News @ M-Media

Blog

  • ငြိမ်းချမ်းအေး – အချစ်ဂျီဟဒ် ရှိသလား

    ငြိမ်းချမ်းအေး – အချစ်ဂျီဟဒ် ရှိသလား

    ငြိမ်းချမ်းအေး ရေးသည်။

    10941830_10153128926118704_170431775020291427_n

    မျိုးစောင့်ဥပဒေရဲ့ နောက်ဆက်တွဲထဲက တခုဖြစ်တဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေဟာ အခုဆိုရင် လွှတ်တော်က အတည်ပြုပြီးခဲ့ပါပြီ။ တစ်လင်တစ်မယားစနစ် ဥပဒေက လွှတ်တော်မှာ နောက်ဆုံးအစီရင်ခံစာတင်တဲ့ အဆင့်ရောက်နေပါပြီ။ တခြား ဥပဒေ (၂) ခု ဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းနဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာတွေကလည်း ဥပဒေကြမ်းအဆင့်ပြီးလို့ လွှတ်တော်မှာ ရောက်နေကြပါပြီ။

    ဒီထဲမှာ တစ်လင်တစ်မယား ဥပဒေကလွဲလို့ ကျန် (၃) ခုက လူထု လူအများကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ လိုတဲ့ တိုင်းပြည်အနာဂတ်အတွက် အမှန်တကယ် အရေးကြီး ကိစ္စပါ။ ဒါပေမဲ့ လူအများစုက ဘာသာရေး/လူမျိုးရေး ဆက်စပ်ဆိုတော့ “ငါနဲ့ မဆိုင်ပါဘူးလေ၊ ငါ့တို့ကို မထိပါဘူးလေ” သဘောနဲ့ ဘာသိဘာသာပဲ နေချင်ကြတယ်လို့ ယူဆမိတယ်။ စာနယ်ဇင်းမှာလည်း သတင်းပုံစံပဲ အများစု တွေ့ရတယ်။ ဆွေးနွေးတဲ့ သဘော အများအပြား မတွေ့ရသလို ဖြစ်နေတာ သတိထားမိတယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လူနည်းစု ဘာသာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်သံကလည်း အင်အားမကြီးခဲ့ဘူး။ ဒီလို ကန့်ကွက်မှုတွေ တိုးလျခဲ့လို့ကို အခု လွှတ်တော်မှာ ဥပဒေတွေ ပြဋ္ဌာန်းနိုင်တဲ့ အဆင့် ရောက်ခဲ့တာပါပဲ။

    တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဒဏ်ရာ ဒဏ်ချက်များ ဖြစ်တဲ့ ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ နိုင်ငံရေး အကျပ်အတည်း၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ မြေသိမ်းယာသိမ်း အစရှိတဲ့ အမှု အစုစုက မျက်မှောက်မှာ ထိပ်တန်းရောက်နေတာကြောင့်လည်း ပါတယ် ဆိုတာ နားလည်ပါတယ်။

    အမှန်တော့ ဥပဒေရေးရာက အင်မတန် အလေးထားဖို့လိုပါတယ်။ စစ်အစိုးရအဆက်ဆက် ဖိနှိပ်ရက်စက်မှုမျိုးစုံ ပြုလုပ်ခဲ့တာမှာ အခုနောက်ဆုံး လက်ပံတန်းမှာ ကျောင်းသားကို အကြမ်းဖက်ခဲ့မှု ဖြစ်စဉ်အထိ အားလုံး က တည်ဆဲဥပဒေတွေရဲ့ အရိပ်အာဝါသအောက်ကနေ လုပ်ခဲ့ကြတာပါ။ ဥပဒေအရတို့၊ တရားဝင်တို့၊ အမိန့်အရတို့ရဲ့ အကျိုးဆက်က သိပ်ကြီးပါတယ်။ နာဇီခေတ် ဂျာမဏီမှာ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်ခဲ့မှု အားလုံးဟာ အဲဒီခေတ် ဥပဒေတွေနဲ့ အားလုံး တရားဝင် ပါတယ်။

    ဒီလို သဘောကြောင့် ဥပဒေပြုမှုတွေဟာ အရေးကြီးပါတယ်။ အဲဒီမှာမှ အခုလို ဘာသာရေး၊ လူမျိုးရေး ခွဲခြားလိုမှု အခြေခံကလာတဲ့ ဥပဒေတွေက ပိုအလေးထား စဉ်းစားဆွေးနွေး၊ လုပ်သင့်တာ လုပ်၊ ကန့်ကွက်စရာ ရှိရင် ကန့်ကွက်ရာမှာပါ။

    ဒါကြောင့် ကျနော်ဟာ ဒီမျိုးစောင့်ကိစ္စအတွက် စတင်ရာ (၂၀၁၃) အင်းစိန်၊ ရွာမ သံဃာ ဆွေးနွေးပွဲတွေကနေ စ ပြီး နောက်ပိုင်း တလျှောက်လုံး ကြိုးကြားကြိုးကြား ပြန်လည် ဝေဖန် တနိုင် အသံထွက်ခဲ့ပါတယ်။ အခုလည်း ဥပဒေတွေ အတည်ပြုတဲ့ အဆင့်ထိတောင် ရောက်လာပြီမို့ ပြည်တွင်း ဂျာနယ်မှာ (၂) ပတ် ဆက် ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

    တကယ်တော့ အခု ကျောင်းသားသပိတ်၊ လောက်ကိုင်စစ် သတင်းတွေ အရေးကြီးချိန်မို့ ကျနော့် ဒီမျိုးစောင့်အတွက် တန်ပြန်တဲ့ စာတွေက လူစိတ်စားမှု ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော့် မူဝါဒက လူစည်ဖို့ မဟုတ်၊ နာမည်ကြီးဖို့ မဟုတ်ဘဲ ပြောသင့်ပြောထိုက်ကို ပြောမှ တနိုင် ကျင့်ဝတ်တာဝန် ကျေမယ်၊ ကိုယ့်ဘာသာ လိပ်ပြာသန့်နိုင်မယ် ခံယူထားလို့ လူအများ ကြိုက်ကြိုက် မကြိုက်ကြိုက် ရေးရခြင်းပါပဲ။

    အခု ဆောင်းပါးကတော့ အရင် ဆွေးနွေးခဲ့ဖူးပါတယ်။ ဒီတပတ် ထုတ်တဲ့ နောက်တပုဒ်ကတော့ အသစ် ဆွေးနွေးချက်ပါ၊ အတည်ဖြစ်သွားပြီ ဖြစ်တဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကို ဦးတိုက်ပြီး မျက်မှောက်ရေးရာ နိုင်ငံရေးနောက်ခံနဲ့ ဆွေးနွေးထားတာပါ။

