News @ M-Media

Blog

  • မွတ်စလင်ဂုဏ်ဆောင် ပါမောက္ခ ဒေါက်တာအောင်ဇော် ဂုဏ်ပြုပွဲမှသည်

    မွတ်စလင်ဂုဏ်ဆောင် ပါမောက္ခ ဒေါက်တာအောင်ဇော် ဂုဏ်ပြုပွဲမှသည်

    မတ် ၁၄ ၊ ၂၀၁၅
    M-Media
    K- (ရန်ကုန်တက္ကသိုလ်) ရေးသည်။

    11053516_956737997692481_9045006121138013833_n

    မြန်မာမွတ်စလင် သမိုင်းမှတ်တိုင်တွင်ကျန်ရစ်မည့် တိုင်းရင်းမွတ်စလင်စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ စာအုပ်ကို ရေးသားပြုစုသူ စာရေးဆရာ သုတေသနပညာရှင် ပါမောက္ခ ဒေါက်တာအောင်ဇော် (ကိုဇော် ရန်ကုန်တက္ကသိုလ်) အားဂုဏ်ပြုပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် မတ်လ (၄) ရက်နေ့တွင် နယူးဧရာဟိုတယ် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

    မြန်မာစာပေသမိုင်း မှတ်တိုင်တွင် ကျန်ရစ်မည့် စာပေလက်ရာဟုဆိုရပါမည်။ ဤစာအုပ်မှာ အမျိုးသာစာပေဆု ရွေးချယ်ရာတွင် ပါဝင်ခဲ့သော်လည်း စာဆိုမှာ အစ္စလာမ်ဘာသာဝင်ဖြစ်နေသဖြင့် ထင်ပေါ်ပေငြားလည်း ရွေးချယ်မခံခဲ့ရပေ။

    ဤစာပြုစာဆိုပုဂ္ဂိုလ်ကျော်များ စာအုပ်သည် သက္ကရာဇ် (၁၇၄၃ ) ခု သွေးသောက်ကြီး ဇေယျရန်ကင်းဦးတုံးဖြူမှသည် ခရစ်သက္ကရာဇ် (၁၉၄၈) ခု သတင်းထောက်သောင်းညွှန့် အထိ စာပြုစာဆိုပုဂ္ဂိုလ်ကျော် (၁၂၂) ဦး၏သမိုင်းကို ဖတ်ရသည်။

    ဤဂုဏ်ပြုပွဲကိုစီစဉ်သူ မြန်မာစာဌာန ရန်ကုန်တက္ကသိုလ် အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခ ဌာနမှူး ဒေါက်တာစိုးနိုင်က “ဆရာ၏စာအုပ်တွင် အချက်အလက်စုံ၊ အကြောင်းအရာစုံကို အစုံအလင်ဖတ်ရသောအခါ ရောင်စုံပန်းစကြာင်္ မှန်ပြောင်းကိုကြည့်ရသကဲ့သို့ ဝမ်းသာပီတိဖြစ်မိပါသည်” ဟု ဥဒါန်းချီးကျူးထားသည့် စကားကားအမှန်ပင်။

    အစ္စလာမ်သာသနာဝင်တို့၏ အိမ်တိုင်းတွင်ရှိထားသင့်သည့် စာအုပ်ပင်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး လက်ဆင့်ကမ်းဖြန့်ဝေဖတ်ရှုရမည့် စာအုပ်ဖြစ်ပေသည်။

    မောင်ခင်မင် (ဓနုဖြူ) ကလည်း သုတေသနရလာဒ်ကောင်းတစ်ခုဟူသော ခေါင်းစဉ်ဖြင့် စာဆိုဒေါက်တာအောင်ဇော်အား ချီးကျူးဂုဏ်ပြုစကား မြွတ်ကြားခဲ့ရာတွင်  “ပါမောက္ခဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များကျမ်းကို ဖတ်ပြီးသည်နှင့် ကျွန်တော့်စိတ်ထဲတွင် ခံစားချက်နှစ်မျိုး ပေါ်ပေါက်လာသည်။ ခိုင်ခိုင်မာမာ အကိုးအထောက်ပြုရမည့် စာပေအတ္တိုပ္ပတ္တိကျမ်းကောင်းတစ်ကျမ်း ပေါ်ပေါက်လာသည့်အတွက်ကြောင့်ဖြစ်ပြီး အံ့သြခြင်းမှာ ပြုစုသူ၏ ကြိုးစားအားထုတ်မှု အတိုင်းအဆကို ထင်းခနဲမြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်”ဟု ဆိုသည်။

