News @ M-Media
Blog
  • ဗြိတိန် MI 6 ကဲ့သို့ ထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရန် ဂျပန် စဉ်းစားနေ
    ဗြိတိန် MI 6 ကဲ့သို့ ထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရန် ဂျပန် စဉ်းစားနေ
    မတ် ၇၊ ၂၀၁၅
    M-Media
    japan
    – ဒုတိယကမ္ဘာစစ်က မဟာမိတ်တို့ အနိုင်ရပြီးနောက် စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းခဲ့ရသည် ဂျပန်မှာ ယခုတွင် ဗြိတိန်ရှိ MI6 ကဲ့သို့ ပြည်ပထောက်လှမ်းရေး အေဂျင်စီတစ်ခုကို ဖွဲ့စည်းရန် အစီအစဉ်ရှိနေသည်ဟု သိရသည်။
    အဆိုပါ ပြည်ပထောက်လှမ်းရေး အေဂျင်စီမှာ နိုင်ငံရပ်ခြားတွင် လှုပ်ရှားရန်အပါအ၀င် စစ်ဘက်စွမ်းဆောင်မှုနှင့် ပတ်သက်၍ ကန့်သတ်ားသော စစ်ပွဲအလွန် ပစိဖိတ်ဖွဲ့စည်းပုံကို ဖြေလျှော့ရန် ဆောင်ရွက်နေသည့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ မူဘောင်ကို ပြည့်ဝစေသော လုပ်ဆောင်မှုလည်း ဖြစ်မည်ဖြစ်သည်။
    ဂျပန်၏ အစိတ်စိတ်အမွှာမွှာဖြစ်နေသော ထောက်လှမ်းရေး အသိုင်းအ၀ိုင်းအား ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်သည်ဟူသော ယူဆချက်ကို ယခုနှစ်အစောပိုင်း ဂျပန်ဓားစာခံနှစ်ဦးအား IS က သတ်ဖြတ်ခဲ့သည့်အချိန်တွင် ဂျပန်က သင်းတင်းအချက်အလက်အတွက် မဟာမိတ်နိုင်ငံများအား မည်မျှ အားကိုးအားထား ပြုခဲ့ရသည်ဆိုသည့် အချက်ကလည်း တွန်းအားဖြစ်စေခဲ့သည်။
    အာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDP မှ အမတ်များမှာ ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ထောက်လှမ်းရေး အေဂျင်စီနှင့်ပတ်သက်၍ ဥပဒေကြမ်းကို ယခုနှစ် ဆောင်ဦးရာသီတွင် တင်သွင်းရန် ရှိနေပြီး ဗြိတိန်၏ MI6 အေဂျင်စီပုံစံ ဖြစ်နိုင်ဖွယ်ရှိနေသည်။
    ထို့နောက် LDP နှင့် အစိုးရတို့က ထောက်လှမ်းရေးအေဂျင်စီ လိုအပ်သည်ဟု ကောက်ချက်ချခဲ့ပါက ဥပဒေကို လာမည့်နှစ်တွင် ပြဌာန်းနိုင်မည်ဟု LDP အမတ် တာကေရှိ အီဝါယာက မကြာသေးမီ ပြုလုပ်ခဲ့သော Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    “ဒီခေတ်ကြီးထဲမှာ ဂျပန်နိုင်ငံသားတွေရဲ့ အသက်ဟာ ဘယ်နေရာမှာ ဘယ်တော့ အန္တရာယ်ကျမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါ့ကြောင့် နိုင်ငံရပ်ခြားက သတင်းအချက်အလက်တွေကို ပိုမိုစုဆောင်းဖို့ လိုပါတယ်”
    Ref: Channelnewsasia
  • နေ့ဘက် ခဏတစ်ဖြုတ်အိပ်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြု
    နေ့ဘက် ခဏတစ်ဖြုတ်အိပ်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြု
    မတ် ၇၊ ၂၀၁၅
    M-Media
    nap
    – အအိပ်အနေနည်းခြင်းမှာ ကျန်းမာရေးအား ထိခိုက်နိုင်သည်ဟု သိရှိထားပြီး စမ်းသပ်မှု အသစ်များအရ နေ့အချိန်တွင် ခဏတဖြုတ် အိပ်စက်ခြင်းက ခန္ဓာကိုယ်၏ ကိုယ်ခံအားကို ကောင်းမွန်စေသည်ကို တွေ့ရှိခဲ့ရသည်။
