လောက်က မြှုပ်နှံထားတာဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။
    တူးဖော်တွေ့ရှိပြီးနောက်ပိုင်း ပြန်ပျောက်သွားတဲ့ ဒီရှေးဟောင်းလက်စွပ်ကို ဆွီဒင်က ဘီရ်ကာလို့ခေါ်တဲ့ ဗိုက်ကင်းရောင်းဝယ်ရေးစင်တာမှ သိပ်မကြာခင်ကပဲ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
    “ဒီလက်စွပ်ဟာ ဗိုက်ကင်းခေတ် စကင်ဒီနေဗီးယားတွေနဲ့ အစ္စလာမ်ကမ္ဘာတို့ တိုက်ရိုက် ကူးလူးဆက်ဆံမှုအတွက် သက်သေခံအထောက်အထားလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ စတော့ဟုမ်းတက္ကသိုလ်က သုတေသနပညာရှင်တွေက Scanning သိပ္ပံဂျာနယ်မှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။
    ဒီလက်စွပ်ရဲ့ အတွင်းပိုင်းအနေအထားအရ ၀တ်ဆင်ထားတဲ့ လက္ခာမျိုး မတွေ့ရတာကြောင့် ထူးခြားတယ်လို့လည်း သုတေသနပညာရှင်တွေက ဆိုပါတယ်။
    “စကင်ဒီနေဗီးယား ရှေးဟောင်းသုတေသနဆိုင်ရာ နေရာမှာ တွေ့ရှိရတဲ့ အာရဘီစကားလုံးနဲ့ တစ်ခုတည်းသော ဒီလက်စွပ်က ဆွီဒင်တွေရဲ့ ဗိုက်ကင်းခေတ် ပစ္စည်းတွေထဲက ထူးခြားတဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်” လို့ ၎င်းတို့က ထပ်လောင်း ရေးသားထားပါတယ်။
    မှန်၊ ကျောက်နဲ့ဆိုင်တဲ့ ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားကြတာဟာ စကင်ဒီနေဗီးယားနဲ့ အီဂျစ်နိုင်ငံတို့အကြားမှာ ဘီစီခေတ်ကာလကတည်းက ရှိခဲ့ကြတာပါ။
    အဲဒီ စကင်ဒီနေဗီးယားတွေနဲ့ မွတ်စင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်ကတည်းက ဆက်ဆံမှုတွေရှိကြတယ်ဆိုတဲ့ အထောက်အထားတွေကို ရှေးဟောင်းစာအုပ်တွေမှာလည်း တွေ့ရှိရပါတယ်။
    သမိုင်းပညာရှင်တွေကတော့ အစ္စလာမ့်လူ့အဖွဲ့အစည်းဟာ အလယ်ခေတ်ကတည်းက အနောက်နိုင်ငံ ခရစ်ယာန်လူ့အဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ တစ်ညီတစ်ညွတ်တည်း လက်ခံထားကြပါတယ်။
    အခုအချိန်မှာတော့ စကင်ဒီနေဗီးယားတိုင်းပြည်တစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံရဲ့ ၉ သန်းသော လူဦးရေမှာ ၄ သိန်းခွဲကနေ ၅ သိန်းအကြားဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ၂၀၁၁ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    Ref: Onislam
  • ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာအတွက် ချယ်ဆီးသာလျှင် သေချာနေသည်ဟု ၀င်းဂါးဆို
    ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာအတွက် ချယ်ဆီးသာလျှင် သေချာနေသည်ဟု ၀င်းဂါးဆို
    မတ် ၂၂၊ ၂၀၁၅
    M-Media
    1042012_heroa
    – ထိပ်ဆုံးမှ ချယ်ဆီ၊ မန်စီးတီးတို့နှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းလာသော်လည်း မိမိတို့အသင်းအနေဖြင့် ချန်ပီယံဘွဲ့အတွက် စိန်ခေါ်မှုတွင် ပါဝင်မည်ဟုတ်ဘဲ ချယ်ဆီးသာလျှင် ထိပ်ဆုံးနေရာအတွက် အလွန်သေချာနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ယမန်နေ့က နယူးကာဆယ်အသင်းအား ဂျရူး၏ သွင်းဂိုးများနှင့် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်မှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၂ ပွဲပိုကစားကာ ၄ မှတ်အကွာ တတိယနေရာတွင်ရှိနေပြီး ဒုတိယနေရာမှ မန်စီးတီးနှင့်မူ ၁ မှတ်သာ ကွာတော့သည်။