    အခု တင်ဆက်တဲ့ (အရင်အပတ်ထုတ်) ပထမ ဆောင်းပါးမှာတော့ အရင် ဆွေးနွေးဖူးခဲ့တဲ့ ‘Love Jihad’ ကို ပြန်လည် တင်ပြထားပြီး မျိုးစောင့် ပစ်မှတ်ထားလိုတဲ့ ဗမာမွတ်ဆလင် အသိုင်အဝန်းအတွက် သတင်းစကား အကြံပြုထားခြင်းပါ။

    ဗမာမွတ်ဆလင် တွေအနေနဲ့ ဘာသာရေးကို အသုံးချနေတဲ့ အစိုးရကို အားမကိုးဘဲ နိုင်ငံတကာက ဘာသာရေး အဖွဲ့အစည်းမဟုတ်တဲ့ ဘက်မလိုက် လူမှုရေး အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း အကူအညီယူပြီး တိုင်းပြည်မှာ လူအများကြား အမုန်းတရားကျယ်ပြန့်အောင် စနစ်တကျ လုပ်နေတဲ့ စွပ်စွဲချက်တွေကို စနစ်တကျ သုတေသနဆန်ဆန် အချက်အလက်နဲ့ ပြန်လည် ချေဖျက်ဖို့ လိုကြောင်း အဓိက အကြံပြု ထောက်ပြ လိုခြင်းပါပဲ။

    ဆွေးနွေးမှုကို အောက်မှာ ရှုပါ ခင်ဗျား။ ဆန္ဒရှိပါကလည်း ပြန်လည် ဝေဖန် ထောက်ပြ ဆွေးနွေးပါ။

    ■ ‘အချစ်ဂျီဟဒ်’ အစ

    ‘Love Jihad’ ဆိုတဲ့ အသုံး လွန်ခဲ့တဲ့နှစ်များကစပြီး နိုင်ငံတကာမှာ ထင်ထင်ရှားရှား ဖြစ်လာတယ်။ ကျနော်တို့ဆီမှာလည်း ဒီသဘောကို နာမည်တပ်လိုက်တာ ဒုတ်ထိုးအိုးပေါက် ‘သားဖောက်သာသနာပြုခြင်း’ ပါတဲ့။ မြန်မာ စကားလုံးရဲ့ ဇာစ်မြစ်သမိုင်း ‘Etymology’ ကို စစ်ရင် နိုင်ငံတကာထက်တောင် စောဦးမလား မသိပါ။ နာမည်ကြီး စာရေးဆရာကြီး တချို့၊ ဘုန်းတော်ကြီး တချို့ အစ္စလာမ်အကြောက်အမုန်း ‘Islamophobia’ စိတ်အခံနဲ့ ဟိုးအရင် ဆယ်စုနှစ်လောက်ကတည်းက ဒီသဘောတွေ မြွက်ဟတတ်တာ သတိထားမိခဲ့ပါတယ်။

    ဒီမှန်းဆသီအိုရီ စွပ်စွဲချက်က မှန်နေရင် တော်သေးတယ်။ မမှန်ရင် အပြောခံရတဲ့ ဘာသာ/လူမျိုးကွဲ တဖက်အုပ်စုက အခံရခက်တာပေါ့။ ပြီးတော့ စကားလုံးအသုံး ပြင်းထန်မှုကြောင့် လူအများကြား ဟုတ်နိုးနိုးနဲ့ ပိုယုံထင်ကြောင်ထင် ဒွိဟဖြစ်လာ၊ ပြဿနာပိုကြီးလာ၊ ရှင်းဖို့ခက်လာပြီး တဖက်နဲ့ တဖက် မယုံသင်္ကာပိုဖြစ်၊ နောက်ဆုံး ပြင်းထန်တဲ့ ပဋိပက္ခတွေ အထိ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ တိုင်းပြည်မှာ ရာစုနဲ့ချီ တမြေတည်းနေ၊ တရေတည်းသောက်ခဲ့ကြတဲ့ မတူကွဲပြားတဲ့ နောက်ခံရှိ နိုင်ငံသား အချင်းချင်း ရေရှည်မှာ ဖျောက်ဖို့ခက်တဲ့ စိတ်ဝမ်းကွဲ ဒဏ်ရာအမာရွတ်တွေ ထင်ကျန်လာတော့တာပါပဲ။

    ■ ‘မျိုးစောင့်ဥပဒေ’ အကြောင်းရင်းခံ

    သံဃာတော်တချို့ ဦးဆောင်တောင်းဆိုမှုက အစပြုခဲ့ပြီး အခု လွှတ်တော်မှာတောင် တချို့ အတည်ပြုလိုက်ပြီ ဖြစ်တဲ့ ‘မျိုးစောင့်ဥပဒေများ’ ထုတ်ပြန်လိုမှုရဲ့ အရင်းစစ်က ဒီ ‘အချစ်ဂျီဟဒ်’ မှန်းဆသီအိုရီ (Conspiracy Theory) ကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ သတိပြုဖွယ်ရာက ဒီလိုသဘောနီးစပ် စကားမျိုးကို အပြောခံ အုပ်စုဘက်ကပါ ‘အပြောင်အပြက်’ ပြောလေ့ရှိတာကိုပါ။ ကျနော်ကိုယ်တိုင် မကြခဏ ဆိုသလို ကြားဖူးခဲ့တယ်။ ဘာသာကွဲနဲ့ လူငယ် ဘာသာဘာဝ ချစ်ကြိုက်မိရာက လက်ထပ်ဖို့အထိဖြစ်လာရင် ဘာသာတူ သူငယ်ချင်းများကြား နောက်ပြောင်ရင်း ‘ကောင်းတာပေါ့၊ သာသနာပြုပြီးသားလည်း ဖြစ်တာပေါ့..’ လို့ ‘ပြက်ချော်ချော်’ ပြောလေ့ရှိတာ သတိထာမိခဲ့တယ်။ ‘အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက်’၊ ‘အမှိုက်ကစ ပြဿဒ်မီးလောင်’ ပြီး အခုတော့ ဘာသာကွဲတွေကြားမှာ တကယ် အမြင်မှား၊ ထိထိရောက်ရောက် စွပ်စွဲ၊ အရေးယူချင်စရာ ဖြစ်လာခဲ့ခြင်းဟာ သက်ဆိုင်ရာ ဘာသာဝင်များ သတိပြုဆင်ခြင်ဖွယ်ပါ။