    နေ့ဘက် ခဏတစ်ဖြုတ်အိပ်ခြင်းက စိတ်ဖိစီးမှုနှင့် ကိုယ်ခံစွမ်းအားကို မည်သို့ သက်ရောက်စေသည်နှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Université Paris Descartes-Sorbonne Paris Cité တက္ကသိုလ်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတွင် ထိုကဲ့သို့ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး နေ့လည်နေ့ခင်း မိနစ် ၃၀ ခန့် အိပ်စက်ခြင်းမှာ ကိုယ်ခံစွမ်းအားကို ပြန်လည်ရရှိစေသည်ဟု သုတေသနပညာရှင် ဘရိုက်စ် ဖာရွတ်က ပြောကြားခဲ့သည်။
    ဖာရွတ်နှင့် လုပ်ဖော်ကိုင်ဖက်များမှာ ကျန်းမာသော အမျိုးသား ၁၁ ယောက်အား ခေါ်ယူ၍ အစားအသောက်၊ အလင်းတို့ကို ကန့်သတ်ထားပြီး အရက်၊ ကဖင်းနှင့် ဆေးသောက်သုံးမှုတို့ လုံးဝမလုပ်ရသော ဓာတ်ခွဲခန်းတွင် အိမ်စက်ခြင်းနှင့်ပတ်သက်၍ ၃ ရက်စီ ၂ ကြိမ်ခွဲကာ စမ်းသပ်ခဲ့သည်။
    ပထမအကြိမ်၌ ၎င်းတို့အား တစ်ညတွင် ပုံမှန်အတိုင်း အိပ်စက်စေခဲ့ပြီး၊ ဒုတိယညတွင် ၂ နာရီသာ အိပ်စက်စေခဲ့ကာ၊ တတိယညတွင် ၎င်းတို့ ကြိုက်သလောက် အိပ်စက်စေခဲ့သည်။ ဒုတိယ အကြိမ်တွင်မူ ထိုကဲ့သို့ပင် အိပ်စက်စေခဲ့ပြီး နေ့ခင်းပိုင်းတွင် နာရီဝက်စီ ခဏတစ်ဖြုတ် အိပ်စက်ခိုင်းခဲ့သည်။
    ထို့နောက် ၎င်းတို့၏ ဆီးနှင့် တံတွေးနမူနာတို့ကို နေ့စဉ်ယူကာ စိတ်ဖိစီးမှုဖြစ်သည့်အခါ ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးသော ပဋိပစ္စည်းကို စမ်းသပ်ခဲ့ရာတွင် ညဘက်အိပ်စက်မှုနည်းသောနေ့၌ အဆိုပါ ပဋိပစ္စည်း ထုတ်လွှတ်မှုမှာ ပုံမှန်အိပ်စက်သည့်နေ့ထက် ပိုများနေပြီး နေ့ခင်းဘက် ခဏတစ်ဖြုတ် အိပ်စက်သည့် နေ့တွင်မူ ပုံမှန်အတိုင်းသာ ရှိသည်ကို တွေ့ရှိခဲ့ရသည်။
    ထို့ပြင် အအိပ်အနေနည်းခြင်းမှာ ကိုယ်ခံစွမ်းအားကို ထိန်းညှိပေးသော မော်လီကျူးများ ထွက်ခြင်းကို ထိခိုက်စေပြီး နေ့ခင်းဘက် ခဏတစ်ဖြုတ်အိပ်ခြင်းမှာ အဆိုပါ မော်လီကျူးကို ပုံမှန်အတိုင်း ထိန်းထားနိုင်ကြောင်းလည်း တွေ့ရှိခဲ့ရသည်။
    ဖာရွတ်ကမူ နေ့ခင်းဘက် ခဏတစ်ဖြုတ်အိပ်ခြင်းမှာ ညဘက်အိပ်ရေးပျက်ခြင်းအတွက် အကောင်းဆုံး ကုစားမှုဖြစ်ပြီး ၎င်းတို့၏ ထိုတွေ့ရှိချက်များကို လက်တွေ့ဘ၀တွင် စမ်းသပ်ရန် လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • ပေါ့ဘာ၏ တိုးတက်မှုအတွက် မိမိတို့အသင်းသာလျှင် အကောင်းဆုံဟု ဂျူဗင်ပ်စ်နည်းပြဆို
    ပေါ့ဘာ၏ တိုးတက်မှုအတွက် မိမိတို့အသင်းသာလျှင် အကောင်းဆုံဟု ဂျူဗင်ပ်စ်နည်းပြဆို
    မတ် ၇၊ ၂၀၁၅
    M-Media
    pogba
    – တိုက်စစ်မှူး ပေါ့ဘာအနေဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦး ဖြစ်လာရန်အတွက် ဂျူဗင်တပ်စ်သာ အကောင်းဆုံး နေရာဖြစ်သည်ဟု နည်းပြ ဂူဆက်ပီ မာရော့တာက ပြောကြားလိုက်သည်။