    သို့သော်လည်း ချယ်ဆီးသာလျှင် ချန်ပီယံဘွဲ့အတွက် အလွန်သေချာနေသည်ဟု ၀င်းဂါးက ဆိုသည်။
    “ချယ်ဆီးဟာ လုံခြုံမှုကောင်းကောင်းရှိနေပြီး အေးအေးဆေးဆေးဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ (ချန်ပီယံဘွဲ့ စိန်ခေါ်ဖို့အတွက်) ကောက်ချက်ချလို့ မရသေးပါဘူး။ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားရမယ်။ ပြီးတော့ အမှတ်တွေ ယူသွားရပါမယ်” ဟု ၀င်းဂါးက နယူးကာဆယ်နှင့်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် နယူးကာဆယ်နှင့်ပွဲတွင် မိမိတို့အသင်းသားများမှာ မောပန်းနွမ်းနယ်နေသည့် ပုံစံမျိုးကို မြင်ရကြောင်းပြောကြားခဲ့ပြီး ၂ ဂိုးသွင်းယူပေးခဲ့သည့် ဂျရူးကိုလည်း ချီးကျူးခဲ့သည်။
    “သူ သိပ်ကောင်းပါတယ်။ သူဂိုးသွင်းတာကို ခင်ဗျားတို့ မြင်ရမှာပါ။ ဒါပေမယ့် ဘောလုံးကိုလည်း ထိန်းထားနိုင်ပါတယ်။ သူ ဒီနေ့ တော်တော်ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်”
    ဂျရူးမှာ ယခုနောက်ပိုင်းပွဲစဉ်များတွင် အသင်းအတွက် ဂိုးများကို ပုံမှန်သွင်းပေးသူ ဖြစ်လာနေသည်။
    Ref: Goal.com
  • မွမ်ဘိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု တိုက်ခိုက်ခံရပြန်
    မွမ်ဘိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု တိုက်ခိုက်ခံရပြန်
    မတ် ၂၂၊ ၂၀၁၅
    M-Media
    India Shooting
    – အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ယမန်နေ့က မျက်နှာဖုံးစွပ်လူများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဟိန္ဒူအများစုရှိရာ အိန္ဒိယတွင် ခရစ်ယာန်ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ၏ နောက်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။
    လုံခြုံရေးကင်မရာအရ မျက်နှာဖုံးစွပ် အမျိုးသား ၃ ဦးမှာ စနေနေ့နံနက်အစောပိုင်းတွင် ဘုရားကျောင်းအား ခဲဖြင့်ပစ်ပေါက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
    “လူဆိုးသုံးယောက်က လမ်းဘက်ကနေပြီး ဘုရားကျောင်းရဲ့ဝင်ပေါက်ကို ခဲတွေနဲ့ပစ်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီနေရာကနေ ပြေးသွားခဲ့ကြပါတယ်။ ဆက်လက်စုံစမ်းမေးမြန်းဖို့အတွက် ဒီအမှုကို လက်ခံထားပါတယ်” ဟု မွမ်ဘိုင်းမြို့ အကြီးတန်း ရဲအရာရှိ ဆူရ်ယာဗန်ရှီက The Times of Inida သို့ ပြောကြားခဲ့သည်။ သို့သော်လည်း ဖမ်းဆီးမှုများ ပြုလုပ်ရခြင်း မရှိသေးဟု ၎င်းက ဆိုသည်။
