News @ M-Media
Blog
  • အားကစားသမားထဲမှ ပထမဆုံး ဘီလီယံနာ
    အားကစားသမားထဲမှ ပထမဆုံး ဘီလီယံနာ
    မတ် ၈၊ ၂၀၁၅
    M-Media
    2647E1F600000578-2977757-image-m-53_1425401290842
    – ဘက်စကက်ဘောကွင်းထဲမှာ စံချိန်သစ်တွေ တင်နိုင်ခဲ့တဲ့ အမေရိကန် ဘက်စကက်ဘော ကစားသမားဟောင်း မိုက်ကယ်ဂျော်ဒန်တစ်ယောက် ကွင်းပြင်ပမှာလည်း နောက်ထပ်စံချိန်တစ်ခု တင်နိုင်ခဲ့ပါတယ်။
    ဒါကတော့ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေရဲ့စာရင်းမှာ ပိုင်ဆိုင်မှု ၁ ဘီလီယံနဲ့ အဆင့် ၁၇၄၁ မှာ ချိတ်ပြီး အားကစားသမားတွေထဲမှာ ပထမဆုံး ဘီလီယံနာ ဖြစ်လာခဲ့တာပါပဲ။
    မနှစ်က စာရင်းထက် ဒီနှစ် အချမ်းသားဆုံးသူတွေရဲ့စာရင်းမှာ လူသစ် ၂၉၀ လောက် ထပ်မံပါဝင်လာခဲ့ပြီး Nike ကုမ္ပဏီနဲ့ စီးပွားရေးစာချုပ်မှာ မျိုးမျိုးမြက်မြက် ရလိုက်တဲ့ မိုက်ကယ်ဂျော်ဒန်တစ်ယောက် ပါဝင်ခဲ့တာဖြစ်ပါတယ်။
    သူ့ရဲ့တံဆိပ်နဲ့ ထုတ်လုပ်တဲ့ အားကစားပစ္စည်းတွေရဲ့ အမြတ်ငွေဟာ ၂၀၁၃ မှာ ဒေါ်လာ ၂.၂၅ ဘီလီယံလောက်ရှိခဲ့ပြီး အဲဒီအထဲက ဂျော်ဒန်က သန်း ၉၀ လောက်ရခဲ့တယ်လို့ Forbes က ဆိုပါတယ်။ ဒါတင်မကသေးဘဲ Charlotte Hornets ဘက်စကတ်ဘောအသင်းရဲ့ ပိုင်ဆိုင်မှုနဲ့ အခြားပိုင်ဆိုင်မှုတွေ ပေါင်းလိုက်တဲ့အခါမှာတော့ ဂျော်ဒန်ဟာ ဘီလီယံနာ အားကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
    အရင်က Eastern Conference လို့ခေါ်တဲ့ NBA ပြိုင်ပွဲဝင် အဲဒီအသင်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ၂၀၁၀ ခုနှစ်မှာ ဂျော်ဒန်က ဒေါ်လာ ၂၇၅ သန်းပေးကာ ၀ယ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ၈၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အဲဒီရဲ့ တန်ဖိုးဟာ အခုအချိန်မှာတော့ ဒေါ်လာ သန်း ၇၀၀ လောက် တန်နေပါပြီ။
    ချီကာဂိုဘူးလ်အသင်းနဲ့ အောင်မြင်ခဲ့တဲ့ မိုက်ကယ်ဂျော်ဒန်လိုပဲ အားကစားလောကထဲက ဘီလီယံနာအဖြစ် ပါဝင်ခဲ့တဲ့သူတွေကတော့ အာဆင်နယ်၊ ချယ်ဆီး၊ စပါးနဲ့ နယူးကာဆယ်တို့အပါအ၀င် ပရီးမီးယားလိဂ်ကလပ် အသင်း ၁၀ သင်းရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။
    Ref: Dailymail
  • မွတ်စလင်တို့၏ အီဒ်းပွဲတော် ၂ ရက်ကို တရားဝင်ကျောင်းပိတ်ရက်အဖြစ် နယူးယောက်တွင် သတ်မှတ်
    မွတ်စလင်တို့၏ အီဒ်းပွဲတော် ၂ ရက်ကို တရားဝင်ကျောင်းပိတ်ရက်အဖြစ် နယူးယောက်တွင် သတ်မှတ်
    မတ် ၇၊ ၂၀၁၅
    M-Media
    5-3-15_New-York-Approves-Muslim-Holidays
