News @ M-Media
Blog
  • ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးတာဝါတွင် မီးလောင်
    ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးတာဝါတွင် မီးလောင်
    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media
    dubai 2
    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ မရီနာဒေသရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး Torch Tower တွင် ယနေ့နံနက်ပိုင်းက မီးလောင်းမှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှု မရှိခဲ့ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    နံနက် ၂ နာရီခန့်တွင် အဆိုပါ အဆောက်အဦး၏ ၈၆ ထပ်၌ စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုမှ အပျက်အဆီးများမှာ လမ်းမပေါ်သို့ ကျရောက်ခဲ့သည်။ မီးလောင်မှု၏ အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။ မရီနာဒေသမှာ ဒူဘိုင်း၏ လူနေအထူထပ်အဆုံး နေရာတစ်ခုဖြစ်ပြီး အထပ်မြင့်အဆောက်အဦးများလည်း များစွာရှိနေကာ မီးလောင်စဉ် လေများတိုက်ခတ်နေမှုကြောင့် အခြားသောအထပ်များနှင့် ဘေးနားရှိ အဆောက်အဦးများအား ကူးစက်မည်ကို စိုမ်းရိမ်ခဲ့ကြသည်။
    သို့သော်လည်း မီးငြိမ်းသက်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဒူဘိုင်းမီးသတ်များက လျင်လျင်မြန်မြန်နှင့် စနစ်တကျ ဆောင်ရွက်နိုင်ခဲ့သည်။
    “မြန်မြန်ဆန်ဆန်ပဲ မီးငြှိမ်းသက်နိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်း အံ့သြမိပါတယ်။ မီးက အထက်ကို ကူးတော့မလိုဖြစ်နေခဲ့တာပါ” ဟု မီးလောင်သည့် အဆောက်အဦးတွင် နေထိုင်သည့် အမေရိကန်ပြည်ထောင်စု ဟူစတန်မှ အသက် ၃၃ နှစ်အရွယ် အာဂျေ မောရ်လော့က်က ပြောကြားခဲ့သည်။
    မီးလောင်သည့်နေရာအား ရှင်းလင်းခဲ့ပြီးနောက် ကယ်ထုတ်ထားသည့် လူများကို မီးသတ်သမားများက နံနက်ပိုင်းတွင် ပြန်လည် နေရာချထားပေးခဲ့သည်။
    Ref:aljazeera
  • စစ်ဘေးတိမ်းရှောင် ဒုက္ခသည်များကို  နိဗ္ဗာန်ဆော် လူမှုရေး အဖွဲ့မှ ဆန် ၁၂၅ အိတ်နှင့် အလှူငွေများ လှူဒါန်းခဲ့
    စစ်ဘေးတိမ်းရှောင် ဒုက္ခသည်များကို နိဗ္ဗာန်ဆော် လူမှုရေး အဖွဲ့မှ ဆန် ၁၂၅ အိတ်နှင့် အလှူငွေများ လှူဒါန်းခဲ့
    ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၅
    M-Media
    သီဟ
    541648_1574807079439477_779005982192730369_n
    ကိုးကန့်ဒေသ လောက်ကိုင်တွင် ယခုလအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးတိမ်းရှောင် ဒုက္ခသည်များကို မန္တလေးမြို့မှ မွတ်စလင်လူငယ်  နိဗ္ဗာန်ဆော် လူမှုရေးအသင်းမှ ဦးဆောင်ပြီး ဆန်အိတ် ၁၂၅ အိတ်နှင့် အလှူငွေများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က လာရှိုးမြို့သို့သွားရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။
    11001810_1574807586106093_4673005215736316045_n 11009848_1574807112772807_6595320942463127109_n 11009103_1574807272772791_663508321243030954_n 10424348_1574807216106130_9052327525039669832_n 10389348_1574815006105351_7125025161451256459_n 10345844_1574814886105363_2648546384347372671_n
  • အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့မှုကို အီတလီတွင် မွတ်စလင်များစမ်းသပ်
    အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့မှုကို အီတလီတွင် မွတ်စလင်များစမ်းသပ်
    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media
    milan
    – အီတလီပြည်သူများတွင် အစ္စလာမ်ကြောက်ရောဂါ မည်သည့်အတိုင်းအတာအထိ ရှိနေသည်ကို စမ်းသပ်သည့်အနေဖြင့် မီလန်ရှိ မွတ်စလင်တစ်ဦးမှာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်ဆရာတော်ပုံစံအတိုင်း ၀တ်ဆင်ကာ၊ ကုရ်အာန်ကျမ်းတော်မြတ်ကို ကိုင်၍ မီလန်မြို့ထဲ၌ လမ်းလျှောက်ခဲ့ပြီး တံဆိပ်ကပ်ခံရမှုများ ကြုံတွေ့ခံရသည်ဟု သိရသည်။
    “လူကြားထဲက ဒီစမ်းသပ်မှုဟာ အစ္စလာမ်ဘာသာဝင်တွေ၊ ဒါမှမဟုတ် ရှေ့ဆောင်ဆရာတော်ပုံစံ ၀တ်ဆင်ထားတဲ့
    သူတွေနဲ့ပတ်သက်လို့ မီလန်မြို့သားတွေရဲ့ သည်းခံနိုင်မှုကို စမ်းသပ်ခဲ့တာပါပဲ” ဟု အီဂျစ်ကျောင်းသားဖြစ်သူ ဟမ်ဒီ မာဟီဆန်က La Repulica သို့ ပြောကြားခဲ့သည်။
    ထိုစမ်းသပ်မှု၏ အစိတ်အပိုင်းအဖြစ် အသက် ၃၀ အရွယ်ရှိသည့် မာဟီဆန်မှာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်ဆရာတော်များ ၀တ်သည့် အဖြူရောင်ဝတ်စုံနှင့် ဦးထုပ်ကိုဆောင်း၍ မီလန်မြို့အတွင်းတွင် ၅ နာရီကြာ လမ်းလျှောက်ခဲ့သည်။
    ၎င်းအား ပြည်သူများက စိုက်ကြည့်ခဲ့ကြကာ လမ်းသွားလမ်းလာများကလည်း မလိုမုန်းထားသော စကားများဖြင့် ပြောဆိုခဲ့ကြပြီး တာလီဘန်နှင့် IS အဖြစ် တံဆိပ်ကပ်ခံခဲ့ရသည်။
    လျှို့ဝှက်ကင်မရာဖြင့် ပြည်သူများ၏ တုံ့ပြန်မှုများကို မှတ်တမ်းတင်ထားပြီး ပြည်သူတစ်ဦးက “သူက IS မဟုတ်လား” ဟုလည်းကောင်း၊ လျှပ်စစ်ရထားမှတ်တိုင်တွင် မာဟီဆန်ထိုင်နေစဉ် လူတစ်ဦးက “သူ့ကိုကြည့်စမ်း။ သူ့မှာ ကိုရန်ရှိနေတယ်။ သူ့အင်္ကျီအောက်မှာ သေနတ်ပါမယ်ထင်တယ်” ဟု ပြောဆိုခဲ့သည်။
    သို့သော်လည်း လူငယ်များပါဝင်သည့်အုပ်စုတစ်ခုမှ လူငယ်တစ်ဦးကမူ “ဘော်ဒါတွေ။ မင်းတို့ ရှေ့ဆောင်ဆရာတော်တစ်ယောက်ကို မျက်စိမှားနေတာ” ဟု ပြောကြားခဲ့သည်။
    ထိုကဲ့သို့သော စမ်းသပ်မှုကို ပဲရစ်ရှိ ဂျူးဂျာနယ်လစ် ဇာဗီကာ ကလင်က ယခုတစ်ပတ်အစောပိုင်းတွင် ပဲရစ်မြို့၌ ပြုလုပ်ခဲ့သည်။ ၎င်းမှာ အော်သိုဒေါ့စ်ဂျူးများ ၀တ်ဆင်သည့် အနက်ရောင်ဝတ်ရုံရှည်နှင့် ဦးထုပ်ကိုဆောင်းကာ မျက်နှာကိုအုပ်၍ ပဲရစ်မြို့တစ်ဝှမ်း ၁၀ နာရီကြာ လမ်းလျှောက်ခဲ့ပြီး ၎င်းမှာလည်း စော်ကားမှုများကို ခံခဲ့ရသည်။
    “တံတွေးအထွေးခံရတယ်။ အဆဲခံရတယ်၊ ခြိမ်းခြောက်ခံခဲ့ရပါတယ်” ဟု ကလင်က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
    အီတလီတွင် သစ်လွင်မွတ်စလင် ၂၀၀၀၀ အပါအ၀င် အစ္စလာမ်ဘာသာဝင် ၁.၇ သန်းရှိနေသည်ဟု နိုင်ငံတော် စာရင်းအင်းအေဂျင်စီ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ အိမ်နီးချင်း လစ်ဗျားနိုင်ငံတွင် IS အဖွဲ့က အီဂျစ်ခရစ်ယာန် ၂၁ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် အီတလီမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုနှင့်ပတ်သက်၍ တပ်လှန့်ထားခဲ့သည်။