    အသင်း၏ တိုက်စစ်တွင် အကောင်းဆုံး ခြေစွမ်းပြနေသည့် ပေါ့ဘာမှာ ယခုနှစ်ရာသီကုန်တွင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ခန့်ဖြင့် အသင်းပြောင်းရန် အလားအလာရှိနေပြီး ရီးယဲလ်၊ မန်ယူ၊ ပီအက်စ်ဂျီနှင့် မန်စီးတီးတို့က ခေါ်ယူရန် ဆက်သွယ်နေကြသည်။ သို့သော်လည်း မာရော့တာကမူ မိမိတို့မှာ ပေါ့ဘာအား ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်နေသည်။
    “သူ့ရဲ့ အားကစားနဲ့ပတ်သက်တဲ့ အခွင့်အရေးဟာ ဂျူဗင်တပ်စ်လက်ထဲမှာပဲ ရှိပါတယ်။ ဒါ့ကြောင့် အသင်းကပဲ ဆုံးဖြတ်မှာပါ။ ဒါပေမယ့် ကစားသမားရဲ့ ဆုံးဖြတ်ချက်ကတော့ တကယ့်ကို အရေးပါပါတယ်။ကျွန်တော်တို့ဟာ အသက် ၂၁ နှစ်အရွယ် ကစားသမားအကြောင်းကို ပြောနေတာပါ။ သူဟာ အရမ်းငယ်ပါတယ်။ သူဟာ တစ်ပွဲပြီးတစ်ပွဲ တိုးတက်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု မာရော့တာက ပြောကြားခဲ့သည်။
    ပေါ့ဘာနှင့် ဂျူဗင်တပ်စ်တို့မှာ မကြာသေးမီကပင် သက်တမ်းတိုးထားခြင်းဖြစ်ပြီး မာရော့တာကမူ မိမိတို့အသင်းမှာ ပေါ့ဘာ၏ တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုတို့အတွက် နေရာမှန်ဖြစ်သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။
    Ref: Goal.com
  • အင်္ဂါဂြိုဟ်တွင် တစ်ချိန်က အာတိတ်သမုဒ္ဒရာထက်ကြီးသော ရေအရင်းအမြစ် ရှိခဲ့
    အင်္ဂါဂြိုဟ်တွင် တစ်ချိန်က အာတိတ်သမုဒ္ဒရာထက်ကြီးသော ရေအရင်းအမြစ် ရှိခဲ့
    မတ် ၇၊ ၂၀၁၅
    M-Media
    mars
    – အင်္ဂါဂြိုဟ်ရှိ ရေအကြွင်းအကျန်များကို ခွဲခြမ်းစိတ်ဖြာမှုများအရ အင်္ဂါဂြိုဟ်တွင် တစ်ချိန်က အာတိတ် သမုဒ္ဒရာထက် ပိုကြီးသော ရေအရင်းအမြစ်တစ်ခု ရှိခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း နာဆာမှ ထုတ်ပြန်ပြောကြားလိုက်သည်။
    နာဆာမှာ ကမ္ဘာပေါ်မှ တယ်လီစကုပ် ၃ ခုဖြင့် အင်္ဂါဂြိုဟ်လေထုထဲရှိ ရေခဲများမှ ရေပမာဏအား လေ့လာခဲ့ခြင်းဖြစ်ပြီး တွေ့ရှိသော အချက်အလက်များကို သိပ္ပံမဂ္ဂဇင်းတစ်စောင်တွင် ပြီးခဲ့သည့် ကြာသာပတေးနေ့က ဖော်ပြခဲ့သည်။
    “နောက်ပိုင်းမှာ အာကာသထဲကို ရေဘယ်လောက် ရောက်သွားတယ်ဆိုတာကို ဆုံးဖြတ်တဲ့နည်းလမ်းနဲ့ ကျွန်တော်တို့ရဲ့ လေ့လာမှုအရ တစ်ချိန်က အင်္ဂါဂြိုဟ်မှာ ရေပမာဏ ဘယ်လောက်ရှိခဲ့လဲဆိုတာကို ခန့်မှန်း တွက်ချက်နိုင်ခဲ့ပါတယ်” ဟု လေ့လာမှုနှင့် ပတ်သက်သည့် ဆောင်းပါးကို ရေးသားခဲ့သူ နာဆာရှိ Goddard Space Flight စင်တာမှ သိပ္ပံပညာရှင် ဂီရိုနီမို ဗီလာနျူဗာက ပြောကြားခဲ့သည်။
    အဆိုပါ တယ်လီစကုပ် ၃ ခုမှာ အင်္ဂါဂြိုဟ်၏ လေတုထဲတွင်ရှိသည့် မတူညီသော ရေနှစ်မျိုးထဲမှ ဓာတုဗေဒ လက္ခဏာများကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး အင်္ဂါဂြိုဟ်ရှိ ရေခဲအများစုမှာ ရေပမာဏများစွာ သို့မဟုတ် သာမန် ဟိုက်ဒရိုဂျင် အက်တမ်များအစား ဂျူထရီယမ်ဟုခေါ်သည့် အိုင်ဆိုတုပ်များဖြင့် အစားထိုးထားသော မော်လီကျူးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။