    မအူပင်တက္ကသိုလ် မြန်မာစာပါမောက္ခ ဌာနမှူးအဖြစ်မှ သူ့အနားယူပြီးနောက် မှတ်မှတ်ရရ၊ လုံးလုံးခဲခဲ အကောင်အထည်ပေါ်လာသော အားထုတ်မှုမှာ “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ” ဟူသော ဤကျမ်းကြီးပင်ဖြစ်ပါသည်။

    ထိုသို့သော ပုဂ္ဂိုလ်များ ဤမျှအရေအတွက်ရှိကြောင်း ဤကျမ်းကို ဖတ်ရမှသိခွင့်ရပြီး အံ့သြရသည်။ အရေအတွက်မှာ ၁၂၂-ဦးအထိ ရှိသည့်အတွက် အံ့သြရခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်များမှာ ကဗျာစာဆိုများ၊ ဝတ္တုစာဆိုများ၊ အထ္တုပ္ပတ္တိစာဆိုများ၊ ကျမ်းပြုပုဂ္ဂိုလ်များ၊ သုတေသီများ၊ ဂီတစာဆိုများ၊ ပန်းချီကာတွန်းဆရာများ၊ ရုပ်ရှင်ပညာသည်များ၊ နိုင်ငံရေးခေါင်ဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရေးခေါင်းဆောင်များ စသည်ဖြင့် နယ်ပယ်အမျိုးမျိုးမှ ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်အားလုံး တူညီသော အချက်မှာ ကိုးကွယ်သည့်ဘာသာ တူညီခြင်းနှင့် စာပေများ ရေးသားပြုစုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းတွင် “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ” အဖြစ် စုစည်းမိခြင်းဖြစ်သည်။

    ဤကျမ်းကိုဖတ်ရသောအခါ ကျွန်တော်ယခင်က လုံးဝမသိသော စာပြုစာဆိုများ၏ အကြောင်းနှင့် အတန်အသင့်သာသိသော စာပြုစာဆိုများ၏အကြောင်းကို ထိုစာဆိုများ၏ လက်ရာများနှင့်တကွ အကျယ်တဝင့်သိခွင့်ရသည့်အတွက် အသိအမြင်တိုးပွားရပါသည်။ သာဓကအားဖြင့် ဘင်္ဂလာသွားမှတ်တမ်းလကာင်္ကို ရေးသူဟုသော ဦးနုမှာ ဘိုးတော်ဘုရား လက်ထက်တွင် မဇ္ဈိမဒေသို့သွား၍ ကျမ်းဂန်စာပေများကို ရှာဖွေစုဆောင်းခဲ့သော ရွှေတောင်သာဂသူဘွဲ့ရ စာဆိုတော်ကြီးပင်ဖြစ်ကြောင်း သိရသည့်အတွက် စာပေကွင်းဆက် ထင်ရှားလာရပါသည်။ ယခင်ကမသိသော စာဆိုတော်ဦးရွှေတောင်အကြောင်းလည်း လက်ရာများနှင့်တကွ သိလာရပါသည်။ ပျို့ကဏ္ဍတွင် “မေ့အ်ရာဂ်ျ ခန်းပျို့” “ယူစွတ်ကစွာပျို့” စသောပျို့များ အကြောင်းသိရသည်မှာလည်း စိတ်ဝင်စားစရာကောင်းပါသည်။ ဝတ္တုကဏ္ဍတွင် မောင်မင်းကျော်ဝတ္တု၊ ယာတင်တာယီဝတ္တုတော်ကြီး၊ ယူစွတ်နဗီသခင်ကစ်ဆွာ ဝတ္တုတော်ကြီး၊ ပသီပုံပြင်ဝတ္တု၊ ယူဆွတ်ဇိုလိုင်ခါ မင်းသား မင်းသမီးဇာတ်နိပါတ် ဝတ္တုတော်ကြီး၊ မိုဟမ္မကိအလိုင်ဟစ္စလာမ် ဝတ္တုတော်ကြီး စသည့်ဝတ္တုများအကြောင်း သိရခြင်းမှာ မြန်မာသမိုင်းအတွက် တန်ဖိုးကြီးမားပါသည်။ ပသီပုံပြင်ဝတ္တုနှင့် ဟာတင်တာယီ ဝတ္တုတို့မှလွဲ၍ ကျန်ဝတ္တုအမည်များကို ဤကျမ်းကိုဖတ်ရမှ သိရခြင်းဖြစ်ပါသည်။ သာဓကအချို့ကို ဖော်ပြခြင်းဖြစ်ပါသည်။ ယခင်သိပြီးသား စာဆိုများနှင့် စာအုပ်အကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိခွင့်ရသည့်အတွက် အကျိုးရှိခဲ့ပါသည်။