    – ကျောင်းပြက္ခဒိန်မှာ မွတ်စလင်တွေရဲ့ အီဒ်းပွဲတော်ရက် ၂ ရက်ကို ပိတ်ရက်အဖြစ် ထည့်သွင်းဖို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက ပြီးခဲ့တဲ့တစ်ပတ်မှာ ဆုံးဖြတ်ခဲ့ပြီး ဒါဟာ မျှတမှုကို ဆောင်ကျဉ်းပေးလိုက်တာလို့ ပြောကြားခဲ့ပါတယ်။
    “ဒီပိတ်ရက်တွေကို ထည့်သွင်းလိုက်တာက မွတ်စလင်တွေဟာ အမေရိကရဲ့ နိုင်ငံရေးနဲ့ လူမှုရေးတွေမှာ အခန်းကဏ္ဍတစ်ခု ရရှိတဲ့ လက္ခဏာပါပဲ” လို့ အမေရိကန်ရဲ့ အကြီးဆုံး မွတ်စလင်အဖွဲ့ဖြစ်တဲ့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင် ဟူပါက ပြောဆိုလိုက်ပါတယ်။
    မြို့တော်တစ်ဝှမ်း မွတ်စလင်ကျောင်းသား ၁၀ ရာခိုင်နှုန်းလောက်ရှိတဲ့ နယူးယောက်မှာ ဒီလို အသိအမှတ်ပြုဖို့အတွက် မွတ်စလင်တွေဟာ လှုပ်ရှားမှုတွေ၊ အသိပညာပေးမှုတွေကို ၉ နှစ်လောက် လုပ်ခဲ့ရတာ ဖြစ်ပါတယ်။
    ယခင် မြို့တော်ဝန်ဟောင်း မိုက်ကယ် ဘလွန်းဘာ့ဂ်ရဲ့ လက်ထက်မှာ ဒီတောင်းဆိုမှုကို ပယ်ချခဲ့ပြီး ကျောင်းသားတွေဟာ ကျောင်းမှာ အချိန်ပိုပေးဖို့လိုတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘလာစီယိုကတော့ မြို့တော်အတွင်းမှာ သည်းခံမှုနဲ့ အားလုံးစုံပါဝင်နိုင်မှုရှိအောင် လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းကတိပြုခဲ့ပါတယ်။
    ဥရောပနဲ့ အမေရိကတစ်ဝှမ်းမှာ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာတဲ့အချိန်မှာ ဒီလို ရဲရဲဝင့်ဝင့် သတ်မှတ်ပေးလိုက်တဲ့အတွက် မွတ်စလင်ကျောင်းသားတွေနဲ့ မိဘတွေက ကြိုဆိုခဲ့ကြပါတယ်။
    “မွတ်စလင်တွေဟာ လူနည်းစုဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အသိအမှတ်ပြု ခံသင့်ပါတယ်” လို့ မော်ရိုကိုဖွားဖြစ်ပြီး ဘရွတ်ကလင်းမှာနေထိုင်တဲ့ အီလ်ဟမ် အတ်မာနီက ဆိုပါတယ်။
    ဘရွတ်ကလင်း နည်းပညာအထက်တန်းကျောင်းက အသက် ၁၅ နှစ်အရွယ် ကျောင်းသား ဟီလာလ် ချောင်ဒရီက သူ့အနေနဲ့ အီဒ်းပွဲတော်နေ့မှာ ပွဲတော်ပွဲ ဆင်နွှဲရမလား ကျောင်းပဲ တက်ရမလားဆိုတာကို နှစ်နဲ့ချီပြီး လွန်ဆွဲခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
    “ဒါဟာ ခြေလှမ်းကြီးတစ်ခု ရှေ့တိုးလိုက်တာပါ။ ကျွန်တော်တို့ဟာ ဒါအတွက် အချိန်အတော်ကြာ စောင့်ခဲ့ရပါတယ်”
    မွတ်စလင်တွေရဲ့ အီဒ်းပွဲတော်ကို တရားဝင်ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သလိုပဲ တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးကိုလည်း ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပေးမယ်လို့ ဘာလာစီယိုက ကတိပြုခဲ့ပြီး ဒီလိုသတ်မှတ်ဖို့အတွက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