    အဆိုပါ မော်လီကျူးများကို လေ့လာဆန်းစစ်ပြီးနောက် သိပ္ပံပညာရှင်များက အာကာသထဲသို့ ရေဆုံးရှုံးမှုနှုန်းကို အခြေခံကာ အင်္ဂါဂြိုဟ်တွင် တစ်ချိန်က ရေပမာဏ မည်မျှရှိသည်ကို တွက်ချက်နိုင်ခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။
    ထိုလေ့လာမှုများအရ အင်္ဂါဂြိုဟ်အတွင်းရှိ မူလ ရေပမာဏ၏ ၁၃ ရာခိုင်နှုန်းသာ ရေခဲအဖြစ် ရှိသည်ကို တွေ့ရှိခဲ့ရပြီး သိပ္ပံပညာရှင်များကမူ လွန်ခဲ့သည့် နှစ်ပေါင်း ၄.၃ ဘီလီယံအရင်က အဆိုပါဂြိုဟ်မျက်နှာပြင်၏ ၁၉ ရာခိုင်နှုန်းမှာ ရေအရင်းအမြစ်ဖြစ်ခဲ့ပြီး အနက်မှာ ၁.၆ ကီလိုမီတာအထိ ရှိမည်ဟု တွက်ချက်ခဲ့ကြပြီးကမ္ဘာမြေရှိ အာတိတ်သမုဒ္ဒရာထက် ပိုကြီးသည်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။
    Ref: RT
  • နိုက်ဂျီးရီယား ကလပ်အသင်းတစ်ခု ခရီးသွားစဉ် ဓားမြတိုက်ခံရ
    နိုက်ဂျီးရီယား ကလပ်အသင်းတစ်ခု ခရီးသွားစဉ် ဓားမြတိုက်ခံရ
    မတ် ၇၊ ၂၀၁၅
    M-Media
    nige
    – နိုက်ဂျီးရီးယား ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ ကာနိုပီလာ အသင်းမှာ ခရီးသွားနေစဉ် ဓားမြတိုက်ခံရပြီး အသင်းသားများမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။
    ရာသီအဖွင့်ပွဲစဉ်အဖြစ် Heartland အသင်းနှင့် အဝေးကွင်းတွင်ကစားရန် အိုဝါရီမြို့သို့ သွားရောက်စဉ် အဘာဂျီဒေသ၌ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကစားသမား ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် ကာနိုပီလာအသင်းကလည်း ၎င်းတို့၏ Twitter စာမျက်နှာတွင် အတည်ပြုခဲ့သည်။
    “သေနတ်ပစ်မှုကြောင့် ကစားသမား ၅ ဦး ဒဏ်ရာရသွားပါတယ်။ သေနတ်သမားက ဟန်းဖုန်းတွေနဲ့ ကစားသမားတွေဆီက အခြား အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
    ကစားသမားများမှာ ဆေးကုသမှု ခံယူပြီးနောက် အခြေအနေ တည်ငြိမ်နေပြီဟု နောက်ပိုင်းတွင် ဖော်ပြခဲ့သည်။ ဒဏ်ရာရရှိခဲ့သည့် ကစားသမား ရူဘန် အော့ဂ်ဘွန်နာယာကလည်း ၎င်းအား ဆုမွန်ကောင်း တောင်းပေးကြသူများကို ကျေးဇူးတင်ကြောင်း Twitter စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သည်။
    “ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ကူညီစောင်မခဲ့မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို အသက်ရှင်အောင် ကာကွယ်ပေးခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့အပေါ်မှာ မေတ္တာထားခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကစားသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ရေးသားခဲ့သည်။
    Ref: Goal.com