    ■ လက်ထပ်ခြင်းဆိုင်ရာ မတူညီတဲ့ ထုံးတမ်းများ

    ဒီ ‘အချစ် ဂျီဟဒ်’ မှန်းဆချက်ထုတ်မှုက အစွပ်စွဲခံအုပ်စုရဲ့ ဘာသာတရား အစ္စလာမ်ထုံးက လက်ထပ်ခြင်းဆိုင်ရာ ဓလေ့ကြောင့်လို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်သာသနာဟာ ပေါ်ထွန်းခဲ့တဲ့ ခေတ်နောက်ခံ၊ ပထဝီဝင် ဒေသ အခြေအနေကြောင့် အခြား ဘာသာကြီးတွေနဲ့ ယှဉ်ရင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ပိုပြီး တိတိကျကျ ဆိုသလို ပြဋ္ဌာန်း သတ်မှတ်ထားတာ လေ့လာမိသလောက် သတိပြုမိပါတယ်။

    ဥပမာ – စီးပွားရှာရမှာ ဘာသာ ပေါ်ဦးစ ဒေသတွင်း ခေတ်အနေအထား ကြီးစိုးနေတဲ့ အတိုးကြီးစားမှု ကို ပပျောက်စေချင်တော့ အတိုးယူ စီးပွားရှာမှုကို ပြင်းပြင်းထန်ထန် တားမြစ်တာမျိုး၊ ကျေးကျွန်တွေကို လွတ်ငြိမ်းချမ်းသာပေးတာမျိုး၊ အလုပ်သမား လုပ်ခ ကို ဘယ်လိုအချိန်၊ ဘယ်လိုပုံစံနဲ့ မျှမျှတတ ဘယ်လိုပေးရမယ် ဆိုတာမျိုးနဲ့ စီးပွားရှာရာမှရရှိတဲ့ အမြတ်ကို ဘယ်လို သုံးစွဲ၊ စုစောင်း၊ လှူဒါန်းမှုမျိုးပြုရမယ်ဆိုတာမျိုးတွေကို တိတိကျကျ လမ်းညွှန်တာမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှုနဲ့ မဆိုင်တဲ့ လွတ်လပ်တဲ့ လေ့လာသူ နိုင်ငံတကာ ပညာရှင်တွေက အစ္စလာမ် အယူဝါဒ ကို စတင်ဖော်ထုတ်တဲ့ ခေါင်းဆောင် တမန်တော် မုဟမ္မဒ် ကိုဆိုရင် သြဇာကြီးမားလှတဲ့ လူမှုရေး ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ပါ သတ်မှတ်လေ့ရှိကြတာကို တွေ့ရပါတယ်။

    ဆိုချင်တာက မွတ်ဆလင်တွေအတွက် လက်ထပ်ခြင်းနဲ့ ပတ်သက်လို့ တိတိကျကျ သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေရှိပါတယ်။ ဘာသာကွဲသူများအကြား အိမ်ထောင်ပြုမှု အတွက်လည်း အတိအကျ ပြဋ္ဌာန်းထားပါတယ်။ တခြား ဘာသာကြီးတချို့မှာဆိုရင် ဒီလို သတ်မှတ်ချက်မျိုး အတိအကျရယ် မရှိဘူးလို့ ဆိုနိုင်ပါတယ်။

    ဥပမာ – ကမ္ဘာ့ ရှေးအကျဆုံး ဘာသာကြီးတခုဖြစ်တဲ့ ဟိန္ဒူဘာသာယုံကြည်မှုအရဆိုရင် ဘုရားကို ရှာတဲ့ နေရာမှာ၊ ပရမတ္တသစ္စာကို ရှာရမှာ မရေမတွက်နိုင်တဲ့ ကွဲပြားတဲ့ လမ်းတွေ ရှိမယ်။ ဒါပေမဲ့ ခရီးအဆုံးမှာ (နိဗ္ဗာန်မှာ) အားလုံးဟာ အတူတူပဲ လို့ ယူဆတဲ့ အတွက် ဟိန္ဒူတယောက်နဲ့ ဟိန္ဒူမဟုတ်သူ တယောက် အကြားမှာ အဓိပ္ပာယ် သတ်မှတ်ချက် ကွဲပြားမှု မရှိပါဘူး။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှုဆိုတာ ပုဂ္ဂလိက အခွင့်အရေးနဲ့ ရွေးချယ်မှု သက်သက် ဖြစ်တယ်၊ ကြိုက်တဲ့ လမ်းရွေး၊ ကြိုက်တာ ကိုးကွယ် ဆိုတဲ့ အယူအဆ အရ ဘာသာကွဲနဲ့ လက်ထပ်မှု ကို သတ်သတ်မှတ်မှတ် လမ်းညွှန်မှု ပြုမထားဘူး။ ဟိန္ဒူအသိုင်းအဝန်းမှာ လူမှုရေးထုံးအရတော့ ရှေးရိုးစွဲများအကြား မတူကွဲပြားအိမ်ထောင်ပြုမှုအပေါ် ပြင်းထန်တဲ့ တားမြစ်ချက်သဘောထားတွေ ရှိပါတယ်။ ဘာသာရေးအရ သီးသန့်လမ်းညွှန်မထားခြင်းကိုသာ ဆိုလိုတာပါ။

    ခရစ်ယာန်ဘာသာမှာ ဆိုရင်လည်း သမ္မာကျမ်းစာကို ဘုရားကျောင်းတော် (ဂိုဏ်း) တခုနဲ့တခု အနက်ကောက်ရာမှာ မတူညီတဲ့ အတွက် ဘာသာကွဲ လက်ထပ်မှု ခွင့်ပြုတာ ရှိသလို၊ ပြင်းထန်တဲ့ အဖွဲ့တွေမှာလည်း တားမြစ်ထားတာ ရှိပါတယ်။ ဓမ္မသစ်ကျမ်းစာမှာ ယုံကြည်မှုမရှိသူ လင် (သို့မဟုတ်) မယားဟာ ယုံကြည်မှုရှိသူ မိမိ အိမ်ထောင်ဖက်မှ တဆင့် မြင့်မြတ်တဲ့ ကောင်းကင်ဘုံကို ရောက်နိုင် တယ် ဆိုတဲ့ သဘောမျိုး ပါတဲ့အတွက် ယေဘုယျ သဘော ဘာသာကွဲနဲ့ လက်ထပ်ခြင်းကို ခွင့်ပြုထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လက်ထပ်မှုပုံစုံ ဘယ်လို၊ ဘယ်ပုံ ဆိုပြီး အတိအကျ လမ်းညွှန်ထားမှုမျိုးတော့ မရှိပါဘူး။

