News @ M-Media

Blog

  • ပင်နယ်တီလုကန်သည့် ဘာလော့တယ်လီကို ဂျရတ်ဝေဖန်

    ပင်နယ်တီလုကန်သည့် ဘာလော့တယ်လီကို ဂျရတ်ဝေဖန်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    mario

    – ယနေ့နံနက်က ကစားခဲ့သည့် ဘက်ခီတက်စ်နှင့် ယူရိုပါလိဂ်တွင် ပင်နယ်တီလုကန်ခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူး ဘာလော့တယ်လီအား အသင်းဖော်ဂျရတ်က ဝေဖန်လိုက်ပြီး ဘာလော့တယ်လီမှာ အသင်းစည်းမျဉ်းများကို ချိုးဖောက်သည်ဟု ပြောကြားလိုက်သည်။

    ၃၂ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲ ပထမအကျော့အဖြစ် အန်ဖီးလ်တွင် ကစားခဲ့သည့် ထိုပွဲတွင် ပွဲပြီးကာနီးရရှိသည့် ပင်နယ်တီကို ဟန်ဒါဆန်က ကန်သွင်းရန် ပြင်ဆင်နေစဉ် ဘာလော့တယ်လီက ဟာန်ဒါဆန်၏လက်မှ ဘောလုံးလုကာ ကန်သွင်းခဲ့ခြင်းဖြစ်ပြီး ထိုဂိုးဖြင့်ပင် လီဗာပူးလ်က အနိုင်ရခဲ့သည်။

    သို့သော်လည်း ၀ါရင့်ကွင်းလယ်လူ ဂျရတ်ကမူ ပင်နယ်တီကန်သွင်းရန် သတ်မှတ်ထားသူမှာ ဟန်ဒါဆန်သာဖြစ်ပြီး ဘာလော့တယ်လီ မဟုတ်ကြောင်း ၎င်း၏ လုပ်ရပ်အတွက် စိတ်ပျက်ရကြောင်း ပြောကြားခဲ့သည်။

    “ဂျော်ဒန် (ဟန်ဒါဆန်) က ပင်နယ်တီကန်ရမှာပါ။ စည်းမျဉ်းက စည်းမျဉ်းပါပဲ။ ဟန်ဒါဆန်ပဲ ကန်ရမှာဖြစ်ပြီး မာရီယို (ဘာလော့တယ်လီ) ကတော့ စည်းဖောက်ခဲ့ပါတယ်” ဟု ဂျရတ်က ဆိုသည်။

    သို့သော်လည်း ပွဲချိန်အတွင်း ဘာလော့တယ်လီ၏ အားထုတ်မှုကိုမူ ဂျရတ်က ချီးကျူးခဲ့သည်။ ထို့ပြင် ဟန်ဒါဆန်မှာ ဘာလော့တယ်လီ ဂိုးသွင်းချင်သည်ကို သိရှိပြီး အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပင်နယ်တီမှတ်တမ်းကောင်းများရှိသည့် ဘာလော့တယ်လီကမူ ဟန်ဒါဆန်က ၎င်းအား ပင်နယ်တီပေးကန်သည့်အတွက် ကျေးဇူးတင်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: goal.com

  • မေ၀ယ်သာနှင့် ပက်ကွီအိုတို့ မေလ ၂ ရက်နေ့တွင် ထိုးသတ်မည်

    မေ၀ယ်သာနှင့် ပက်ကွီအိုတို့ မေလ ၂ ရက်နေ့တွင် ထိုးသတ်မည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅

    M-Media

    mwth 1

    – လက်ဝှေ့သမိုင်းတွင် ကြေးအကြီးဆုံးပွဲအဖြစ် အမေရိကန် ဟဲဗီးဝိတ်ချန်ပီယံ ဖလွိုက်မေ၀ယ်သာနှင့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုတို့ မေလ ၂ ရက်နေ့တွင် ထိုးသတ်ရန် သဘောတူညီခဲ့သည်ဟု သိရသည်။

