ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
M-Media
– ယနေ့နံနက်က ကစားခဲ့သည့် ဘာစီလိုနာနှင့်ပွဲတွင် အသုံးပြုခဲ့သော နည်းစနစ်ပိုင်းဆိုင်ရာအတွက် မိမိအနေဖြင့် နောင်တမရဟု မန်စီးတီးအသင်း၏ နည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
မန်စီးတီးအသင်း၏ အိမ်ကွင်း အီတီဟတ်တွင် ကစားခဲ့သော်လည်း ဧည်သည့် ဘာစီလိုနာက ခြေသာခဲ့ပြီး ဂိုးသွင်းခွင့်များလည်းရခဲ့ကာ ဆွာရက်ဇ်၏ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲတွင် ပယ်လီဂရီနီမှာ တိုက်စစ်အသားပေးသည့် ၄-၄-၂ ပုံစံဖြင့် ပွဲထွက်ခဲ့ပြီး ရှေ့တန်း၌ တိုက်စစ်မှူး အဂူရိုနှင့် ဇက်ကိုတို့အား တွဲပေးခဲ့သည်။
သို့သော်လည်း ကစားကွက်အသာမရသောကြောင့် ဒုတိယပိုင်းတွင် ကစားပုံပြောင်းခဲ့ပြီး ပယ်လီဂရီနီကမူ ၎င်း၏ နည်းစနစ်ဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းမှာ မှန်ကန်ခဲ့သည်ဟု ဆိုသည်။ မန်စီးတီး၏ ကစားပုံအတွက် နောင်တရလားဟု ပွဲအပြီးတွင် မေးမြန်းခဲ့ရာ ပယ်လီဂရီနီက
“မရပါဘူး။ ကျွန်တော်အရမ်းပျော်ပါတယ်။ ဒါဟာ ဘာစီလိုနာနဲ့ ကစားရမယ့်ပုံစံပါ။ ကျွန်တော်တို့ ပထမပိုင်းတစ်မျိုး၊ ဒုတိယပိုင်းတစ်မျိုးနဲ့ ပုံစံ ၂ မျိုး ကစားခဲ့ပါတယ်။ ပထမဂိုးမပေးရခင်အထိ သာမန်ပွဲတစ်ခုပါပဲ။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဂိုး ၂ ဂိုး အလွယ်တကူ ပေးလိုက်ရပြီး ကစားပုံလည်း ဆိုးသွားခဲ့ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ဒုတိယပိုင်း၌ မိမိအသင်းမှာ ကစားပုံပိုကောင်းခဲ့ပြီး ၁ ဂိုးရအောင် သွင်းနိုင်ခဲ့ကာ ဂိုးသွင်းခွင့်အချို့လည်း ရခဲ့ကြောင်း အိမ်ကွင်းယခုရလဒ်မှာ ရလဒ်ကောင်းမဟုတ်ဘဲ ဒုတိယအကျော့တွင် ပိုကောင်းအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။
ယနေ့ပွဲရှုံးကြောင့် ပထမဆုံး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရေး မန်စီးတီး၏ မျှော်လင့်ချက်မှာ အနည်းငယ် မှေးမှိန်လာခဲ့သည်။
Ref: goal.com


Leave a Reply
You must be logged in to post a comment.