မတ် ၂၇၊ ၂၀၁၅
M-Media
– အင်္ဂါနေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြို့တော်ဘန်ကောက်တွင် ရေကြီးမှုကို ကိုင်တွယ်မှု နှေးကွေးခဲ့ခြင်းအတွက် ထိုင်းဝန်ကြီးချုပ် ပရာယွန်ချန်အိုချာက စိတ်ဆိုးကာ မြို့တော်ခန်းမတွင် တာဝန်ရှိသူများအား ပြစ်တင်ခဲ့သည်ဟု သိရသည်။
မြို့တော်ဘန်ကောက်တွင် မိုးကြိုးမုန်တိုင်းများ ရှိမည်ဖြစ်၍ မိုးများကြီးနိုင်ကာ Saen Saep တူးမြောင်းမှ ရေများကို ကြိုတင်ရှင်းလင်း၍ အဆင်သင့်ပြင်ထားရန် တာဝန်ရှိသူများအား အသိပေးထားသော်လည်း အချိန်မီဆောင်ရွက်ခြင်းမရှိသောကြောင့် အင်္ဂါနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုပြီးနောက် ရေကြီးရေလျှံခဲ့ကာ ကားလမ်းကြောများ အလွန်အမင်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချန်အိုချာမှာ ထိုအဖြစ်အပျက်အား တားဆီးရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသောကြောင့် စိတ်ဆိုးခဲ့ကာ ကြာသာပတေးနေ့က မြို့တော်ခန်းမတွင် တာဝန်ရှိသူများအား ပြစ်တင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြို့တော်ခန်းမတို့အား ထိုပြဿနာမျိုး နောက်နောင် မဖြစ်ပွားရေး လိုအပ်သည်များကို ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်။
ဘန်ကောက်အုပ်ချုပ်ရေးမှူး Sukhumbhand Paribatra ကလည်း မိမိတို့ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မုန်တိုင်း၏ သက်ရောက်မှုကို လျှော့တွက်မိခဲ့သည်ဟု ၀န်ခံခဲ့သည်။
မိုးမှာ မြို့တော်၏ ရေစီးဆင်းမှုပမာဏထက် ပိုလျှံစွာ ရွာသွန်းခဲ့ပြီး အချို့နေရာများတွင် ရေများ အကုန်စီးဆင်းသွားရန် ၂ နာရီနှင့် အချို့နေရာများတွင် ၃ နာရီ ကြာမြင့်ခဲ့သည်။
“ဘန်ကောက်ဟာ မြစ်နဲ့နီးတဲ့မြို့ပါ။ တစ်ခါတစ်လေတော့ ရေကြီးတာမျိုးနဲ့ ကြုံရမှာပါ။ အဲဒီလို ရေကြီးတာမျိုး မလိုချင်ဘူးဆိုရင်တော့ တောင်ပေါ်မှာသာ သွားနေကြပါ” ဟု Paribatra ပြောကြားခဲ့သည်။
မြို့တော်ခန်းမမှ ပြောရေးဆိုခွင့်ရှိသူ Threedow Aphaiwongs က မြို့၏ အနိမ့်ပိုင်းဧရိယာများကို ပုဂ္ဂလိက က ပိုင်ဆိုင်ထားသောကြောင့် အခြေခံအဆောက်အဦးများ တိုးမြှင့်ခြင်းဖြင့် ရေလျှံမှုကို တားဆီးရန်မှာ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း မိုးမရွာမီအလျင် တူးမြောင်းရှိရေများအား တာဝန်ရှိသူများက အချိန်မီ ရှင်းလင်းခဲ့ခြင်းမရှိဆိုသည့် စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။
Ref: Bangkokpost
Comments