    ကျမ်းပြုသူသည် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ၏ စာဆိုများကို အကျယ်တဝင့် သုံးသပ်ပြခြင်းမျိုးမှသည် တို့ကာထိကာ မိတ်ဆက်ပေးခြင်းမျိုးအထိ ရရှိသည့် သုတေသနအထောက်အထားအရ ပမာဏအရ ရေးသားပြုစုထားကြောင်း တွေ့ရသည်။ ပညာရှင်အစဉ်အဆက်ရေးသားပြုစုခဲ့ကြသော မြန်မာစာပေသမိုင်းများ၊ စာဆိုတော် အတ္ထိုပတ္တိများတွင် မပါဝင်သေးသည့် ဤကျမ်းတွင် တစ်စုတစ်စည်းတည်း ရေးသားထားခြင်းမှာ ကျမ်းပြုသူ၏ ကြိုးပမ်းအားထုတ်မှုကို သက်သေပြုရာရောက်သကဲ့သို့ စာပေအတ္ထိုပတ္တိကျမ်းတစ်ကျမ်းအဖြစ် မြန်မာစာပေလောကကို အင်အားကောင်းစွာ အားဖြည့်ပေးရာလည်ူ ရောက်ပါသည်။

    ဒေါက်တာအောင်ဇော်၏ “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ” ကျမ်းသည် ယခင်က မဖော်ထုတ်ရသေးသော အသစ်တွေ့ရှိချက်များကို ဖော်ထုတ်ခြင်း၊ ယခင်က ဖော်ထုတ်ခဲ့သောအချက်များကို ဖြည့်စွက်ပေးခြင်းဟူသော ဂုဏ်ရည်များနှင့် ပြည့်စုံသည့် သုတေသနကောင်းရလဒ်တစ်ခုဖြစ်သည်ဟု ဆိုပါရစေ ဟု မောင်ခင်မင် (ဓနုဖြူ) ကဆိုထားသည်။

    ပါမောက္ခဒေါက်တာအောင်ဇော် ကိုဇော် (ရန်ကုန်တက္ကသိုလ်) ကို ၁၉၄၄ ခုနှစ်တွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့၌ သမာဓိမြို့ဝန် ဦးသိန်းထွန်း၊ အမိဒေါ်သိန်းရှင်တို့မှ ဖွားမြင်သည်။ ညီအစ်ကို မောင်နှမ (၁၃) ဦးရှိသည်။

    ဘာသာတရားနှင့်စာပေ နှစ်ပါးလုံးသည် ယဉ်ကျေးမှု၏သင်္ကေတများဖြစ်ကြသည်။ ဆရာသည် မိမိယုံကြည်ကိုးကွယ်ရာ အစ္စလာမ်ဘာသာတရား၏ အသိအလိမ္မာ စကားတို့ကို ကူညီမျှဝေရင်း စာပေတန်ဖိုးကိုပါ ထိန်းသိမ်းမြှင့်တင်ပေးသူပင်။ အမှန်ပင် ဂုဏ်ပြုထိုက်သည်သား။

    “ပညာရှိများကို ဂုဏ်ပြုပေးခြင်းသည် ငါတမန်တော် မုဟမ္မဒ် (ဆွ) အားဂုဏ်ပြုခြင်းမည်၏” ဟူသော ဟဒီးဆ်တော်ကို ဤဂုဏ်ပြုပွဲမှ အမှန်တကယ် အကောင်အထည် ဖော်လိုက်ခြင်းပင်။