    (စကားချပ် – ကိုးကွယ်ယုံကြည်မှုတွေမှာ ဘာသာတူချင်းတောင်မှ ဂိုဏ်းအမျိုးမျိုးကွဲ၊ ကောက်ယူပုံ၊ နေထိုင်၊ ကျင့်ကြံပုံ အမျိုးမျိုး ရှိပါတယ်။ အခုရေးသားချက်တွေဟာ ယေဘုယျ သဘောသာ ဖြစ်ပါတယ်။)

    ဗုဒ္ဓဘာသာမှာ ဆိုရင်လည်း ကိလေသာနဲ့ ဆက်စပ်တဲ့ အိမ်ထောင်သားမွေးပြုမှုဟာ ဘာသာတရားနဲ့ မပတ်သက်တာကြောင့် လက်ထပ်မှုအပြုဟာ ဘာသာရေးနဲ့ လုံးလုံးမသက်ဆိုင်တဲ့ကိစ္စ ‘Pure Secular Affair’ အဖြစ် သတ်မှတ်ပါတယ်။ ငါးပါးသီလလို ကျင့်ဝတ် ဆိုင်ရာ လမ်းညွှန်ချက်တွေမှာ လိင်ပိုင်းဆိုင်ရာ မလျော်မကန် မပြုအပ်ဖို့ တားမြစ်ထားတဲ့ အချက်တော့ ရှိပါတယ်။ ဒါပေမဲ့ အိမ်ထောင်မှုပြုခြင်း အတွက် သီးသန့်လမ်းညွှန်မှုမျိုးတော့ အတိအကျ မရှိပါဘူး။ ယေဘုယျ ဆိုရရင် ဗုဒ္ဓဟာ ဆင်းရဲခြင်း ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း ညွှန်ကြားရာမှာ မွေးဖွား၊ ကြီးပြင်း၊ အို၊ နာ၊ သေ အားလုံးဟာ ဆင်းရဲခြင်းချည်းပဲဆိုတဲ့ ဒုက္ခသစ္စာ အမှန်တရား ကို သိမြင် ရှုတတ်အောင် လမ်းပြခဲ့တဲ့အတွက် အိမ်ထောင်သားမွေးပြုခြင်းရဲ့ ဒုက္ခ ဆင်းရဲခြင်းကို ဟောကြားခဲ့တာတွေ ရှိပါတယ်။ အတိုဆိုရရင် ဗုဒ္ဓဘာသာဝင်တွေ အဖို့ လက်ထပ်ထိမ်းမြားခြင်းဟာ လောကီလူမှုကိစ္စသက်သက်၊ ဘာသာတရားနဲ့ လုံးလုံး မဆပ်စပ်ဘူးလို့ ဆိုနိုင်ပါတယ်။

    အစ္စလာမ်အယူမှာတော့ အိမ်ထောင်ပြုမှုအတွက် လမ်းညွှန်ချက်တွေ သီးသန့်ရှိပါတယ်။ မွတ်ဆလင် အမျိုးသမီးတွေကို ဘာသာကွဲနဲ့ လုံးလုံး လက်ထပ်ခွင့်မပေးပါဘူး။ အမျိုးသားတွေကိုတော့ ကျမ်းစာပါ အခြား ဘာသာ နှစ်ခု ဖြစ်တဲ့ ဂျူး နဲ့ ခရစ်ယာန် ဘာသာဝင် အမျိုးသမီးတွေနဲ့ လက်ထပ်ခွင့်ပေးပါတယ်။ သားသမီးကိုလည်း မွတ်ဆလင် အဖြစ်သာ ကြီးပြင်းစေရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီလို အတိအကျ ပြဋ္ဌာန်းထားခြင်းကလည်း ဘာသာအယူ စတင်ထူထောင်ချိန်က အစ္စလာမ်ဝါဒဟာ ပေါ်ထွန်းရာဒေသတွင်းမှာ အပြင်းအထန် နှိပ်ကွပ်မှုတွေဒဏ်ခံခဲ့ရခြင်းကြောင့် ကာကွယ်တဲ့ သဘော ဆောက်ရွက်ခဲ့ဟန်ရှိတယ်လို့ သမိုင်းနဲ့ယှဉ် သုံးသပ်နိုင်ပါတယ်။

    ဒီသဘောကြောင့် ဒါဟာ မွတ်ဆလင် ဘာသာဝင် အရေအတွက် တိုးပွားအောင် စနစ်တကျ ကြံဆောင်ထားခြင်းသာ ဖြစ်တယ် ဆိုပြီး မှန်းဆသုံးသပ်ကြတဲ့ ‘အချစ်ဂျီဟဒ်’ သီအိုရီ ပေါ်လာခြင်း ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ မွတ်ဆလင် အမျိုးသားတွေဟာ မွတ်ဆလင် မဟုတ်တဲ့ အခြား ဘာသာဝင် အမျိုးသမီးတွေ၊ အထူးသဖြင့် လူမှု၊ စီးပွား တခုခု ချို့ယွင်းမှု ကြောင့် သိမ်းသွင်းဖို့ပိုလွယ် ‘Vulnerable’ ဖြစ်တဲ့ အမျိုးသမီးတွေကို ချစ်ခင်စုံမက်မှု အကြောင်းပြ လက်ထပ်ပြီး ဘာသာထဲကို သွတ်သွင်းကြရင်း သာသနာပြန့်ပွားအောင် လုပ်နေခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆ စွပ်စွဲမှု တရပ် ဘာသာမတူသူတွေကြားမှာ ဖြစ်လာပါတော့တယ်။

    ■ အိန္ဒိယ ဖြစ်စဉ်

    လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အိန္ဒိယမှာ အစ္စလာမ်အခြေခံဝါဒီ အုပ်စုတစုက ဦးစီးပြီး ‘အချစ်ဂျီဟဒ်’ ဆင်နွှဲကာ သူတို့ ဘာသာဝင် အမျိုးသမီးငယ်တွေကို အစ္စလာမ်ဘာသာထဲကို သိမ်းသွင်းနေတယ်ဆိုပြီး ဟိန္ဒူနဲ့ခရစ်ယာန် ဘုန်းကြီးတွေက စွပ်စွဲခဲ့ဖူးပါတယ်။ ဒီလို စနစ်တကျနဲ့ လူပ်ရှားမှု ‘Campaign’ ပုံသဏ္ဌာန် ဆောင်ရွက်နေတဲ့ အစ္စလာမ်အုပ်စုကို နိုင်ငံခြားက အစ္စလာမ် အဖွဲ့တွေကလည်း ငွေကြေးထောက်ပံ့ ကူညီပြီး အားပေးနေတယ်ဆိုပြီး တပါတည်း ဆိုလာခဲ့ကြပါတယ်။ ဒါကြောင့် အစိုးရနဲ့ တရားရေး အဖွဲ့တွေက ဒီကိစ္စကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ဖူးကြပါတယ်။ ပုဂ္ဂလိက တဦးချင်း ဆန္ဒနဲ့ မိမိ ဇနီး၊ မယား ဘာသာခြားကို အဓမ္မ ဘာသာပြောင်းခိုင်းမှုတချို့ တွေ့ရှိခဲ့ပေမဲ့ အဖွဲ့အစည်း ပုံစံ၊ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်မှု ပုံစံမျိုးနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လုပ်တာမျိုး မတွေ့ရဘူးလို့ စစ်ဆေး ဖော်ထုတ်တွေ့ရှိချက်ကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ အမျိုးသားရေး စာနယ်ဇင်း တချို့က ဒီကိစ္စကို အလေးပေး ရေးသား ဆွေးနွေးနေဆဲပါ။ အထူးသဖြင့် ဘာသာရေး အစွန်းရောက်တွေက မုန်းတီးမှုတွေ လူအများကြား ပြန့်နှံ့စေဖို့ အွန်လိုင်းမှာ အင်တိုက်အားတိုက် ဝါဒဖြန့်နေကြဆဲပါပဲ။