    လက်ယာစွန်းရောက်တွေရဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် ဘလာစီယိုကတော့ ဒါဟာ အမေရိကန် အခြေခံဥပဒေက အာမခံထားတဲ့ တန်းတူညီမျှအခွင့်အရေးကို ပေးအပ်လိုက်တာလို့ဆို ပါတယ်။
    “ဝေဖန်နေကြတဲ့သူတွေအနေနဲ့ အမေရိကန်ရဲ့ အခြေခံဥပဒေကို ပြန်ကြည့်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်ပါပဲ” လို့ ဘလာစီယိုက ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။
    မွတ်စလင်တွေရဲ့ ပွဲတော်ရက် ၂ ရက်ကို ပိတ်ရက်အဖြစ် နယူးယောက်မှာ အခုမှ သတ်မှတ်ခဲ့ပေမယ့် ဘော့စတွန်က ထိပ်တန်း ကျောင်းတစ်ကျောင်းဖြစ်တဲ့ ကိန်းဘရစ်ခ်ျ ကိုယ်ပိုင်ကျောင်းကတော့ ၂၀၁၀ ခုနှစ်ကတည်းက ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တာပါ။
    နယူးဂျာစီပြည်နယ်က မြို့အများအပြားမှာလည်း မွတ်စလင်တွေရဲ့ ပွဲတော်ရက် ၂ ရက်ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး မီချီဂန်ပြည်နယ်က ဒါဘွန်မြို့ကတော့ မွတ်စလင်တွေရဲ့ ပွဲတော်ရက် ၂ ရက်ကို ပိတ်ရက်အဖြစ် အစောဆုံးသတ်မှတ်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။
    CAIR က “ဆရာများအတွက် အစ္စလာမ်ဘာသာရေးလိုက်နာမှု လမ်းညွှန်” ဆိုတဲ့ စာအုပ်ငယ်တစ်အုပ်ကို ထုတ်ဝေဖြန့်ချီခဲ့ပြီး ဒီစာအုပ်မှာ ကျောင်းတာဝန်ရှိသူတွေအနေနဲ့ မွတ်စလင်ကျောင်းသားတွေအတွက် အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ ကျောင်းဆရာတွေကို လမ်းညွှန်ချက်တွေ ဖော်ပြပေးထားပါတယ်။
    မွတ်စလင်တွေရဲ့ ပွဲတော်ရက် ၂ ရက်ကတော့ ဥပုသ်သီလ တစ်လတိတိ စောင့်ထိန်းပြီးတဲ့နောက်မှာ ကျင်းပတဲ့ အီဒွလ်ဖစ်သီရ်နဲ့ အသားဝတ္ထု စွန့်လှူဒါနပြုတဲ့ အီဒွလ်အသွဟာ ပွဲတော်တို့ပဲ ဖြစ်ပါတယ်။
    Ref: Onislam
  • တမန်တော်မုဟမ္မဒ်သခင်၏ ထေရုပတ္တိနှင့် သွန်သင်မှုအား သိနားလည်မှုကို စစ်ဆေးသည့်ပြိုင်ပွဲ အာဖဂန်တွင်  ပြုလုပ်
    တမန်တော်မုဟမ္မဒ်သခင်၏ ထေရုပတ္တိနှင့် သွန်သင်မှုအား သိနားလည်မှုကို စစ်ဆေးသည့်ပြိုင်ပွဲ အာဖဂန်တွင် ပြုလုပ်
    မတ် ၈၊ ၂၀၁၅
    M-Media
    prophet
    – တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ)၏ ထေရုပတ္တိနှင့် သွန်သင်ဆုံးမချက်များအား နားလည်တတ်ကျွမ်းမှုကို စစ်ဆေးသော ပြိုင်ပွဲတစ်ခုကို အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ပြီးခဲ့သည့်သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    “Star for Seerat-e-Nabi” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါပြိုင်ပွဲကို အကျိုးအမြတ်မယူသော အဖွဲ့ Nehad Jawanan-e-Musalman (NJM – မွတ်စလင်လူငယ်များအသင်း) က စီစဉ်ကာ ကဘူးလ်မြို့ရှိ အီဒ်ဂါကွင်းပြင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ပြိုင်ပွဲများအနက် အကြီးဆုံး ပြိုင်ပွဲလည်း ဖြစ်ခဲ့သည်။
    “ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူတွေကို တရားပြဖို့ဖြစ်ပြီး အထူးသဖြင့် လူငယ်တွေကို ကိုယ်တော့်ရဲ့ သွန်သင်မှုတွေနဲ့ ကိုယ်တော်ဟာ ဘ၀အသက်တာကို ဘယ်လိုကုန်ဆုံးခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး အသိတရားရစေဖို့ ဖြစ်ပါတယ်” ဟု NJM ၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ရဟ်မသွလ္လာဟ်ဇာဟစ်က ပြောကြားခဲ့သည်။
    အဆိုပါပြိုင်ပွဲတွင် လူငယ်များ၊ အမျိုးသား၊ အမျိုးသမီး ရာနှင့်ချီ၍ ပါဝင်ခဲ့ကြပြီး ချမ်းအေးသော ရာသီဥတုကို အံတု၍ တက်တက်ကြွကြွ ယှဉ်ပြိုင်ခဲ့ကြသည်။
    “ကျွန်တော်ဟာ ပါရ်ဝမ်နဲ့ ကဘူးလ်က ပြိုင်ပွဲအသေးလေးတွေမှာ အရင်က ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲကတော့ အကြီးဆုံးပြိုင်ပွဲတွေထဲက တစ်ခုပါပဲ” ဟု အဆိုပါ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှ ကျောင်းသား ဆွဘ်ဟာနွဒ်ဒင်းက ပြောကြားခဲ့သည်။
    ထို့ပြင် အဆိုပါပြိုင်ပွဲများမှာ နိုင်ငံ၏ နာမ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားများကို ရှင်သန်လာစေရန်အတွက် လိုအပ်သည့်ပြိုင်ပွဲဟု မှတ်ယူကြောင်း ၎င်းက ပြောကြားခဲ့သည်။
    ပြိုင်ပွဲအား ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂျမီလာဆိုသူ အမျိုးသမီးငယ်တစ်ဦးကလည်း အစ္စလာမ်သာသနာ၏ စည်းကမ်းနည်းလမ်းများကို မီးမောင်းထိုးပြခဲ့ပြီး အာဖဂန်လူငယ်များမှာ တမန်တော် မုဟမ္မဒ်သခင်၏ သင်ကြားမှုများနှင့် လက်တွေ့ကျင့်သုံးခဲ့မှုများကို လေ့လာလိုက်စားရန် တိုက်တွန်းခဲ့ကာ ထိုသို့ ဆောင်ရွက်မှသာလျှင် ၎င်းတို့အနေဖြင့် ယခုဘ၀နှင့် နောင်တမလွန်တွင် ကောင်းမွန်သော ဘ၀ကို ရရှိမည်ဟု ပြောကြားခဲ့သည်။
    တမန်တော်မုဟမ္မဒ်သခင်၏ ဘ၀တစ်သက်တာတွင် ရိုးသားမှု၊ အနေအထိုင်ရိုးရှင်းမှု၊ ရက်ရောမှု၊ အကျင့်သီလ စင်ကြယ်မှု၊ ဘာသာတရားကိုင်းရှိုင်းမှု၊ သာတူညီမျှရှိမှု၊ အမှန်တရားအား မြတ်နိုးမှု၊ သည်းခံခွင့်လွှတ်မှုနှင့် အခြားသူများအား အလေးထားမှု စသဖြင့် ပြည့်ဝသည့် အပြုအမူနှင့် လူမှုဆက်ဆံရေးကို တွေ့မြင်နိုင်မည် ဖြစ်သည်။