    သတင်းများအရ အဆိုပါထိုးသတ်မှုအတွက် ပက်ကွီအိုက ယမန်နေ့တွင် သဘောတူညီခဲ့ပြီး မေ၀ယ်သာကလည်း ယနေ့တွင်သဘောတူကြောင်း တရားဝင်ပြောကြားရန် ရှိနေသည်ဟု ဆိုသည်။ စတာလင်ပေါင် ၁၆၂ သန်း ထိုးကြေးရှိပြီး လက်ဝှေ့သမိုင်းတွင် ထိုးကြေးအမြင့်ဆုံးပွဲ ဖြစ်လာမည့် ၎င်းတို့နှစ်ဦး၏ ပွဲအား အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်ရှိ MGM အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    ၎င်းတို့နှစ်ဦး ထိုးသတ်ပွဲအတွက် ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း စီစဉ်ခဲ့သော်လည်း ဖြစ်မလာခဲ့ဘဲ ပြီးခဲ့သည့်လက NBA ဘက်စကတ်ဘောပြိုင်ပွဲတစ်ခုတွင် ၎င်းတို့နှစ်ဦးတွေ့ဆုံခဲ့ပြီး ဟိုတယ်တွင် ၁ နာရီကြာ စကားပြောဆိုခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ထိုးသတ်ပွဲ ဖြစ်လာရခြင်း ဖြစ်သည်။

    မေ၀ယ်သာမှာ ၎င်း၏ ကစားသမားသက်တမ်း ထိုးသတ်ခဲ့သည့် ၄၇ ပွဲတွင် ရှုံးပွဲမရှိသေးဘဲ ၂၆ ပွဲကို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

    ပက်ကွီအိုနှင့် မေ၀ယ်သာတို့၏ ယခုပွဲကြောင့် ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးဦးနှင့် ထိုးသတ်ချင်နေသည့် ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်း၏ မျှော်လင့်ချက်မှာ ပျက်ပြယ်ခဲ့ပြီး အမီရ်းခန်းကမူ ၎င်းတို့နှစ်ဦး၏ ပွဲအား သွားရောက်ကြည့်ရှုမည်ဟု ပြောဆိုခဲ့သည်။

    Ref: mirror

  • ဆေးမတိုးသည့် ငှက်ဖျားရောဂါ မြန်မာ-အိန္ဒိယ နယ်စပ်တွင် ဖြစ်ပွားနေ

    ဆေးမတိုးသည့် ငှက်ဖျားရောဂါ မြန်မာ-အိန္ဒိယ နယ်စပ်တွင် ဖြစ်ပွားနေ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    malaria

    – လက်ရှိကုသနေသာ ငှက်ဖျားဆေးများအားလုံး မတိုးသည့် ငှက်ဖျားရောဂါကို မြန်မာနှင့် အိန္ဒိယနယ်စပ်တွင် တွေ့ရှိရသည်ဟု အောက်စဖို့ဒ် တက္ကသိုလ်ရှိ ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့က ယနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါ အစီရင်ခံစာကို ကျန်းမာရေးဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်သော The Lancet Infectious Diseases တွင် ဖော်ပြထားခြင်းဖြစ်ပြီး ထိုငှက်ဖျားရောဂါမှာ အိန္ဒိယသို့ ရောက်ရှိပါက ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားရောဂါထိန်းချုပ်ရေး လုပ်ငန်းများနှင့် ခြင်မှဖြစ်တတ်သော အဆိုပါရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ဆိုးရွားသော ခြိမ်းခြောက်မှုများ ဖြစ်လာမည်ဟု ဆိုသည်။