    ■ ယူကေ ဖြစ်စဉ်

    ဗြိတိန်နိုင်ငံမှာလည်း အလားတူ စွပ်စွဲမှုမျိုး နိုင်ငံသား အိန္ဒိယအနွယ် ဆစ်ခ်လူမျိုးစု အသိုင်းအဝန်းမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဆစ်ခ် အမျိုးသမီးငယ် ပညာတတ်လေးတွေဟာ မွတ်ဆလင်တွေရဲ့ ပစ်မှတ်ထား ‘အချစ်ထောင်ခြောက်’ နဲ့ သိမ်းသွင်းခြင်း ခံနေရတယ်။ နောက်ပိုင်းမှာ အဓမ္မ ဘာသာပြောင်းခံရမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ် ဆိုပြီး ဆစ်ခ်တွေကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့် (၂၀၀၈) ခုနှစ်တုန်းက လိဒ်စ်တက္ကသိုလ် ‘လူမျိုးစု နှင့် လူမျိုးရေးခွဲခြားမှု လေ့လာရေး’ ဌာန က ဦးစီးပြီး လွတ်လပ်တဲ့ ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှု လုပ် စစ်ဆေး တွေ့ရှိချက်ကို အစီအရင် ခံစာ ထုတ်ခဲ့ရဖူးပါတယ်။ လေ့လာချက်အရ်စွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိဘဲ ချဲ့ကားပြောဆိုမှုတွေသာ ဖြစ်တယ် ဆိုတာ တွေ့ရှိခဲ့တယ်။ မွတ်ဆလင်တွေကို မကောင်းဆိုးဝါးတွေ အဖြစ် ယူဆနေတဲ့ အစ္စလာမ် အကြောက်၊ အမုန်း ရောဂါရဲ့ လက္ခဏာ တရပ်သာ ဖြစ်တယ်ဆိုပြီး အဆုံးသတ် ကောက်ချက်စွဲ ထုတ်ပြန် ခဲ့ရဖူးပါတယ်။

    ■ ဗမာပြည် ဖြစ်စဉ်

    ဆိုလိုချင်တာက ‘အချစ်ဂျီဟဒ်’ ပြဿနာ ဟာ နိုင်ငံတကာမှာလည်း စိုးရိမ်စွပ်စွဲမှုတွေ ရှိခဲ့တယ်။ မှန်ကန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လည်း ပြုခဲ့တယ် ဆိုတာကို မြင်စေလိုခြင်းပါ။ အခု ကျနော်တို့ဆီမှာလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အစ နိုင်ငံရေး ပယောဂကြောင့်လည်းပါတဲ့ ဘာသာရေး အမုန်းပွားမှု၊ အကြမ်းဖက်မှုတွေနဲ့အတူ ဒီ ‘အချစ်ဂျီဟဒ်’ သဘောကို အသားပေး လူအများကြား ပြောဆို၊ ဆွေးနွေးလာကြသလို၊ ဘာသာရေးအစွဲကြီးသူ တချို့ကလည်း အွန်လိုင်း/ပြင်ပ ပြင်းပြင်းထန်ထန် ဝါဒဖြန့်ချိ လာကြပါတယ်။ ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်စေလိုသူတွေ၊ ခေတ်နောက်ပြန်ဆွဲသမားတွေ၊ အစွန်းရောက် ကျဉ်းမြောင်းသူတွေကလည်း နေရာတိုင်းမှာ ဘာသာမတူသူချင်းအကြား ပိုမို အထင်အမြင် လွဲမှားစရာ အဖြစ်အပျက်တွေကို ချဲ့ကား ဖော်ထုတ်ခြင်း၊ မမှန်အချက်အလက်များကို ပုံဖျက် ဖြန့်ဖြူးနေခြင်းဖြင့် လူအုပ်စု နှစ်စု အကြား အမုန်းတရားနဲ့ သံသယဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပြန့်နှံ့လာနေပါတယ်။ မန္တလေးက နာမည်ကျော် အမျိုးသားရေးကိုယ်တော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဆို နေ့စဉ် ဒီကိစ္စဆက်စပ်ချည်းပဲ အတင်းချရာ၊ ဝါဒဖြန့်ရာ နေရာဖြစ်လို့နေပါတယ်။ အခုနောက်ဆုံး အစိုးရနဲ့ လွှတ်တော်ကလည်း မလိုလားအပ်တဲ့ အငြင်းပွားဖွယ် ဥပဒေတွေပြုဖို့အထိ ဖြစ်လာခဲ့ရပါပြီ။

