News @ M-Media

အားကစားသမားထဲမှ ပထမဆုံး ဘီလီယံနာ

မတ် ၈၊ ၂၀၁၅
M-Media

2647E1F600000578-2977757-image-m-53_1425401290842

– ဘက်စကက်ဘောကွင်းထဲမှာ စံချိန်သစ်တွေ တင်နိုင်ခဲ့တဲ့ အမေရိကန် ဘက်စကက်ဘော ကစားသမားဟောင်း မိုက်ကယ်ဂျော်ဒန်တစ်ယောက် ကွင်းပြင်ပမှာလည်း နောက်ထပ်စံချိန်တစ်ခု တင်နိုင်ခဲ့ပါတယ်။

ဒါကတော့ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေရဲ့စာရင်းမှာ ပိုင်ဆိုင်မှု ၁ ဘီလီယံနဲ့ အဆင့် ၁၇၄၁ မှာ ချိတ်ပြီး အားကစားသမားတွေထဲမှာ ပထမဆုံး ဘီလီယံနာ ဖြစ်လာခဲ့တာပါပဲ။

မနှစ်က စာရင်းထက် ဒီနှစ် အချမ်းသားဆုံးသူတွေရဲ့စာရင်းမှာ လူသစ် ၂၉၀ လောက် ထပ်မံပါဝင်လာခဲ့ပြီး Nike ကုမ္ပဏီနဲ့ စီးပွားရေးစာချုပ်မှာ မျိုးမျိုးမြက်မြက် ရလိုက်တဲ့ မိုက်ကယ်ဂျော်ဒန်တစ်ယောက် ပါဝင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့တံဆိပ်နဲ့ ထုတ်လုပ်တဲ့ အားကစားပစ္စည်းတွေရဲ့ အမြတ်ငွေဟာ ၂၀၁၃ မှာ ဒေါ်လာ ၂.၂၅ ဘီလီယံလောက်ရှိခဲ့ပြီး အဲဒီအထဲက ဂျော်ဒန်က သန်း ၉၀ လောက်ရခဲ့တယ်လို့ Forbes က ဆိုပါတယ်။ ဒါတင်မကသေးဘဲ Charlotte Hornets ဘက်စကတ်ဘောအသင်းရဲ့ ပိုင်ဆိုင်မှုနဲ့ အခြားပိုင်ဆိုင်မှုတွေ ပေါင်းလိုက်တဲ့အခါမှာတော့ ဂျော်ဒန်ဟာ ဘီလီယံနာ အားကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အရင်က Eastern Conference လို့ခေါ်တဲ့ NBA ပြိုင်ပွဲဝင် အဲဒီအသင်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ၂၀၁၀ ခုနှစ်မှာ ဂျော်ဒန်က ဒေါ်လာ ၂၇၅ သန်းပေးကာ ၀ယ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ၈၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အဲဒီရဲ့ တန်ဖိုးဟာ အခုအချိန်မှာတော့ ဒေါ်လာ သန်း ၇၀၀ လောက် တန်နေပါပြီ။

ချီကာဂိုဘူးလ်အသင်းနဲ့ အောင်မြင်ခဲ့တဲ့ မိုက်ကယ်ဂျော်ဒန်လိုပဲ အားကစားလောကထဲက ဘီလီယံနာအဖြစ် ပါဝင်ခဲ့တဲ့သူတွေကတော့ အာဆင်နယ်၊ ချယ်ဆီး၊ စပါးနဲ့ နယူးကာဆယ်တို့အပါအ၀င် ပရီးမီးယားလိဂ်ကလပ် အသင်း ၁၀ သင်းရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။

Ref: Dailymail

Comments

Leave a Reply