    ဟိန္ဒို အမျိုးသားရေးပါတီ BJP အာဏာရပြီးနောက်ပိုင်း အိန္ဒိယတွင် ဘာသာရေးလူနည်းစုများအား တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွက် ခရစ်ယာန်ဘာသာဝင်များနှင့် ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများမှ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့သည်။
    ပြီးခဲ့သည့်သီတင်းပတ်ကလည်း နိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါလ်ပြည်နယ်ရှိ ခရစ်ယာန်သီလရှင်ကျောင်းတစ်ခုကို လူတစ်စုက ၀င်ရောက်လုယက်ခဲ့ပြီး သက်ကြီးရွယ်အို သီလရှင်တစ်ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့ကြသည်။
    ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် အခြားသော ခရစ်ယာန်ခေါင်းဆောင်များကမူ ထိုတိုက်ခိုက်မှုများအတွက်ပြီးခဲ့သည့်နှစ်မေလ မိုဒီဝန်ကြီးချုပ်ဖြစ်ကတည်းက ထကြွလာခဲ့သည့် ဟိန္ဒိယအမျိုးသားရေး သဘောထားတင်းမာသူများအပေါ် ပြစ်တင်ပြောဆိုခဲ့သည်။
    အိန္ဒိယ၏ သန်းပေါင်း ၁၂၀၀ ကျော်သော လူဦးရေတွင် ဟိန္ဒိုဘာသာ ကိုးကွယ်ကြသူများမှာ ၈၀ ရာခိုင်နှုန်းရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် အစ္စလာမ်သာသာတို့ကို ယုံကြည်ကိုးကွယ်သည့်သူများမှာလည်း ထုနှင့်ထည်နှင့် ရှိနေသည်။
    Ref: Alarabiya
  • သတ်ပစ်ရမည်ဟု ဆိုသည့် အမေရိကန်စစ်သားစာရင်းကို IS ထုတ်ပြန်
    သတ်ပစ်ရမည်ဟု ဆိုသည့် အမေရိကန်စစ်သားစာရင်းကို IS ထုတ်ပြန်
    မတ် ၂၂၊ ၂၀၁၅
    M-Media
    201278122134609734_20
    – IS အဖွဲ့မှ အသုံးပြုနေသည်ဟု ယူဆရသည့် ၀ဘ်ဆိုက်တစ်ခုတွင် အမေရိကန် စစ်သည် ၁၀၀ ၏ ဓာတ်ပုံများ၊ အမည်များ၊ နေရပ်လိပ်စာများကို ဖော်ပြလိုက်ပြီး ၎င်းတို့အား သတ်ဖြတ်ရန်လည်း ထောက်ခံအားပေးသူများကို
    တိုက်တွန်းခဲ့သည်။
    အဆိုပါအချက်အလက်များ လွှင့်တင်ပြီးနောက် ပင်တဂွန်က မိမိတို့အနေဖြင့် ထိုကိစ္စအတွက် စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    “ဒီအချက်အလက်တွေရဲ့ ခိုင်မာမှုကို ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး။ တပ်ဖွဲ့ဝင်တွေကိုတော့ သင့်လျော်တဲ့ ခြုံရေးလုပ်ငန်းတွေ၊ တပ်ကာကွယ်ရေးနည်းလမ်းတွေကို ကျင့်သုံးဆောင်ရွက်ဖို့ အမြဲတမ်း တိုက်တွန်းထားပါတယ်” ဟု အမည်မဖော်လိုသည့် အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတစ်ဦး၏ ယမန်နေ့က ပြောကြားမှုကို Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။
    “IS Hacking Division” ဟု ၎င်းတို့ကိုယ်ကို ရည်ညွှန်းသည့် အဆိုပါဝဘ်ဆိုက်မှာ စာရင်းပါ စစ်သားများကို သတ်ဖြတ်ခြင်းဖြင့် နောက်ဆုံးခြေလှမ်းကိုလှမ်းရန် ၎င်းတို့အား ထောက်ခံသူများကို တိုက်တွန်းထားပြီး၊ ထိုသတ်ဖြတ်မှု လွယ်ကူစေရန်အတွက် ယခုကဲ့သို့ စာရင်းထုတ်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ၀ဘ်ဆိုက်၏ မှန်ကန်မှု၊ IS နှင့် ဆက်နွယ်မှုတို့အတွက် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