    ■ ဘာစလုပ်သင့်သလဲ

    ဖြစ်သင့်တာက နိုင်ငံတကာမှာလို အစိုးရ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက ဦးစီးပြီး လွတ်လပ်မျှတပြီး မြင်သာ ထင်သာရှိတဲ့ ပညာရပ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုမျိုး အရင် ပြုလုပ်ရပါမယ်။ ပြီးတော့ ထုတ်ဖော်တွေ့ရှိချက် ကို အများပြည်သူနဲ့ နိုင်ငံတကာ၊ အထူးသဖြင့် ကမ္ဘာ့မွတ်ဆလင် အသိုင်းအဝန်းကို မှန်မှန်ကန်ကန် အကျိုး/အကြောင်း အညီ ချပြနိုင်ရပါမယ်။ ‘အချစ်ဂျီဟဒ်’ သီအိုရီဟာ လူအများ ထင်ယောင်မှားမှုလား၊ အစ္စလာမ် အမုန်းရောဂါ ရဲ့ ပြဿနာ နောက်ဆက်တွဲလား၊ ဒါမှမဟုတ် တကယ်ပဲ လက်တွေ့ လူ့အဖွဲ့အစည်းက အမျိုးသမီးငယ်တွေ ခံစားနေရသလား ဆိုတာ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု အရင်လုပ်ရပါမယ်။ လူမျိုး/ဘာသာအစွန်းရောက်တွေ အွန်လိုင်းနဲ့အပြင်မှာ လက်လွတ်စပယ်၊ လေဖမ်းဝါးလုံးတန်းချည် ပြောဆို၊ ရေးသား နေမှုမျိုး၊ အမှန်တဝက် အမှားတဝက် ရောစွက် ပုံဖျက်ထားတဲ့ အချက်အလက်မျိုး၊ အမုန်းစကားပွား ဝါဒဖြန့် မှိုင်းတိုက်နေမှုမျိုးတွေကို အခြေခံပြီး ဥပဒေတွေပြုချင်လို့ မဖြစ်ပါ။ ဘက်မလိုက်၊ အစွဲကင်းတဲ့ ပကတိ အခြေအမှန်ကို အရင်သိအောင် သုတေသန ပြုရပါမယ်။

    တကယ်တော့ ကျနော်တို့ ပြည်တွင်းမှာလည်း ‘Love Jihad’ စွပ်စွဲမှုဟာ နိုင်ငံတကာမှာလိုပဲ ယုတ္တိကျတဲ့ အချက်အလက်ကို နောက်ခံ ထားခြင်း မဟုတ်ပါ။ အမုန်းတရားဖြန့်ဖြူးခြင်းသက်သက်ပါပဲ။ ဒါကို ချေဖျက်နိုင်အောင်၊ နောက်ဆက်တွဲ ဖြစ်ပေါ်နေတဲ့ မလိုလားအပ်တဲ့ ဥပဒေတွေ၊ အမုန်း၊ အာဃာတ၊ အငြိုး၊ ရန်ပွဲတွေ တိုင်းပြည်မှာ ဆက်လက် ရှင်သန် မီးမတောက်အောင် ဗမာမွတ်ဆလင် (ဗမာပြည်က နိုင်ငံသား အစ္စလာမ် ဘာသာဝင်) အသိုင်းအဝန်းကိုယ်တိုင်က ဦးဆောင် ဆော်သြပြီး သိပ္ပံနည်းကျ ပညာရပ်ဆန်ဆန် လေ့လာမှုတွေ အဖွဲ့ပေါင်းစုံပါ ဘက်မလိုက်အဖွဲ့တွေနဲ့ အတူ ပြုလုပ်ဖို့ လိုနေပါတယ်။

    ‘သားဖောက်သာသနာပြုနေတယ်’ ရိုးစွပ်လိုမှု ပပျောက်သွားရင် အမုန်းတရားပွားလိုသူများရဲ့ လှည့်ကွက် စနက်တွေ အလုပ်ဖြစ်အောင်မြင် တွင်ကျယ်တော့မှာ မဟုတ်ပါ။ ဒါမှ ဘာသာ/လူမျိုးစုံ ချစ်ကြည် ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာပါ။ အချစ်ဂျီဟဒ်နဲ့ အစ္စလာမ်အမုန်းရောဂါ ဆက်စပ်အကြောင်းအရာတွေ နောက်အပတ်တွေမှာ ဆက်လက် ဆွေးနွေး တင်ပြပါမယ်။

    ငြိမ်းချမ်းတဲ့ လူ့ဘောင်သစ်ကို မျှော်ရည်လျက်…။

    ငြိမ်းချမ်းအေး
    “အချစ်ဂျီဟဒ် ရှိသလား”
    မတ် ၀၃၊ ၂၀၁၅ (အသစ်ပြင်ဆင်တည်းဖြတ် ရေးခဲ့သည့် ရက်စွဲ)

    (မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် အမျိုးသားရေး သံဃာတော်များ အင်းစိန်၊ ရွာမ ပရိယတ္တိစာသင်တိုက်တွင် ဆွေးနွေးတိုက်တွန်း ကနဦး ကြေညာချက်ထုတ်ပြန်ခဲ့သည့်ကာလ (၂၀၁၃) ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် မိုးမခ၌ တုံ့ပြန် ပြန်လည်ဆွေးနွေး ရေးသားခဲ့သည့် “Love Jihad Conspiracy: ‘အချစ်ဂျီဟဒ်’ ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ” ဆောင်းပါးဟောင်းကို ကျောရိုး အခြေခံ၍ အသစ် ပြန်လည်ရေးခဲ့ခြင်း ဖြစ်သည်။ မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၄)၊ (၂၀၁၅) ခုနှစ် မတ်လ (၀၆) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။ ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ [email protected] သို့လည်း စာရေးနိုင်ပါသည်။)

    မူလ မိုးမခ ဆောင်းပါး: “Love Jihad Conspiracy: ‘အချစ်ဂျီဟဒ်’ ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ”
    @ http://gita.cc/archives/1585
    http://www.moemaka.blogspot.com.au/2013/06/nyein-chan-aye-love-jihad-and-next.html

    ဆောင်းပါးရှင် ငြိမ်းချမ်းအေး၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • အီရတ်ရှိ ပထမဆုံး ခရစ်ယာန်တပ်မဟာသစ် သင်တန်းဆင်း

    အီရတ်ရှိ ပထမဆုံး ခရစ်ယာန်တပ်မဟာသစ် သင်တန်းဆင်း

    မတ် ၁၃၊ ၂၀၁၅
    M-Media

    IRAQ-CONFLICT-KURDS-CHRISTIAN

    – IS အား တော်လှန်ရန်နှင့် ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်သိမ်းယူရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသော ပထမဆုံး အီရတ်ခရစ်ယာန်တပ်မဟာသစ် တစ်ခုမှာ ယမန်နေ့က သင်တန်းဆင်းခဲ့သည်ဟု သိရသည်။

    အဆိုပါ တပ်မဟာသစ်မှာ IS များကို ဦးဆောင်တိုက်ခိုက်နေသော ကာ့ဒ်တပ်ဖွဲ့ Peshmerga တည်ရှိရာ ကာ့ဒ်ဒေသတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ဆီးရီးယား၊ တူရကီနိုင်ငံတို့နှင့် နီးသည့် အီရတ်နိုင်ငံမြောက်ပိုင်း ဖစ်ရှ်ခါဘောရ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သော သင်တန်းဆင်းပွဲတွင် အဆိုပါ ခရစ်ယာန် တပ်မဟာမှာ ချီတက်လမ်းလျှောက်ခြင်း၊ စစ်ရေးပြခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ကာဒ့်နှင့် အက်ဆီရီယန် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