    အမိမြေနှင့် ဝေးရာအရပ်တွင် ရောက်နေကြသော အစ္စလာမ်ဘာသာဝင်တို့မှာလည်း ဤတာဝန်ကြီးရှိသည်ကိုတော့ မမေ့စေချင်ပါ။

    အမေ့ခံစာဆိုများ၏ ဂုဏ်ပြုပွဲများကို ဆက်တိုက်ခြိမ့်ခြိမ့်သဲကျင်းပပေးသွားမှသာလျှင် မိမိတို့၏ ဇာတိပုညဥာဏ်မာန (Identity) ကို ပိုမိုထွန်းတောက်လာပေမည်။

    K (ရန်ကုန်တက္ကသိုလ်)

  • ကျွန်တော်မွတ်စလင်ပါ။ တစ်ချက်လောက် ဖက်လှည့်ပါ

    ကျွန်တော်မွတ်စလင်ပါ။ တစ်ချက်လောက် ဖက်လှည့်ပါ

    မတ် ၁၄၊ ၂၀၁၅
    M-Media

    13-3-15_Trust-Muslims-Project-Reaches-Europe-NY (2)

    – ဘာသာတရားရဲ့ အမည်နာကို အလွဲသုံးစားပြုပြီး ယုတ်ရင့်ကြမ်းတမ်းတဲ့ အမှုတွေကို ကျူးလွန်တဲ့သူတွေကြောင့် မိမိတို့အပေါ် အထင်အမြင်လွဲမှားမှု မြင့်တက်လာတာကို ချေဖျက်ဖို့နဲ့ လူ့အဖွဲ့အစည်းတွေကြားထဲမှာ သည်းခံမှု၊ ငြိမ်းချမ်းမှုတွေ တိုးတက်စေဖို့ ရည်ရွယ်ကာ မွတ်စလင်လူငယ်တွေလုပ်ဆောင်တဲ့ Turst Muslims ဆိုတဲ့ လှုပ်ရှားမှုလေးဟာ အခုဆိုရင် အမေရိကန်နဲ့ ဥရောပ တစ်လွှားမှာ ပြန့်နှံ့လို့ လာခဲ့ပါပြီ။

    ဒီလှုပ်ရှားမှုလေးဟာ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ လူစည်းကားတဲ့ နေရာမျိုးတွေမှာဆိုင်းဘုတ်တစ်ခုချ၊ အဲဒီဆိုင်းဘုတ်ဘေးနားမှာ မျက်နှာအ၀တ်စည်းထားတဲ့ မွတ်စလင်လူငယ်တစ်ယောက်က လက်နှစ်ဖက်ကို ဆန့်တန်းလို့ ရပ်နေပါလိမ့်မယ်။ ဘေးနားက ဆိုင်းဘုတ်မှာတော့

    “ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ပါ။ အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ခံရပါတယ်။ ကျွန်တော် ခင်ဗျားကို ယုံပါတယ်။ ခင်ဗျားရော ကျွန်တော့်ကို ယုံပါသလား။ ယုံတယ်ဆိုရင် တစ်ချက်လောက်ဖက်ခဲ့ပါ” လို့ ရေးသားထားပြီး လမ်းသွားလမ်းလာတွေဆီက မေတ္တာဂရုဏာတွေ တောင်းခံတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

    ဒီလှုပ်ရှားမှုလေးကို ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့က ခန်း ဆိုတဲ့ မွတ်စလင်လူငယ်တစ်ယောက်က စတင်လုပ်ဆာင်ခဲ့တာဖြစ်ပြီး မွတ်စလင်တွေအပေါ်မှာ အခြားသူတွေက ဘယ်လိုခံစားရတယ်ဆိုတာကို စမ်းသပ်တဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