    အီရတ်နှင့် ဆီးရီးယားတို့ရှိ စစ်ပွဲကို အခြေခံကာ IS အဖွဲ့ ပေါ်ပေါက်လာပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် မွတ်စလင်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချခဲ့သော်လည်း အချို့နိုင်ငံများရှိ အဓိကမီဒီယာများက မဖော်ပြမှု၊ ဒေသခံ အစ္စလာမ်ဘာသာဝင်များမှာ IS အဖွဲ့ကို ဆန့်ကျင်သော ၎င်းတို့၏ ရပ်တည်ချက်များ၊ IS ၏ အယူအဆများ မွတ်စလင်လူငယ်များထံသို့ မကူးစက်စေရေး ကြိုးပမ်းမှုများကို မီဒီယာရှေ့မှောက်သို့ ထိရောက်စွာ မချပြနိုင်မှုတို့ကြောင့် အစ္စလာမ်ဘာသာဝင်များအပေါ် အထင်အမြင်လွဲမှုများ မြင့်တက်လျက်ရှိနေသည်။
    Ref: onislam
  • အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ
    အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ
    ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၅
    M-Media
    righteous-muslims2
    – `မည်သူမဆို အသက်တစ်ချောင်းအား ကယ်တင်ခဲ့ပါက တစ်ကမ္ဘာလုံးရှိ အသက်များကို ကယ်တင်ဘိသကဲ့သို့ ဖြစ်၏´ (ဘေဘီလိုနီယန်း တဲလ်မူးဒ်-ဆန်ဒီဒရင် ၄၊ ၈(၃၇က)) (ကုရ်အာန် ၅၊ ၃၂)
    အထက်ပါ ပါဒတော်မှာ ဂျူးဘာသာဝင်များ၏ Talmud ကျမ်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ ကုရ်အာန်ကျမ်းတွင် ဖော်ပြထားသည့် ပါဒတော်ဖြစ်သည်။
    ဇန်န၀ါရီ ၂၇ ရက် တွင်ကျရောက်သည့် Holocaust (နာဇီတို့က ဂျူးများအား သတ်ဖြတ်သည့် အစီအစဉ်) ၏ နှစ်ပတ်လည်နေ့တွင် `လူဖြောင့်လူမှန်များ´ အကြောင်း ပြန်လည်အောက်မေ့သတိရခြင်းမှာ ထိုက်တန်သည့် ကိစ္စဖြစ်သည်။ ထိုသူများမှာ အခြားသူများမဟုတ်။ နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များပင်ဖြစ်၏။ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်လှသည့် Holocaust အစီအစဉ်တွင် ဂျူးများအား သက်စွန့်ဆံဖျား ကယ်တင်ခဲ့သော မွတ်စလင်များ၏ အကြောင်းကို သိရှိသူ အလွန်နည်းလေသည်။
    စိတ်ဝင်စားစရာအကောင်းပြီး လူသိနည်းသည့် အချက်တစ်ချက်က အလ်ဘေးနီးယားတွင် ကျင့်သုံးခဲ့သော ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများအကြောင်း ဖြစ်သည်။ အလ်ဘေးနီးယားတို့၏ ဖော်ရွေမှုနှင့် ကာကွယ်ပေးမှုမှာ ဒေသအတွင်း ယဉ်ကျေးမှုအစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပြီး၊ ၎င်းကို အစ္စလာမ်၏ တန်ဖိုးများဖြစ်သော ဧည့်ဝတ်ကျေပွန်မှု၊ ဧည့်သည်များ၊ ခရီးသွားများအား စောင့်ရှောက်မှုတို့ဖြင့် ပိုမိုပြည့်စုံစေခဲ့သည်။