    အီရတ်ခရစ်ယာန်အများစုမှာ လွန်ခဲ့သည့် ၇ လ IS အဖွဲ့က တိုက်မှုများ မပြုလုပ်ခင် မူဆိုးလ်မြို့နှင့် ကာဒ့်မြို့တော် အာရ်ဘီလ်တို့ကြားရှိ နိုင်ဗာဟ်မြေပြန့်လွင်ပြင်တွင် နေထိုင်ကြသူများ ဖြစ်သည်။

    “နိုင်ဗဟ်ဒေသက ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီနောင် ၆၀၀ လောက်ဟာ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စစ်ဘက်ဆိုင်ရာ သင်ကြားမှုနဲ့ သေနတ်ပစ်လေ့ကျင့်ခန်းတွေကို သင်ကြားပေးတဲ့ ဒီသင်တန်းကို တက်ရောက်ခဲ့ကြပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေအားလုံးဟာ ကိုယ့်သဘောနဲ့ကိုယ် ၀င်ရောက်လာကြတာပါ။ သူတို့ရဲ့ မြေကို IS ရဲ့လက်ထဲက လွတ်မြောက်ချင်ပြီး ထိန်းသိမ်းထားချင်ပါတယ်” ဟု လေ့ကျင့်ရေးအကယ်ဒီမှ တပ်မှူး အဘူ ဘာကာရ် အစ္စမာအီလ်က သင်တန်းဆင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

    အဆိုပါ တပ်မဟာသစ်ကို “Tiger Guards” ဟု အမည်ပေးထားပြီး ဒေသအတွင်းရှိ ဘုရားကျောင်းများကို ကာကွယ်ရန် ၂၀၀၄ ခုနှစ်က ဖွဲ့စည်းထားသော အက်ဆီရီယန်တပ်ဖွဲ့မှ အကြွင်းအကျန်များကို စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

    ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသသို့ IS များ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လ အစောပိုင်းတွင် ခရစ်ယာန်ဦးရေ ၁၀၀၀၀၀ ခန့်မှာ ၎င်းတို့၏ နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Alarabiya

  • Twitter တွင်ဆဲရေးခဲ့သည့် ကာလ်တန်ကိုးလ် ဒဏ်ငွေ ရိုက်ခံရ

    Twitter တွင်ဆဲရေးခဲ့သည့် ကာလ်တန်ကိုးလ် ဒဏ်ငွေ ရိုက်ခံရ

    မတ် ၁၃၊ ၂၀၁၅
    M-Media

    1034082_heroa

    – ဘောလုံသမားတစ်ယောက်အနေဖြင့် မသင့်တော် မလျော်ကန်သည့် မှတ်ချက်မျိုးကို ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည့် ၀က်စ်ဟမ်းတိုက်စစ်မှူး ကာလ်တန်ကိုးလ်အား FA က ပေါင် ၂၀၀၀၀ ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်လက စပါးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ၀က်စ်ဟမ်းမှာ ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၂ ဂိုးပြန်ပေးလိုက်ရကာ သရေကျသည့် ပွဲအပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ Twitter စာမျက်နှာတွင် ပေးထားသော ပြိုင်ဘက်ပရိတ်သတ်တစ်ယောက်၏ မှတ်ချက်ကို ကာလ်တန်ကိုးလ်က ဆဲရေးတိုင်းထွာကာ ပြန်လည် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

    ထိုအပြုမှုမှာ FA ၏ စည်းမျဉ်းစည်းကမ်းများဖြင့် ငြိစွန်းသည်ဟုမှတ်ယူသောကြောင့် FA က ထိုကဲ့သို့ အရေးယူခဲ့ခြင်ဖြစ်ပြီး ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် “အနာဂတ်အပြုအမူအတွက် ပြင်းပြင်းထန်ထန် သတိပေးခံထားရတဲ့ ၀က်စ်ဟမ်းကစားသမား (ကာလ်တန်ကိုးလ်) က သူ့ရဲ့ Twitter မှာရေးတဲ့မှတ်ချက်ဟာ FA ရဲ့ ဥပဒေ E3 ကို ချိုးဖောက်တဲ့ ဆဲရေးသော သို့မဟုတ် စော်ကားသော၊ သို့မဟုတ် မသင့်လျော်သော သို့မဟုတ် ပြိုင်ပွဲအား မလေးမစားဖြစ်စေသော မှတ်ချက်ဆိုတာ ၀န်ခံခဲ့ပါတယ်” ဟု ဖော်ပြခဲ့သည်။

    ကာလ်တန်ကိုးလ်မှာ ဆိုရှယ်မီဒီယာတွင် မှတ်ချက်ရေးခဲ့မှုအတွက် အရေးယူခံရခြင်းမှာ ယခုအချိန်သည် ပထဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၁ ခုနှစ် မေလအတွင်းက အင်္ဂလန်နှင့် ဂါနာတို့၏ ခြေစမ်းပွဲအပြီး လူမျိုးရေး ထိခိုက်စေသော မှတ်ချက်ကို Twitter တွင်ရေးသားခဲ့သည့်အတွက် ဒဏ်ငွေရိုက်ခဲ့ရပြီး ၎င်းက နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။

    Ref: Goal.com

  • ဖာဂူဆန်တွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးကို အဆင့်မြှင့်ထား

    ဖာဂူဆန်တွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးကို အဆင့်မြှင့်ထား

    မတ် ၁၃၊ ၂၀၁၅
    M-Media

    Police officers respond to a fellow officer hit by gunfire outside the Ferguson Police Headquarters in Ferguson

    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်ရှိ ဖာဂူဆန်မြို့ ရဲဌာနအပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ချောင်းမြောင်းပစ်ခတ်ခြင်း ခံခဲ့ရပြီးနောက် လုံခြုံရေးကို အဆင့်မြှင့်ထားသည်ဟု စိန့်လူးဝစ်ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ ဂျွန် ဘဲလ်မာရ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် သြဂုတ်လက လူမည်းငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်မှုနှင့်ပတ်သက်၍ အမေရိကန် တရားရေးဌာနက စုံးစမ်းစစ်ဆေးမှုများ ပြလုပ်ခဲ့ပြီးနောက် မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖာဂူဆန် ရဲတပ်ဖွဲ့နှင့် တရားရုံးတို့မှာ လူမျိုးရေးခွဲခြားမှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြခဲ့ပြီး၊ ထိုကိစ္စကို ဖာဂူဆန်ရှိ ပြည်သူများက မကျေမနပ်ဖြစ်ကာ ယမန်နေ့က ရဲစခန်းရှေ့၌ ဆန္ဒပြခဲ့ကြသည်။