    “ဒါက မွတ်စလင်အားလုံးဟာ လူဆိုးတွေမဟုတ်ဘူးဆိုတာ အခြားသူတွေကို အသိပေးဖို့နဲ့ အစ္စလာမ်ကို ကာကွယ်ချင်တယ်ဆိုရင် အစ္စလာမ်ကသွန်သင်ထားတဲ့အတိုင်း ပြုမှုနေထိုင်သင့်ပြီး အစ္စလာမ်က တားမြစ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်မျိုးတွေ မလုပ်သင့်ဘူးဆိုတာ မွတ်စလင်တွေကို သတိပေးဖို့ ပထမခြေလှမ်းလည်း ဖြစ်ပါတယ်” လို့ ဒီလှုပ်ရှားမှုကို စတင်ခဲ့တဲ့ ခန်းက ဆိုပါတယ်။

    သူ့ရဲ့ ဒီလှုပ်ရှားမှုကြောင့် အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် အထင်အမြင်လွဲတာတွေ လျော့ကျလာတာမျိုးကို တွေ့မြင်ရပြီးနောက်ပိုင်းမှာတော့ အမေရိကန်၊ ဆွီဒင်နဲ့ နော်ဝေနိုင်ငံ မွတ်စလင်တွေကပါ ဒီလှုပ်ရှားမှုကို ဆောင်ရွက်လာခဲ့ကြပါတယ်။

    နယူးယောက်မြို့ လမ်းမပေါ်မှာ ဒါမျိုး လှုပ်ရှားမှုကိုဆောင်ရွက်ဖို့ အကြံရသူကတော့ ကရင်မ် မတ်ဝါလီဆိုတဲ့ မွတ်စလင်လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အားထုတ်မှုအတွက် ချီးကျူးမှုတွေလည်း ရခဲ့ပါတယ်။

    “သိပ်ကောင်းတဲ့ လှုပ်ရှားမှုကို မင်းလုပ်နေတာပဲ ငါ့ကောင်ရေ” လို့ ရင်ချင်းအပ်ရင်း တစ်ယောက်ကဆိုပြီး နောက်တစ်ယောက်ကလည်း “ကျွန်တော်လည်း မွတ်စလင်ပါပဲ။ ငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်ပါစေ” လို့ နှုတ်ခွန်းဆက် မေတ္တာပို့သခဲ့ပါတယ်။ အခြားသူတွေကလည်း ဒီဆိုင်းဘုတ်ကို မြင်တာနဲ့ မဆိုင်းမတွဘဲ ဖက်လှဲတကင်းပြုကျသလို ဆွီဒင်နဲ့ နော်ဝေကလှုပ်ရှားတွေမှာလည်း အဲဒီလိုပဲ အောင်မြင်မှုတွေရခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ ဥရောပမှာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြင့်တက်လာခဲ့ပြီး ပဲရစ်က Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုပြီးတဲ့နောက်ပိုင်းမှာတော့ ဗလီဝတ်ကျောင်းတော်တွေ၊ မွတ်စလင်တွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

    တစ်ကယ်တော့ အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို အရင်ဆုံး ခါးစည်းခံရတာက မွတ်စလင်တွေဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်အကြီးအကဲတွေ၊ ဘာသာရေးခေါင်းဆောင်တွေအပါအ၀င် မွတ်စလင်ထုတစ်ရပ်လုံးက ဒီအဖွဲ့တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ခဲ့ကြပါတယ်။ နောက်ပြီး ဒီအကြမ်းဖက်အဖွဲ့ကို ရွပ်ရွပ်ချွန်ချွန် ရှေ့ဆုံးက ခုခံတိုက်ခိုက်နေကြတာလည်း မွတ်စလင်တွေပဲ ဖြစ်ပါတယ်။

    ဒါပေမယ့် မွတ်စလင်တွေရဲ့ ဒီလို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေထက် မွတ်စလင်အမည်ခံ အကြမ်းဖက်အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေကိုသာ အသားပေးဖော်ပြတတ်တဲ့ အဓိက မီဒီယာတွေကြောင့် မွတ်စလင်တွေအပေါ် အထင်မှားအမြင်မှား ဖြစ်နေတာတွေကို ထိထိရောက်ရောက် ချေဖျက်နိုင်ခြင်း မရှိပါဘူး။

    ဒါ့ကြောင့် မွတ်စလင်တွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ အမုန်းတရားတွေ ကြီးထွားမလာဖို့ Turst Muslims လို တစ်နိုင်တစ်ပိုင် လှုပ်ရှားမှုတွေကို လုပ်ဆောင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