    Holocaust အချိန်အတွင်း ဂျူးလူမျိုးအရေအတွက် မြင့်တက်လာသည့် နိုင်ငံ ၂ နိုင်ငံရှိခဲ့သည်။ ဂရိနိုင်ငံကဲ့သို့ နေရာမျိုးရှိ ဂျူးများကိုပင် မရဏအကျဉ်းစခန်းများဖြစ်သည့် အော့ဇ၀စ်၊ ဆိုဘီဘောရ်နှင့် ထရီဘလင်ကာသို့ ပို့သော နာဇီတို့၏ ဆိုးရွားသည့်အစီအစဉ်မှ လွတ်မြောက်ရန် ဂျူးအမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးပါမကျန် ၀င်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ဂျူးလူဦးရေမြင့်တက် လာသည့် နိုင်ငံ ၂ နိုင်ငံမှာ အလ်ဘေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့ဖြစ်သည်။ အလ်ဘေးနီးယားတွင်မူ ဂျူးလူမျိုးအရေအတွက်မှာ ယခင်က ၂၀၀ ခန့်ရှိခဲ့ရာမှ စစ်ကြီးအပြီးတွင် ၂၀၀၀ ကျော်ဖြစ်လာသည်။
    မြောက်အာဖရိက၊ တူရကီတို့ပြီးနောက် ဂျူးများကို ကယ်တင်ခဲ့သည့် အလ်ဘေးနီးယားမွတ်စလင်များ၏ အကြောင်းကို အနည်းငယ်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအထဲမှာ အများစုကို သေသေချာချာ စုံစမ်းစစ်ဆေးခြင်းမလုပ်ခဲ့ကြ။ အရှေ့အလယ်ပိုင်းနိုင်ငံရေး ကလည်း မွတ်စလင်လူ့အဖွဲ့အစည်း၏ သမိုင်းအမွေအနှစ်ဖြစ်သော ထိုဇာတ်လမ်းများကို စုံစမ်းစစ်ဆေးမှုပြုရန် ဆန္ဒအား တဖြည်းဖြည်းလွှမ်းမိုးပျောက်ကွယ်စေခဲ့သည်။ အစ္စလာမ်နှင့် မွတ်စလင်အကြောင်း အဖျက် သဘောဖြင့်သာ မီဒီယာများက ဖော်ပြနေသည့် ယခုအချိန်တွင် အဆိုပါဇာတ်လမ်းများက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ ခံစားမှုတစ်ခုကို ပေးအပ်နိုင်မည်ဖြစ်သည်။
    ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များ ကွယ်လွန်သွားခြင်းနှင့်အတူ ၎င်းတို့၏ ဆောင်ရွက်ချက် အများစုမှာလည်း မှေးမှိန်ပျောက်ကွယ် ခဲ့ပေပြီ။ အလ်ဘေးနီးယားမှ ထိုသူတော်ကောင်းကြီးများ၏ ဇာတ်လမ်းအချို့ကို ဖော်ပြချင်သေးသည်။ ထိုအထဲမှ တစ်ဦးမှာ ယဒ်ဗာရှမ် ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ခိုကိုးရာမဲ့ ဂျူးလူမျိုး ၇၁ ဦးအား နာဇီတို့လက်မှကယ်တင်ခဲ့သူဖြစ်သည်။ မည့်သည့် မျှော်လင့်ချက်မှမရှိဘဲ ချို့တဲ့သူများကို ကူညီရမည့်စိတ်တစ်ခုတည်းဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာ တော်တော်များများကို Faith Matters (http://faith-matters.org/) ဆိုသည့် ၀ဘ်ဆိုက်တွင် တွေ့နိုင်သည်။ ထိုဝဘ်ဆိုက်လေးတွင် လေးစားအားကျစရာကောင်းသည့် လူဖြောင့်လူမှန်များ၏ အကြောင်းကို ဖော်ပြထားသည်။ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဂျူးများကို ကယ်တင်ထားကြသူများလည်း ပါသည်။
    ဥပမာအနေဖြင့် ထုတ်ပြရလျှင် ဇက်ဂ်ျနီဘာ ဟာဒဂါနှင့် အဟ်မ် ဆာဒစ်ဆိုသူ မွတ်စလင်နှစ်ဦးဖြစ်ပြီး ဘော်လ်ကန်ဒေသ တွင် ငြှင်းပမ်းနှိပ်စက် ခံရသူဂျူးများကို နေရာ ထိုင်ခင်းပေးကာ၊ ကျွေးမွေးစောင့်ရှောက် ခဲ့သူများဖြစ်သည်။ ဂျာမန်စစ်သားများက ဂျူးများအား လိုက်လံရှာဖွေပြီး အကျဉ်းစခန်းသို့ ပို့နေသောအချိန်တွင် ထွက်ပြေးလာသော ဂျူးမိသားစုတစ်ခုနေရန် ဇက်ဂ်ျနီဘာက သူမ၏ အိမ်ကို ပေးခဲ့သည်။ အဟ်မဒ်ဆာဒစ်က ဂျာမန်တို့မှာ ဂျူးများကို အကျဉ်းစခန်းသို့ ပို့နေကြောင်း ရထားပေါ်ရှိ သူ၏ ဂျူးသူငယ်ချင်းများအား သတိပေးခဲ့ပြီး ထိုရထားမှ ကယ်ထုတ်ကာ နေရာထိုင်ခင်းကို စီစဉ်ပေးခဲ့သည်။ ထို့နောက် အထောက်အထားအတုများလုပ်ကာ အဆိုပါဂျူးလူမျိုးများအား နာဇီတို့လက်မှ လွတ်မြောက်စေခဲ့သည်။ အဟ်မဒ်မှာ ထိုလုပ်ရပ်အတွက် နာဇီတို့၏ ဖမ်ဆီးခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရသည်။ ဘ၀၏ နောက်ဆုံးရက်အနည်းငယ်ကို သူကိုယ်တိုင် ဂျူးသူငယ်ချင်းများကို ကယ်ထုတ်ပေးခဲ့သည့် နာဇီရထားပေါ်၌ အဟ်မဒ်တစ်ယောက် ကုန်ဆုံးခဲ့ရလေသည်။