    ထို့ပြင် ကိုယ်တော်မှာ အစ္စလာမ်၏ သွန်သင်ဆုံးမချက်များကို နောက်လိုက်များအား လိုက်နာဆောင်ရွက်ရန်သာ
    ပြောကြားခဲ့ခြင်းမဟုတ်ဘဲ ကိုယ်တော်တိုင်လည်း လိုက်နာကျင့်သုံးပြခဲ့သည်။
    အာဖဂန်မှာ ဘာသာတရားကိုင်းရှိုင်းသော မွတ်စလင်လူ့အဖွဲ့အစည်းအဖြစ် ထင်ရှားသော်လည်း ၁၀ စုနှစ် တစ်ခုကျော်ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲများနှင့် ဆက်စပ်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် အသိပညာရှာဖွေမှု ပုံစံများမှာ ပျက်သုဉ်းခဲ့ရသည်။
    NJM ဒါရိုက်တာ ဒေါက်တာဇာဟစ်ကမူ ကဘူးလ်တွင် အောင်မြင်ခဲ့သည့် အဆိုပါပြိုင်ပွဲမျိုးကို အခြားသော မြို့များတွင်လည်း ပြုလုပ်သွားရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။
    “လာမယ့်လ လိုဂါပြည်နယ်မှာကျင်းပမယ့် “Seerat-e-Nabi” ပြိုင်ပွဲမှာ ပါဝင်ဖို့ အမျိုးသားတွေ၊ အမျိုးသမီးတွေ အပါအ၀င် ထောင်နဲ့ချီတဲ့ လူငယ်တွေက စာရင်းပေးထားကြပါတယ်” ဟု ဇာဟစ်ကဆိုပြီး NJM မှာ နောက်ပိုင်းတွင် သင်္ချာ၊ အထွေထွေသိပ္ပံနှင့် လူမှုသိပ္ပံ ဘာသာရပ်များအတွက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရန် အစီအစဉ်ရှိနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ုမုဟမ္မဒ်သခင်၏ ထေရုပတ္တိနှင့် ကိုယ်တော်၏ သွန်သင်ချက်များအား မည်မျှနားလည်တတ်ကျွမ်းသည်ကို ယှဉ်ပြိုင်ရသည့် အဆိုပါပြိုင်ပွဲမှ အနိုင်ရရှိသူများကို ဟဂ်ျနှင့် အွမ္မရာဘရားဖူးခရီးစဉ်အတွက် စီစဉ်ပေးမည်ဟု အာဖဂန် သာသနာရေးရာဝန်ကြီးဌာနက ကြေညာခဲ့သည်။
    သမ္မတသစ် မိုဟာမက် အက်ရှ်ရက်ဖ် ဂါနီ၏ လက်ထက်တွင် အာဖဂန်အစိုးရမှာ နိုင်ငံအတွင်း ဗလီဝတ်ကျောင်းတော်များ၏ တန်ဖိုးများကို မြှင့်တင်ကာကွယ်ပေးမည်ဟု ကြေညာထားသည်။ ထို့ပြင် ဘာသာရေးခေါင်းဆောင်များကိုလည်း နိုင်ငံ၏ မြို့ကြီးများနှင့် တောတောင်ထူထပ်သော ဒေသများတွင်ပါ ငြိမ်းချမ်းရေးနှင့် အသိပညာများရရှိရေးကို တိုးမြှင့်ဆောင်ရွက်ရန် လေ့ကျင့်သင်ကြားပေးလျက် ရှိနေသည်။
    Ref: Onislam
  • ကျောင်းသားများအား ဖမ်းဆီးမှု အမေရိကန်စိုးရိမ်
    ကျောင်းသားများအား ဖမ်းဆီးမှု အမေရိကန်စိုးရိမ်
    မတ် ၇၊ ၂၀၁၅
    M-Media
    Student protesters sleep on the street during a protest against an education bill in Letpadan, Bago division
    လက်ပံတွင် ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ်စစ်ကြောင်းမှ မြင်ကွင်းတစ်ခု