  • အိန္ဒိယတွင် မုဒိမ်းမှုသံသယရှိသူအား လူအုပ်ကြီးမှ ရိုက်နှက်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြန်

    အိန္ဒိယတွင် မုဒိမ်းမှုသံသယရှိသူအား လူအုပ်ကြီးမှ ရိုက်နှက်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြန်

    မတ် ၁၄၊ ၂၀၁၅
    M-Media

    naga land

    – အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်တွင် မုဒိမ်းကျင့်လူသတ်မှုအတွက် သံသယရှိသူ လူငယ်တစ်ဦးကို လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထပ်မံပေါ်ထွက်လာခဲ့သည်ဟု သိရသည်။

    အသတ်ခံရသူမှာ အသက် ၁၈ နှစ်အရွယ်ရှိ အီဘိုချာဆိုသူဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှုဖြင့် သံသယရှိခံရသူ ဖြစ်သည်။ ဒေါသထွက်နေသော လူအုပ်ကြီးမှာ အီဘိုချာအား မီလူရီဟုခေါ်သည့် ရွာအလယ်သို့ တရွတ်တိုက်ဆွဲခ်ါသွားပြီး တစ်ကိုယ်လုံးချွတ်၍ ကြိုးဖြင့် တန်းလန်းချီကာ တစ်နာရီခန့်ကြာ ရိုက်နှက်ခဲ့ကာ အီဘိုချာမှာ ထိုဒဏ်ရာဖြင့်ပင် သေဆုံးခဲ့သည်။ အီဘိုချာအား ရိုက်နှက်သတ်ဖြတ်မှုကို လူ ၁၀၀၀ ခန့်က ကြည့်ရှုခဲ့ကြသည်။

    အဆိုပါအဖြစ်အပျက်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက မီလူရီရွာနှင့် ၁ ကီလိုမီတာဝေးသော တောအုပ်တစ်ခုတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေး၏ အလောင်းကို တွေ့ရှိပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အီဘိုချာမှာ သေဆုံးသူမိန်းကလေး၏ အိမ်နားတွင် နေထိုင်သူဖြစ်ပြီး အလောင်းတွေ့ပြီးနောက် ထွက်ပြေးရာမှ ပြစ်မှုကျူးလွန်သူအဖြစ် ရွာသားများက သံသယရှိကာ ထိုကဲ့သို့ ဖမ်းဆီး ရိုက်နှက်ခဲ့ခြင်းဖြစ်ကာ ထိုအဖြစ်အပျက်အား ရိုက်ကူးထားသော အဆိုပါ ဗီဒီယိုမှာ ယခုအချိန်မှ ထွက်လာခဲ့သည်။

    လူအုပ်ကြီးမှာ အီဘိုချာသေဆုံးပြီးနောက် ၎င်း၏ အလောင်းအား စွန့်ပစ်ထားခဲ့ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

    နာဂလန်းပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ၀ါဘန်း ဂျမီးရ်ကမူ အဆိုပါ မုဒိမ်းကျင့် လူသတ်မှုအတွက် ရဲတပ်ဖွဲ့အား တိုင်ကြားခြင်းမရှိသေးဘဲ အီဘိုချာကိုလည်း မဖမ်းဆီးရသေးခင် ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အီဘိုချာအား ဥပဒေပ ရိုက်နှက်သတ်ဖြတ်ခြင်းအတွက်လည်း ယခုအချိန်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်း မရှိသေးပေ။

    ပြီးခဲ့သည့်တစ်ပတ်ကလည်း အဆိုပါ နာဂလန်းပြည်နယ်တွင် အသက် ၁၉ နှစ်အရွယ်ကျောင်းသူတစ်ဦးကို အကြိမ်ကြိမ်မုဒိမ်းကျင့်မှုဖြင့် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားစဉ် လူအုပ်ကြီးမှာ အကျဉ်းထောင်အား ဖောက်ကာ ၎င်းအား ထုတ်ယူ၍ ရိုက်နှက်သတ်ဖြတ်မှုတစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