    အခြား အလ်ဘေးနီးယား နှစ်ဦးကတော့ ဒက်စတန် ဘာလာနှင့် လီမာဘာလာတို့ ဇနီးမောင်နှံဖြစ်သည်။ စစ်ကြီးဖြစ်နေချိန် အစာရေစာရှားပါးသည့်ကာလတွင် သူတို့က ဂျူးမိသားစုတစ်စုကို ကယ်တင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျာမန်တို့ ကိုဆိုဗိုမှ ပရစ်တီးနားမြို့ကို ကျူးကျော်ချိန် တူရကီမွတ်စလင်များက စာရွက်စာတမ်းများဖြင့် အလ်ဘေးနီးယားသို့ ပို့လိုက်သော `လေဇာ´ မိသားစုဖြစ်သည်။ ခိုကိုးရာမဲ့နေသည့် ထိုမိသားစုမှာ အလ်ဘေးနီးယား ရှန်ဂျာ့ဂ်ျဒေသ ရွာတစ်ရွာရှိ တောင်ကုန်းများပေါ်တွင် ပုန်းနေရသည်။ ထိုစဉ်က မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လဖြစ်ပြီး ဂျူးများအား လက်ခံပါက နာဇီတို့၏ သေဒဏ်ပေးခြင်းခံရမည်ကို သိရှိသော်လည်း ထိုရွာမှ ရွာသားများက `လေဇာ´ မိသားစုအား ကြည်ကြည်ဖြူဖြူပင် လက်ခံထားကြကာ စားဝတ်နေရေးအတွက် ဘာလာတို့ မောင်နှံနှစ်ဦးကပင် တာဝန်ယူ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ `လေဇာ´ မိသားစုထဲက ဆာရာနိုဗန်ဆိုသည့် အမျိုးသမီး ကိုယ်ဝန်ဆောင်ကာ မီးဖွားသည့်အခါတွင်လည်း လီမာက ကူညီပေးခဲ့၏။
    ဒက်စတန်တို့ရွာမှာ ရွာငယ်လေးဖြစ်ပြီး လူစိမ်း ၁၈ ဦးခန့်လာရောက်ခြင်းမှာ ခဏချင်းပင် ရွာအနှံ့ပြန့်သွားကာ ဂျာမန်စစ်သားများ ရှာတွေ့သွားနိုင်သည်။ သို့သော်လည်း ထိုအန္တရာယ်ကို မကြောက်မရွံ့ဘဲ ဂျူးမိသားစုအား တာဝန်ယူစောင့်ရှောက်ခဲ့သည့် ဒက်စတန်တို့ဇနီးမောင်နှံ၏ လုပ်ရပ်မှာ သူရဲကောင်းဆန်သည့် လုပ်ရပ်လည်းဖြစ်သည်။ ထိုဒေသရှိ အလ်ဘေးနီးယား ရဲတပ်ဖွဲ့ကလည်း မွတ်စလင်များမှာ ဂျူးများအား ကာကွယ်ပေးထားသည်ကို သိသည်။ ထို့ကြောင့် ဂျာမန်များလာရောက်ရှာဖွေသည့်အခါတွင် မသိချင်ယောင် ဆောင်နေခဲ့၏။
    ဤအဖြစ်အပျက်ဇာတ်လမ်းများက ကျွန်ုပ်တို့အား လူဖြောင့်လူမှန်များအကြောင်း ပြောပြနေခြင်းပင်မဟုတ်ပါလား။ မှန်သည် အများကြီးပြောပြနေသည်။ ဘာသာတရားက လူ့အသက်များကယ်တင်စေချင်သည့်စိတ်ဓာတ် ဖြစ်ပေါ်ကြောင်း ပြနေသည်။ ဘာသာတရား မရှိသောသူ၊ ဂျူးများ၊ ဂျစ်ပစီများ၊ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ယုံကြည်သောသူများလည်း ရှိနေသည်။ `လူဖြောင်လူမှန်´ ဘွဲ့ကို ဂျူးများကို ကယ်တင်သောသူများအား ပေးရမည်ဆိုလျှင် အစွန်းရောက် သီအိုရီများကိုခြေခံကာ အစွန်းရောက်အမြင်များဖြင့် ပစ်မှတ်ထားခဲ့သည့် နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခြင်းဟူသော မှန်ကန်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည့် ဘာသာရှိသူများ၊ ဘာသာမဲ့များလည်း ရှိနေသေးသည်။