    – ရန်ကုန်သို့ချီတက်ရန် ထွက်ခွာလာစဉ် လက်ပံတန်းမြို့တွင် ပိတ်ဆို့ခံထားရသည့် ဆန္ဒပြကျောင်းသား သပိတ်စစ်ကြောင်းနှင့် ရန်ကုန်ရှိ ကျောင်းသားများ ဖမ်းဆီးခံရမှုအတွက် မိမိတို့အနေဖြင့် စိုးရိမ်မိသည်ဟု အမေရိကန်က ပြောကြားလိုက်သည်။
    အမျိုးသားပညာရေးဥပဒေကို မကျေနပ်သည့်အတွက် ဆန္ဒပြထုတ်ဖော်သည့်အနေဖြင့် မန္တလေးမှ ကျောင်းသားများမှာ လွန်ခဲ့သည့် ၁ လခန့်မှစ၍ မန္တလေးမှ ရန်ကုန်သို့ ချီတက်လာခဲ့ကြပြီး ရန်ကုန်အနောက်မြောက်ဘက် ၈၇ မိုင်အကွာရှိ လက်ပံတန်းမြို့တွင် မတ်လ ၂ ရက်နေ့မှစ၍ ရဲတပ်ဖွဲ့၏ တားဆီးပိတ်ဆို့မှုကို ခံခဲ့ရသည်။
    ထိုကဲ့သို့ တားဆီးပိတ်ပင်ခြင်းခံထားရသည့် ကျောင်းသာများနှင့် တစ်သားတည်းရှိနေသည်ကို ပြသသည့်အနေဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည့် ကျောင်းသားများ၏ ဆန္ဒပြမှုကို ကြာသာပတေးနေ့က တာဝန်လက်ပတ် ပတ်ထားသည့် အရပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ရိုက်နှက်ဖြိုခွဲကာ ကျောင်းသား ၈ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။
    ထိုကဲ့သို့ အကြမ်းဖက်မှုကို မကျေနပ်သည့် လက်ပံတန်းမှကျောင်းသားများကလည်း ယမန်နေ့က လက်ပံတန်းဈေးအနီးတွင် ဆန္ဒပြခဲ့ကြပြီး မိမိတို့၏ သပိတ်စစ်ကြောင်းကိုလည်း ရန်ကုန်သို့ ချီတက်ခွင့်ပေးရန် တောင်းဆိုခဲ့ကာ ရဲတပ်ဖွဲ့က ကျောင်းသား ၅ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။
    အမေရိကန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာရီဟာ့ဖ်ကမူ မိမိတို့အနေဖြင့် ထိုကဲ့သို့ ဖမ်းဆီးမှုနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲမှုတို့အတွက် စိုးရိမ်မိကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။
    “ဒီလိုအဖြစ်အပျက်မျိုးတွေဟာ ပြည့်ဝတဲ့ ဒီမိုကရေစီကို ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ အားထုတ်မှုတွေနဲ့ ကိုက်ညီခြင်း မရှိပါဘူး။ ကျွန်မတို့အနေနဲ့ ဆန္ဒပြသူတွေရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် အခွင့်အရေးကို လေးစားပါတယ်။ ဒါဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းရဲ့ ထင်ရှားပြီး အရေးပါတဲ့ အစိတ်အပိုင်းပါပဲ” ဟု မာရီဟာ့ဖ်က ပြောကြားခဲ့သည်။
    ရန်ကုန်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား ၈ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ လက်ပံတန်းတွင် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသား ၅ ဦးမှာလည်း ယနေ့တွင် ပြန်လည်လွတ်မြောက်လာကာ ပင်မသပိတ်စစ်ကြောင်းနှင့် ပြန်လည်ပူးပေါင်းခဲ့သည်။