    Ref: Dailymail

  • မန်ယူဂိုးသမား ရီးယဲလ်ပြောင်းတော့မှာလား

    မန်ယူဂိုးသမား ရီးယဲလ်ပြောင်းတော့မှာလား

    မတ် ၁၄၊ ၂၀၁၅
    M-Meida

    816422_heroa

    – မန်ချက်စတာမြို့မှာ ရေခဲသေတ္တာအအနောက်ဖက်ထက် ပို၍ အရုပ်ဆိုးသည်ဟု မန်ယူဂိုးသမား ဒီဂီယာ၏ ချစ်သူက ပြောကြားခဲ့ပြီးနောက် ဒီဂီယာမှာ ရီးယဲလ်သို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိသည်ဆိုသည့် ကောလဟာလများမှာ ပိုမိုမြင့်တက်လာခဲ့သည်။

    အသင်း၏ အဓိကဂိုးသမား ကာဆီးလက်စ်၏ နေရာတွင် ရေရှည်အစားထိုးရန်အတွက် ရီးယဲလ်က ခေါ်ယူရန် ပစ်မှတ်ထားနေသူများတွင် ဒီဂီယာမှာ ထိပ်ဆုံးမှပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။ ဒီဂီယာ၏ ချစ်သူမှာ ၂၀၁၅ ခုနှစ် စပိန်သီချင်းဆိုပြိုင်ပွဲတစ်ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ အက်ဒူရ်နီ ဂါစီယာဆိုသူဖြစ်ပြီး မန်ချက်စတာမြို့တွင် နေထိုင်ရသည့်ဘ၀အတွက် ဝေဖန်ပြောဆိုလိုက်ကာ မွေးရပ်စပိန်တွင်သာ ပိုပျော်သည်ဟု ဆိုသည်။

    “မန်ချက်စတာဟာ ရေခဲသေတ္တာအနောက်ဖက်ထက် ပိုပြီးအရုပ်ဆိုးတယ်လို့ ကျွန်မ ပြောခဲ့ဖူးပါတယ်။ သိပ်မကောင်းပါဘူး။ သေချာပါတယ်။ အခြားနေရာတွေ – ကောင်းမွန်တဲ့နေရာတွေကို ရှာဖွေရပါမယ်။ ဒါပေမယ့် စပိန်ကတော့ ပိုကောင်းပါတယ်။ ကျွန်မကြိုက်ရတဲ့အကြောင်းက ဒေးဗစ် (ဒီဂီယာ) အဲဒီမှာရှိလို့ပါ။ သူနဲ့အတူ အဲဒီမှာရှိနေတယ်ဆိုရင် အရာအားလုံးဟာ အံ့သြစရာပါပဲ” ဟု ယခုသီတင်းပတ် အစောပိုင်းတွင် ဂါစီယာက ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုသို့ ပြောကြားခဲ့သည်။

    ဂါစီယာက ထိုသို့ပြောဆိုမှုကြောင့် ဒီဂီယာမှာ ယခုနှစ် ရာသီအကုန်တွင် မန်ယူမှထွက်ခွာတော့မည်ဟူသည့် ကောလဟာလများမှာ ပိုမိုမြင့်တက်လာခဲ့သည်။ ဒီဂီယာမှာ ရုန်းကန်နေသည့် မန်ယူအသင်းတွင် အကောင်းဆုံးလက်စွမ်းပြနေသူဖြစ်ပြီး အချို့သောပွဲများတွင် ၎င်း၏ လက်စွမ်းကြောင့် မန်ယူမှာ အမှတ်အချို့ကို ရယူနိုင်ခဲ့သည်။

    မန်ချက်စတာမြို့နှင့်ပတ်သက်၍ ဂါစီယာ၏ ထိုကဲ့သို့ ဝေဖန်မှုကို မြို့တော်ကောင်စီဝင်တစ်ဦးက ပြန်လည်ချေပခဲ့ပြီး မိမိတို့မြို့တွင် ဖျော်ဖြေရေး၊ ယဉ်ကျေးမှု၊ ဈေးဝယ်ထွက်ခြင်း၊ ပွဲတော်များ စသဖြင့် ဆွဲဆောင်နိုင်စရာ အမြောက်အများရှိပြီး ဂါစီယာတို့၏ ချစ်သူနှစ်ဦး မတွေ့မမြင်ရသေးသည့် အရာများကို လိုက်လံပြသခွင့်ရပါက ၀မ်းမြောက်ဝမ်းသာ ဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Goal.com