    “ဆာဗာတွေ၊ ဒေတာဘေ့စ်တွေကနေ ရရှိခဲ့တဲ့ အချက်အလက်အများကြီးကနေ လိပ်စာ ၁၀၀ ကို ထုတ်ပြန်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှသာ အမေရိကန်မှာနေထိုင်တဲ့ ကျွန်တော်တို့ရဲ့ ညီနောင်တွေ ဆောင်ရွက်နိုင်မှာပါ” ဟု အင်္ဂလိပ်ဘာသာဖြင့် အဆိုပါ ၀ဘ်ဆိုက်တွင် ရေးသားထားသည်။
    သို့သော်လည်း အဆိုပါ အချက်အလက်များမှာ အမေရိကန်အစိုးရ၏ ဆာဗာများမှာ ဖောက်ယူရရှိသည့် အချက်အလက်များ မဟုတ်နိုင်ဟု New York Times သတင်းစာက ဖော်ပြခဲ့သည်။ ထို့ပြင် အဆိုပါ အချက်အလက်များမှ အများစုမှာ အများပြည်သူနှင့် သက်ဆိုင်သည့်မှတ်တမ်းများ၊ နေထိုင်ရာလိပ်စာကို ရှာဖွေသော ၀ဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာများက ရရှိခြင်းဖြစ်မည်ဟု အမေရိကန် ကာကွယ်ရေးဌာနမှ အမည်မဖော်လိုသူတစ်ဦး၏ ပြောကြားမှုကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။
    IS မှ ထုတ်ပြန်သော အမေရိကန် စစ်သားများစာရင်းတွင် ဓာတ်ပုံများ၊ နေရပ်လိပ်စာများ၊ တာဝန်ကျရာစခန်းများ ပါဝင်ခဲ့ပြီး၊ စစ်သားအချို့၏ ရာထူးအဆင့်များကိုလည်း ဖော်ပြခဲ့သည်။
    Ref: Aljazeera
  • အနာဂတ်အတွက် ကြောက်ရွံ့နေသည်ဟု ရီးယဲလ်နည်းပြ ဆို
    အနာဂတ်အတွက် ကြောက်ရွံ့နေသည်ဟု ရီးယဲလ်နည်းပြ ဆို
    မတ် ၂၂၊ ၂၀၁၅
    M-Media
    971372_heroa (1)
    – ဘာစီလိုနာနှင့်ပွဲမှာ အရေးပါသော်လည်း အခြားသောအရေးပါသည့်ပွဲများ ကစားရန်ရှိနေပြီး မိမိ၏ ထုတ်ပယ်ခံရမှုအတွက်လည်း ကြောက်ရွံ့မှု ရှိနေသည်ဟု ရီးယဲလ်မက်ဒရစ်နည်းပြ ကားလို့စ် အန်ဆယ်လော့တီက ပြောကြားလိုက်သည်။
    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှော်လ်ကာနှင့် ဒုတိယအကျော့တွင် ကစားပုံဆိုးရွားမှု၊ လာလီဂါထိပ်ဆုံးနေရာအား ဘာစီလိုနာလက်ထဲသို့ လွှဲပေးခဲ့ရမှု စသည်တို့ကြောင့် အန်ဆယ်လော့တီ၏ အနာဂတ်မှာလည်း မသေမချာ ဖြစ်လာခဲ့သည်။
    ယခုတစ်ပတ်တွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ကစားရမည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက ၄ မှတ်ကွာဟမည် ဖြစ်သောကြောင့် ထိုပွဲမှာ ရီးယဲလ်အတွက် အရေးပါသည့် ပွဲတစ်ပွဲလည်း ဖြစ်လာမည် ဖြစ်သည်။ အန်ဆယ်လော့တီကမူ ထိုပွဲတွင် ပို၍ ပါးနပ်သောသူက အနိုင်ရမည်ဖြစ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အက်သလက်တီကိုနှင့်ပွဲသာမက အခြားသော အရေးပါသည့် ပွဲများလည်း ရှိနေသးသည်ဟု ဆိုသည်။
    ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍လည်း “ကျွန်တော့်အနာဂတ်ဟာ မသေမချာဖြစ်နေတယ်လို့ ကျွန်တော် မခံစားရပါဘူး” ဟု အန်ဆယ်လော့တီက ဆိုသည်။
    ထို့ပြင် မိမိတို့အနေဖြင့် ယခုတစ်လောတွင် ကစားပုံမကောင်းသော်လည်း ယုံကြည်မှုမှာ ယခင်ကဲ့သို့ပင် ရှိနေကြောင်း၊ မိမိတို့ကစားသမားများမှာ တည်ငြိမ်ပြီး၊ ယုံကြည်မှုအပြည့်အ၀ ရှိနေကာ အကောင်းဆုံးပြိုင်ပွဲ ဖြစ်လာရန် အဆင်သင့်ဖြစ်နေကြောင်း အန်ဆယ်လော့တီက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal.com