    ဂျူးနှင့် မွတ်စလင်တို့၏ သမိုင်းများက ပဋိပက္ခများ၏ အရင်းမူလများထဲမှ တစ်ခုဖြစ်သည်ဟု ကြားဖူးနားဝဖြင့် ဆိုလာလျှင်တော့ ထိုလူမှာ မှားယွင်းနေပေပြီ။ မွတ်စလင်များမှာ တစ်နည်းနည်းဖြင့် ဆိုးရွားပြီး နာဇီများကို ထောက်ခံသူများသာ ဖြစ်ကြသည်ဟုပြောကာ မွတ်စလင်ဆန့်ကျင်ရေးအမုန်းစကားများကို ဖြန့်ဖြူးကြသူများမှာ Holocaust အစီအစဉ်တွင် ဂျူးများအား မွတ်စလင်များက ကယ်တင်ခဲ့သည်ဆိုသည့် အဆိုပါ ဇာတ်လမ်းများကို မမြင်နိုင်၊ လက်မခံနိုင်၍သာဖြစ်မည်။ လူလူချင်း ဆက်ဆံရေးကို ယုံကြည်သူများ၊ လူ့အသက်များကို ကယ်တင်ချင်သူများ၊ သတ်ဖြတ်မှုနှင့် လူမဆန်မှုများကို ကျော်လွှားကာ အောင်ပွဲရယူချင်သူများအတွက် အဆိုပါ ဇာတ်လမ်းများက ကိုးကားလိုက်နာစရာများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်ကိုဖြစ်စေသော ထိုဇာတ်လမ်းများက အချိန်အတော်ကြာ ဆက်လက်ရှိနေမည်ဖြစ်သည်။ တစ်ဦးပေါ်တစ်ဦး မျှော်လင့်ချက်ထားခြင်း၊ ဘ၀အမိုက် အမှောင်ကျချိန် တွင် မျှော်လင့်ချက်ထားခြင်း၊ အသက်ရှင်လိုစိတ်ရှိခြင်းနှင့် အောင်ပွဲများကို ကာကွယ်လိုခြင်း စသည်တို့ကိုလည်း ရရှိပေဦးမည်။
    ref:.huffingtonpost
    မိုးဝေ ဘာသာပြန်ဆိုသည်။
  • White Card ကိုင်သူတွေ မဲပေးခွင့် ရှိ မရှိ
    White Card ကိုင်သူတွေ မဲပေးခွင့် ရှိ မရှိ
    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    ရေးသားသူ -ကျော်မင်း
    610x407xirr94.jpg.pagespeed.ic.DuJ2IFEAQc
    ဖေဖော်ဝါရီလ ၂ ရက် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်သူများ အနေဖြင့် မဲပေးခွင့်ရှိသည်ဟု အတည်ပြုခြင်းအပေါ်တွင် ဝေဖန်မှုများပေါ်လာသည်။
    ဝေဖန်သူများတွင် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့လည်း ပါဝင်သည်။ တချိန်က မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေး အဓိကလှုပ်ရှားခဲ့သော ဥသျှောင်ပါတီမှ ခေါင်းဆောင်ဖြစ်ဖူးသူများလည်း ပါဝင်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံသား မဖြစ်သေးသူများကို မြန်မာနိုင်ငံသားများနည်းတူ ပါဝင်မဲပေးခွင့် မရှိသင့်ဟု အထက်ပါတီတခု၏ ထုတ်ပြန်ချက်တွင် ပါဝင်နေသည်။
    မြန်မာပြည်တွင် White Card များကို မဲထည့်ခွင့်ပြုခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားများ၏ နိုင်ငံရေးကံကြမ္မာကို ထိပါးအောင် တရားဝင် ခွင့်ပြုထားခြင်းမျိုး ဖြစ်နေသည်ဟုလည်း ပြောဆိုနေပါသည်။ နိုင်ငံရေး ခေါင်းဆောင်လုပ်လိုသူများသည် မိမိဆန္ဒအလျောက် ဥပဒေဘောင်ကျော်သော စကားများ လက်လွတ်စပယ် မပြောသင့်ပါ။
    ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်များနှင့် ၀ဒေသမှ White Card ကိုင်ဆောင်သူများကို နိုင်ငံခြားသား ဆိုမည်လား။ ထိုဒေသမှ လွှတ်တော်အမတ်များကမူ သူတို့ဒေသမှာ White Card ထုတ်ပေးထားကာ မကြာမီ နိုင်ငံသား စိစစ်ရေးကတ် လဲပေးမည်ဟု ပြောဆိုထားပြီး ယခုအချိန်ထိ မထုတ်ပေးသေးကြောင်း လွှတ်တော်တွင် ရှင်းပြသည်။
    ယနေ့ထိ White Card အကြောင်း ဆွေးနွေးလိုသော နိုင်ငံရေးခေါင်းဆောင်များ၊ စာပေပညာရှင်များသည် White Card ၏ ဥပဒေကြောင်းနှင့် လူ ၇ သန်းနီးပါး ရခိုင်ပြည်မှာ White Card ကိုင်ဆောင်နေရခြင်း၏ သမိုင်းကြောင်းကို လေ့လာသိရှိထားရန် လိုပေသည်။
