News @ M-Media

အင်အားကြီးနိုင်ငံများ ဗီတိုကို စွန့်လွှတ်သင့်သည်ဟု ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ဝေဖန်

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
M-Media

amsy

– IS ကဲ့သို့ အဖွဲ့များလက်မှ ပြည်သူများအား ကာကွယ်ရန် မလုပ်ဆောင်နိုင်ခဲ့သည့်အတွက်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များမှာ ရှက်စရာကောင်းပြီး ထိရောက်မှုမရှိသူများဖြစ်လာကာ ၎င်းတို့အနေဖြင့် ကုလတွင် ဗီတိုအာဏာကိုပါ စွန့်လွှတ်သင့်သည်ဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်သည်။

၄၁၅ မျက်နှာရှိပြီး ယနေ့တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၆၀ တွင် ဖြစ်ပွားနေသော ပြဿနာများကို အသေးစိတ်ဖော်ပြထားကာ အစိုးရများမှာ ပြည်သူများအား ကာကွယ်ဟန် ဆောင်နေကြသည်ဟု ထည့်သွင်းရေးသားထားသည်။

ထို့ပြင် နိုင်ငံတကာလက်နက်ကုန်သွယ်မှုကို ထိန်းညှိထားပြီး ပြီးခဲ့သည့်နှစ်က ပြဌာန်းခဲ့သော သဘောတူညီချက်ကို နိုင်ငံအားလုံးက လိုက်နာရန် Amnesty က တိုက်တွန်းခဲ့ပြီး ထိုသဘောတူညီချက်က ဆီးရီးယားနှင့် အီရတ်ကဲ့သို့သော နိုင်ငံများသို့ လက်နက်များ အစုလိုက်အပြုံလိုက်တင်ပို့မှုကို ရပ်တန့်စေနိုင်မည်ဟု ဆိုသည်။

“ကမ္ဘာတစ်ဝှမ်း လက်နက်ခဲယမ်းကုန်သွယ်မှုကို ထိန်းညှိမှုမရှိတဲ့အတွက်ကြောင့် တစ်နှစ်ကို အနည်းဆုံး လူ ၅ သိန်းလောက် ပျမ်းမျှသေဆုံးနေပြီး သန်းနဲ့ချီတဲ့သူတွေ ဒဏ်ရာအနာတရဖြစ်တာ၊ မုဒိမ်းကျင့်ခံရတာနဲ့ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတာတွေ ရှိနေပါတယ်” ဟု Amnesty ၏ မီဒီယာဒါရိုက်တာဖြစ်သူ ဆူဆန်နာ ဖလက်ဒ်က ပြောကြားခဲ့သည်။

Amnesty International အဖွဲ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း ဝေဖန်ခဲ့ပြီး လက်ရှိပြဿနာများအား ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ချက်ချင်း အရေးယူမှုမလုပ်ပါက အခြေအနေမှာ ပိုမို၍ ဆိုးရွားလိမ့်မည်ဟု သတိပေးခဲ့သည်။

ထို့ပြင် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်တို့မှာ ၎င်းတို့၏ ဗီတိုအာဏာကို အရပ်သားများအား ကာကွယ်ရေးထက် ၎င်းတို့၏နိုင်ငံရေးအကျိုးစီးပွား သို့မဟုတ် ပထ၀ီနိုင်ငံရေး အကျိုးစီးပွားအတွက်သာ တစ်လွဲသုံးနေကြသည်ဟု ထည့်သွင်းပြောကြားခဲ့ကာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့်အခါတွင် ထိုနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဗီတိုအာဏာကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။

Amnesty International မှာ မော်တာဗုံးများနှင့် ဒုံးကျည်များကဲ့သို့ ပေါက်ကွဲစေတတ်သော လက်နက်များအား လူနေထူထပ်သောနေရာတွင် အသုံးပြုခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ရန်အတွက်လည်း တိုက်တွန်းဆော်သြခဲ့သည်။

Ref: aljazeera

Comments

Leave a Reply