  • အဖမ်းဆီးခံ အမေရိကန်ဂျာနယ်လစ်တစ်ဦးအား လွှတ်ပေးရန် အီရန်ကို မိုဟာမက်အလီ တောင်းဆို

    အဖမ်းဆီးခံ အမေရိကန်ဂျာနယ်လစ်တစ်ဦးအား လွှတ်ပေးရန် အီရန်ကို မိုဟာမက်အလီ တောင်းဆို

    မတ် ၁၄၊ ၂၀၁၅
    M-Meida

    Muhammad Ali

    – ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက ဖမ်းဆီးထားသည့် ၀ါရှင်တန်ပို့စ်သတင်းစာမှ သတင်းထောက် ဂျေဆန် ရေဇိုင်ယန်အား လွှတ်ပေးရန်အတွက် အမေရိကန်လက်ဝှေ့ကျော်ဟောင်း မိုဟာမက်အလီက အီရန်အစိုးရအား တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ကြာသာပတေးနေ့က National Press Club (NPC)မှ ထုတ်ပြန်သော ကြေညာချက်တွင် အလီက ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ရေဇိုင်ယန်မှာ ငြိမ်းချမ်းရေးလိုလားသူနှင့် ယုံကြည်ချက်ပြင်းထန်သူတစ်ယောက်ဖြစ်ပြီး အီရန်ပြည်သူများအတွက် စိတ်နှစ်ဆောင်ရွက်မှုနှင့် လေးစားမှုတို့ကို ၎င်း၏အလုပ်တွင် ထင်ထင်ရှားရှားတွေ့ရသည်ဟုလည်း အလီက ထည့်သွင်းပြောကြားခဲ့သည်။

    ရေဇိုင်ယန်မှာ အမေရိကန်-အီရန် နှစ်နိုင်ငံစလုံး၏ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက အီရန်တွင် ဂျာနယ်လစ်အဖြစ် ဆောင်ရွက်ခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၀ါရှန်တန်ပို့စ်၏ အီရန်ဂျာနယ်လစ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ရေဇိုင်ယန်နှင့် ၎င်း၏ ဇနီး ယေဂါနီဟ် ဆာလေဟီတို့မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    တီဟီရန်အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်သော ဆာလေဟီကိုမူ အောက်တိုဘာလတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး ရေဇိုင်ယန်အား မည်သည့်အမှုဖြင့် ဖမ်းဆီးထားသည်ကို အီရန်က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

    ရေဇိုင်ယန်အား လွှတ်ပေးရန်အတွက် မိသားစုများက အသနားခံထားပြီး အမေရိကန် လွှတ်တော်အမတ်များကလည်း အီရန်နှင့် နျူအရေးဆွေးနွေးသည့်အခါ ရေဇိုင်ယန်ကိစ္စကို ဦးစားပေးဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား တိုက်တွန်းခဲ့သည်။

    အလီကမူ အီရန်အနေဖြင့် ရေဇိုင်ယန်အား ကြာရှည်စွာ ဖမ်းဆီးထားမှုကို အဆုံးသတ်ရန်နှင့် ရေဇိုင်ယန်အား ဥပဒေကြောင်းအရ ရွေးချယ်ခွင့်အားလုံးကို ပေးအပ်ရန်တို့အတွက် မိမိအနေဖြင့် ကြီးမားသည့်မျှော်လင့်ချက် ထားရှိကြောင်း ပြောကြားခဲ့သည်။

    NPC ကမူ အနောက်နိုင်ငံရှိ မည်သည့်ဂျာနယ်လစ်မှ ရေဇိုင်ယန်ကဲ့သို့ ကြာရှည်စွာ ဖမ်းဆီးခံထားခြင်း မရှိခဲ့ဘဲ ရေဇိုင်ယန်၏ ဆေးကုသခွင့်နှင့် ရှေ့နေငှားခွင့်ကိုလည်း ငြင်းပယ်ခံထားရသည်ဟု ဆိုသည်။ ထို့ပြင် ရေဇိုင်ယန်အား စွဲဆိုထားသည့်အမှုကို ထုတ်ပြန်ခြင်း သို့မဟုတ် လူသိရှင်ကြားချပြခြင်း မရှိဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: huffingtonpost