    အဆိုပါ ဆန္ဒပြမှုတွင် လူပေါင်း ၁၀၀ ခန့် ပါဝင်ခဲ့ပြီး “ကျွန်ုပ်တို့ တရားမျှတမှု မရပါက၊ သူတို့ (ရဲများ) လည်း ငြိမ်းချမ်းမှုမရ” ဟု ဟစ်အော်ခဲ့ကြသည်။ ထို့ပြင် ဖာဂူဆန်အုပ်ချုပ်ရေးမှူး ဂျိမ်းစ် နိုလက်စ်ကိုလည်း ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ထိုသို့ ဆန္ဒပြနေစဉ်အတွင်း ချောင်းမြောင်းပစ်ခတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး အသက် ၄၁ နှစ်အရွယ်နှင့် ၃၂ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင် ၂ ဦး တို့မှာ ပုခုံးနှင့် မျက်နှာတို့တွင် ထိမှန်ခဲ့သည်။

    ဘဲလ်မာရ်ကမူ မိမိတို့ စိန့်လူးဝစ်ကောင်တီ ရဲဌာန၏ အဓိကဆောင်ရွက်ရမည့် ကိစ္စမှာ သေနတ်ဖြင့်ပစ်သည့် တရားခံများကို ရှာဖွေရန်ဖြစ်ပြီး ယခုလက်ရှိတွင် မေးခွန်းများမေးမြန်းရန်အတွက် သံသယရှိသူများကို ထိန်းသိမ်းထားကာ ဖမ်းဆီးခြင်း မပြုရသေးဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့နှင့် တရားရုံးတို့မှာ လူမျိုးရေးခွဲခြားမှုများကို ဆောင်ရွက်ခဲ့သည်ဟု အမေရိကန်တရားရေးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ဖာဂူဆန် ရဲတပ်ဖွဲ့ အကြီးအကဲအပါအ၀င် ရဲဌာနနှင့် တရားရုံးတို့မှ ၀န်ထမ်း စုစုပေါင်း ၆ ဦး ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်သည်။

    Ref: Aljazeera

  • ထိုးကွက်ပြောင်းမှ ပက်ကွီအိုအား မေ၀ယ်သာနိုင်မည်ဟု မိုက်တိုင်ဆန်ပြော

    ထိုးကွက်ပြောင်းမှ ပက်ကွီအိုအား မေ၀ယ်သာနိုင်မည်ဟု မိုက်တိုင်ဆန်ပြော

    မတ် ၁၃၊ ၂၀၁၅
    M-Media

    268D278E00000578-0-image-a-38_1426187268454

    – မေ ၂ ရက်နေ့ ပက်ကွီအိုနဲ့ ထိုးမယ့်ပွဲမှာ ဖလွိုက်မေ၀ယ်သာအနေနဲ့ နိုင်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ ထိုးပုံထိုးနည်းကို ဆန်းသစ်ရမယ်လို့ ကမ္ဘာ့လက်ဝှေ့ကျော်ဟောင်း မိုက်တိုင်ဆန်က သတိပေးလိုက်ပါတယ်။

    သံခဲမိုက်လို့ အမည်ပြောင်ပေးခြင်း ခံထားရတဲ့ မိုက်တိုင်ဆန်တစ်ယောက် သူ့ရဲ့ လက်ဝှေ့လောကထဲ စတင်ဝင်ရောက်တဲ့ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ဒီလိုပြောလိုက်တာဖြစ်ပြီး မေ၀ယ်သာရဲ့ ခံစစ်အသားပေး ထိုးကွက်ကြောင့် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

    “ပက်ကွီအိုနိုင်မယ်လို့ အစကတည်းက ကျွန်တော်ထင်ခဲ့ပါတယ်။ သူဟာ အဆက်မပြတ်လှုပ်ရှားသူ တစ်ယောက်ပါ။ ထောင့်တိုင်းကနေ သူ ၀င်ထိုးတတ်ပါတယ်။ သူဟာ သက်လုံလည်းအပြည့်ရှိပြီး အမြဲတမ်း လက်သီးတွေ လွှတ်တတ်ပါတယ်။ ဘယ်တော့မှ မရပ်ပါဘူး” လို့ မိုက်တိုင်ဆန်က ဆိုပါတယ်။

    ကမ္ဘာ့လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံးဖြစ်လာမယ့် မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ရဲ့ပွဲအတွက် နောက်ဆုံး သတင်းစာရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ နှစ်ယောက်စလုံးက ပြောကြားခဲ့ပါတယ်။

    မေ၀ယ်သာနဲ့ပက်သက်လို့ တိုင်ဆန်က “ဖလွိုက်က ချော့ပြီးတော့ ထိုးတတ်ပါတယ်။ ပြီးတော့ သူ့ရဲ့လက်သီးကလည်း ပိုပြီး တိကျပါတယ်။ ဒါပေမယ့် မန်နီ (ပက်ကွီအို) လို တစ်ချီတည်းမှာ လက်သီအလုံး ၁၀၀ လောက် ထိုးတာမျိုးမလုပ်ပါဘူး။ မန်နီကို အလဲထိုးနိုင်ဖို့တော့ အလားအလာမရှိပါဘူး။ ဒါ့ကြောင့် တကယ်လို့ သူနိုင်ချင်ရင် ပြောင်းလဲရပါလိမ့်မယ်။ လက်သီးကို ပိုမသုံးဘူးဆိုရင် သူ မနိုင် နိုင်ပါဘူး” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    နောက်ပြီး မေ၀ယ်သာရဲ့ အခုကြိုးစားမှုဟာ မလုံလောက်သေးဘဲ ပက်ကွီအိုကို ဒုက္ခပေးနိုင်ခဲ့တဲ့ တင်မ် ဘရက်ဒလေနဲ့ ဂျူအန် မန်နျူယဲလ် မားကွက်ဇ်တို့ရဲ့ ထိုးပေါက်တွေကို ကြည့်ဖို့လိုပြီး အခုပုံစံနဲ့ မတူညီတာမျိုး လုပ်ရလိမ့်မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အသက် ၂၁ နှစ်နဲ့ လက်ဝှေ့သမိုင်းမှာ အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ ဒီသတိပေးချက်ဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကိုတော့ လက်ဝှေ့သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိသေးတဲ့ မေ၀ယ်သာနဲ့ ၅၇ ပွဲနိုင် ၅ ပွဲသာရှုံးထားတဲ့ ပက်ကွီအိုတို့ရဲ့ မေ ၂ ရက်နေ့ထိုးပွဲမှာ စောင့်မျှော်ကြည့်ရှု ရပါလိမ့်မယ်။

    Ref: Dailymail