    နိုင်ငံတကာမှာ အမြဲနေထိုင်လိုသူ နိုင်ငံခြားမှ တရားဝင်လာရောက်သူများကို Green Card ထုတ်ပေးသည်။ မြန်မာ White Card သည် နိုင်ငံခြားသားများကို ထုတ်ပေးခြင်းမဟုတ်၊ ၁၉၅၁ ခုနှစ် ပြည်တွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ၁၃ အရ နိုင်ငံသားများကို အမျိုးသားမှတ်ပုံတင်ကတ် ပျောက်ပျက်ပါက အရေးပေါ် ယာယီထုတ်ပေးသော လက်မှတ်သာ ဖြစ်သည်။ တနည်း အမျိုးသားမှတ်ပုံတင် ကိုယ်စား အထောက်အထားတခု ဖြစ်သည်။
    မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူများ ၀င်မလာဆဲတသဲသဲ ဖြစ်နေသယောင် ရုံးထိုင်စားပွဲခင်း၍ ယာယီသက်သေခံလက်မှတ် White Card ထုတ်ပေးခြင်းမျိုး ရှင်းပြခြင်းမှာ တရားဥပဒေ စိုးမိုးရေးကို အနှောက်အယှက် ဖြစ်နေပါသည်။ အမျိုးသားမှတ်ပုံတင်ကတ်ကိုသော်လည်းကောင်း၊ ယာယီသက်သေခံကတ်ပြားကို သော်လည်းကောင်း ပြည်တွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ် ၃၃ အရ နိုင်ငံခြားသားများအား ထုတ်ပေးခွင့် မရှိပါ။ နိုင်ငံသား မဟုတ်သူများကို White Card ထုတ်ပေးထားသည်ဟု တာဝန်ရှိပုဂ္ဂိုလ်များက ပြောဆိုနေခြင်းသည် ပို၍ တရားမဲ့သောစကား ဖြစ်သည်။
    နိုင်ငံခြားသားများကို ဥပဒေအရ ချုပ်ကိုင်နိုင်သည်။ စည်းကမ်းမဲ့ တိုင်းပြည်တွင် တွေ့ရှိပါက အရေးယူ အပြစ်ပေးနိုင်သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေ၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ဥပဒေ၊ Immigration Emergency Act အစရှိသည်တို့ ရှိပေသည်။ အချိန်မရွေး ခိုးဝင်လာသူ၊ နယ်စပ်ခြေကျွံ ၀င်ရောက်လာသူများကို ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ပေးနိုင်သည့် ဥပဒေများ မြန်မာနိုင်ငံတွင် တည်ရှိနေပါသည်။
    ယခု ရခိုင်ပြည်နယ်မှ ယာယီသက်သေခံကတ် ကိုင်ဆောင်သူများသည် မူလက အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်သူများ ဖြစ်ကြသည်။ သို့မဟုတ် ထိုသူများ၏ သားမြေးများ ဖြစ်ကြသည်။ မြန်မာ ဘင်္ဂလား နယ်စပ်သည် လုံခြုံမှုအပြည့်ရှိသော အဖြူရောင်နယ်မြေ ဖြစ်နေသည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီး ဖြစ်သည်။
    ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေ ပြဋ္ဌာန်းခြင်းမပြုခင် အမျိုးသား မှတ်ပုံတင်သည် နိုင်ငံသားဖြစ်ခြင်း၏ တခုတည်းသော အထောက်အထား ပေတံဖြစ်ခဲ့သည်။ အလုပ်ဝင်ခြင်း၊ အရောင်းအ၀ယ်ပြုခြင်း၊ ခရီးသွားခြင်း၊ နိုင်ငံခြားသွားရန် ပတ်စ်ပို့ထုတ်ခြင်း စသည့် ကိစ္စအရပ်ရပ်ကို ထိုကတ်ပြားဖြင့် ပြုလုပ်ခဲ့ရသည်။
    ယနေ့တိုင် White Card အဖြူကတ် ကိုင်ဆောင်သူများကို လွှတ်တော်အတွင်းအပြင်မှ ခိုးဝင်ဘင်္ဂါလီ နိုင်ငံခြားသား၊ နိုင်ငံသားမဖြစ်သေးသူများ စသဖြင့် အမည်အမျိုးမျိုးတပ်ခြင်းသည် လူမျိုးတမျိုးကို သိက္ခာချခြင်း ဖြစ်နေသည်။ အပြစ်ရှိသည်ဟု ထင်ရသူတယောက်ကို အပြစ်ရှိကြောင်း သက်သေမပြနိုင်လျှင် စီရင်ချက်မချနိုင်သေးသရွေ့ တရားခံဟု မစွပ်စွဲနိုင်ပါ။ စွပ်စွဲပြီး အပြစ်မထင်ရှားလျှင် ပြန်တရားစွဲနိုင်သည်။