    Ref: Reuters
  • ဗြိတိန် MI 6 ကဲ့သို့ ထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရန် ဂျပန် စဉ်းစားနေ
    ဗြိတိန် MI 6 ကဲ့သို့ ထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရန် ဂျပန် စဉ်းစားနေ
    မတ် ၇၊ ၂၀၁၅
    M-Media
    japan
    – ဒုတိယကမ္ဘာစစ်က မဟာမိတ်တို့ အနိုင်ရပြီးနောက် စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းခဲ့ရသည် ဂျပန်မှာ ယခုတွင် ဗြိတိန်ရှိ MI6 ကဲ့သို့ ပြည်ပထောက်လှမ်းရေး အေဂျင်စီတစ်ခုကို ဖွဲ့စည်းရန် အစီအစဉ်ရှိနေသည်ဟု သိရသည်။
    အဆိုပါ ပြည်ပထောက်လှမ်းရေး အေဂျင်စီမှာ နိုင်ငံရပ်ခြားတွင် လှုပ်ရှားရန်အပါအ၀င် စစ်ဘက်စွမ်းဆောင်မှုနှင့် ပတ်သက်၍ ကန့်သတ်ားသော စစ်ပွဲအလွန် ပစိဖိတ်ဖွဲ့စည်းပုံကို ဖြေလျှော့ရန် ဆောင်ရွက်နေသည့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ မူဘောင်ကို ပြည့်ဝစေသော လုပ်ဆောင်မှုလည်း ဖြစ်မည်ဖြစ်သည်။
    ဂျပန်၏ အစိတ်စိတ်အမွှာမွှာဖြစ်နေသော ထောက်လှမ်းရေး အသိုင်းအ၀ိုင်းအား ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်သည်ဟူသော ယူဆချက်ကို ယခုနှစ်အစောပိုင်း ဂျပန်ဓားစာခံနှစ်ဦးအား IS က သတ်ဖြတ်ခဲ့သည့်အချိန်တွင် ဂျပန်က သင်းတင်းအချက်အလက်အတွက် မဟာမိတ်နိုင်ငံများအား မည်မျှ အားကိုးအားထား ပြုခဲ့ရသည်ဆိုသည့် အချက်ကလည်း တွန်းအားဖြစ်စေခဲ့သည်။
    အာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDP မှ အမတ်များမှာ ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ထောက်လှမ်းရေး အေဂျင်စီနှင့်ပတ်သက်၍ ဥပဒေကြမ်းကို ယခုနှစ် ဆောင်ဦးရာသီတွင် တင်သွင်းရန် ရှိနေပြီး ဗြိတိန်၏ MI6 အေဂျင်စီပုံစံ ဖြစ်နိုင်ဖွယ်ရှိနေသည်။
    ထို့နောက် LDP နှင့် အစိုးရတို့က ထောက်လှမ်းရေးအေဂျင်စီ လိုအပ်သည်ဟု ကောက်ချက်ချခဲ့ပါက ဥပဒေကို လာမည့်နှစ်တွင် ပြဌာန်းနိုင်မည်ဟု LDP အမတ် တာကေရှိ အီဝါယာက မကြာသေးမီ ပြုလုပ်ခဲ့သော Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    “ဒီခေတ်ကြီးထဲမှာ ဂျပန်နိုင်ငံသားတွေရဲ့ အသက်ဟာ ဘယ်နေရာမှာ ဘယ်တော့ အန္တရာယ်ကျမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါ့ကြောင့် နိုင်ငံရပ်ခြားက သတင်းအချက်အလက်တွေကို ပိုမိုစုဆောင်းဖို့ လိုပါတယ်”
    Ref: Channelnewsasia