    ယခု လူမျိုးတမျိုးကို ဆန္ဒအလျောက် ခိုးဝင်ဘင်္ဂါလီဟု စွပ်စွဲနေခြင်းသည် ထိုစွပ်စွဲသူများ နိုင်ငံရေးခေါင်းဆောင် ဆိုသူများ၏ သိက္ခာနှင့် ပတ်သက်နေသည်။ ထိုနိုင်ငံရေးခေါင်းဆောင်များ စေ့စပ်စွာ လေ့လာမှု မရှိဘဲ သံယောင်လိုက်ပြီး အမျိုးသားရေးသံစဉ်များ ထုတ်နေခြင်းသည် မြန်မာ့ဒီမိုကရေစီ၏ အားနည်းချက် ဖြစ်နေသည်ဟု သုံးသပ်ပါသည်။ နိုင်ငံရေးပါတီ တည်ထောင်၍ နိုင်ငံရေးပြုလုပ်ခြင်းမှာ လူတစုအတွက် မဖြစ်သင့်ပေ၊ အားလုံးအတွက် ဖြစ်သင့်ပေသည်။ လူမျိုးဘာသာ အသားအရောင် မခွဲခြားဘဲ အားလုံးအကျိုး သယ်ပိုးနိုင်ရန် လိုအပ်သည်။
    ဗိုလ်ချုပ်အောင်ဆန်းသည် ယခု ယာယီသက်သေခံကတ် ကိုင်ဆောင်သူများ၏ ဘိုးဘွားများကို နိုင်ငံသားအဖြစ် လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခွင့် ရွေးချယ်ခံပိုင်ခွင့်များ ပြုခဲ့သည်။ ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲမှတ်တမ်းမှာ ထင်ရှားစွာ တွေ့ရှိနိုင်သည်။
    လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံစီမံ အုပ်ချုပ်သူများသည် လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းက ပါဝင်စွန့်စားခဲ့သော ခေါင်းဆောင်များ ဖြစ်ခဲ့သည်။ သူတို့က ယနေ့ အဖြူကတ် ကိုင်ဆောင်သူများ၏ မိဘများကို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးခဲ့သည်။ နိုင်ငံသားအဆင့် မခွဲခြားခဲ့ပါ။ ဗိုလ်ချုပ်ကိုယ်တိုင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပေဒမှာ နိုင်ငံသားတမျိုးတည်းသာ ရှိခဲ့သည်။
    ကုန်အောင် စုံအောင် ပြောရလျှင် ၁၉၅၁ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲမှ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအထိ ရခိုင်မြောက်ပိုင်းမှ White Card ကိုင်ဆောင်သူများနှင့် ၄င်းတို့၏ မိဘဘိုးဘွားများသည် မဲပေးခွင့် ရွေးချယ်ခံပိုင်ခွင့်များ ရှိခဲ့ပါသည်။
    မိမိနှင့်မတူသူများသည် နိုင်ငံခြားသား ဖြစ်ရမည်ဟု ဥပဒေရှိနေလျှင်လည်း ၄င်းဥပဒေသည် အဓမ္မဆန်သော၊ အနိုင်ကျင့်လိုသော ဥပဒေသာ ဖြစ်မည်။
    White Card ဖြင့် ရွေးချယ်ခံခွင့် အခွင့်အရေးကို ပိတ်ထားသည့်အပြင် မဲပေးခွင့်မပြုရန် နှိုးဆော်ခြင်း၊ ကန့်ကွတ်ဆန္ဒပြနေခြင်းများသည် ဥပဒေနှင့်မညီ၊ ဒီမိုကရေစီ စံနှုန်းလည်းမကိုက်၊ မိမိတို့အတွင်းဆန္ဒ၏ တိုက်တွန်းချက်သာ ဖြစ်ပါသည်။
    တိုင်းပြည်ကို တရားဥပဒေနှင့်အညီ မဟုတ်ဘဲ ဆန္ဒအလျောက် အုပ်ချပ်မည်ဆိုက ထိုတိုင်းပြည် မတိုးတက်နိုင်၊ ဒီမိုကရေစီနှင့် မညီညွတ်ပါ။ ပြည်သူအားလုံး၏ အခြေခံရပိုင်ခွင့်ကို အာမခံချက် မပေးနိုင်ပါက ခွဲခြားဆက်ဆံသော ဥပဒေဖြစ်နေပါက ထိုဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။
    (ကျော်မင်းသည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အနိုင်ရခဲ့သော အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်ဖြစ်သည်။)
    ဓါတ်ပုံအညွှန်း- ရခိုင်ပြည်နယ် မြောက်ပိုင်းနေ White Card ကိုင်ဆောင်သူတဦး (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
    http://burma.irrawaddy.org/opinion/viewpoint/2015/02/19/71388.html