    ထို့ပြင် ထိုရောဂါမှာ အာရှမှ အာဖရိကသို့ ကူးစက်သွားသည်ဖြစ်စေ၊ သို့မဟုတ် အာဖရိက၌ ပေါ်ပေါက်လာသည်ဖြစ်စေ သန်းပေါင်းများစွာသော လူ့အသက်များမှာ အန္တရာယ်ရှိနေသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    “ဆေးမတိုးတဲ့ အဲဒီငှက်ဖျားရောဂါကို တိုက်ဖျက်ရာမှာ မြန်မာနိုင်ငံကို ရှေ့တန်းစစ်မျက်နှာလို့ ယူဆထားပါတယ်။
    ဘာ့ကြောင့်လည်းဆိုတော့ အဲဒီရောဂါ တစ်ကမ္ဘာလုံးကို ပြန့်နှံ့ဖို့အတွက် မြန်မာနိုင်ငံက ပင်မနေရာကြီး ဖြစ်နေလို့ပါပဲ”
    ဟု အဆိုပါ သုတေသနအဖွဲ့မှ ချားလ်စ် ၀ုဒ်ဒရောက ပြောကြားခဲ့သည်။

    အောက်စဖို့တက္ကသိုလ် ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့မှ ပြုလုပ်ခဲ့သော လေ့လာမှုတွင် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများရှိ ငှက်ဖျားကုသရေးစင်တာ ၅၅ ခုမှ ရောဂါပိုး နမူနာ ၉၄၀ ကို စုဆောင်းခဲ့ပြီး ၄၀ ရာခိုင်နှုန်းမှာ ဆေးမတိုးသည့် ငှက်ဖျားရောဂါပိုးများ ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

    ထို့ပြင် ၎င်းတို့မှာ အိန္ဒိယနယ်စပ်နှင့် ၂၅ ကီလိုမီတာသာဝေးသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့တွင်လည်း ဆေးမတိုးသည့် ငှက်ဖျားရောဂါပိုးကို တွေ့ရှိခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

    ကမ္ဘာတစ်ဝှမ်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့် ငှက်ဖျားကြောင့်သေဆုံးမှုမှာ သိသိသာသာလျော့ကြခဲ့သော်လည်း တစ်နှစ်လျှင် သေဆုံးသူအရေအတွက် ၆ သိန်းဝန်းကျင်ရှိနေကာ အများစုမှာ အာဖရိကနိုင်ငံများ၏ အဆင်းရဲဆုံးဒေသများမှ ကလေးငယ်များဖြစ်သည်။

    Ref:channelnewsasia

  • မူဆိုးလ်အား IS လက်မှ ပြန်လည်သိမ်းယူရေး ထိုးစစ်ကြီးတစ်ခုကို အီရတ်စစ်တပ် ဧပြီလတွင်စမည်

    မူဆိုးလ်အား IS လက်မှ ပြန်လည်သိမ်းယူရေး ထိုးစစ်ကြီးတစ်ခုကို အီရတ်စစ်တပ် ဧပြီလတွင်စမည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    iraq

    – IS တပ်များလက်မှ အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်ကို ပြန်လည်သိမ်းပိုက်မည့် ထိုးစစ်ကြီးတစ်ခုကို လာမည့် ဧပြီလတွင် စတင်နိုင်ဖွယ်ရှိသည်ဟု အမေရိကန် စစ်ဘက်ဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ဆင်ရေးအတွက် ပြင်ဆင်ရန် အီရတ်ရှိ တပ်မဟာ ၅ ခုအား အမေရိကန်က မကြာမီ လေ့ကျင့်ပေးသွားမည်ဟုဆိုသည်။ အဆိုပါ တပ်မဟာ ၅ ခုမှာ မူဆိုးလ်အား အဓိက တိုက်ခိုက်သွားမည်ဖြစ်ပြီး အခြား တပ်မဟာအငယ် ၂ ခုမှာ နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် IS အား တိုက်ခိုက်နေသော ကာ့ဒ်တပ်မဟာ ၃ ခုနှင့်အတူ အရန်တပ်အဖြစ် ထားရှိသွားမည်ဖြစ်သည်။

    မူဆိုးလ်မြို့အား တိုက်ခိုက်မှုအတွင်း တပ်မဟာစုစုပေါင်း ၁၂ ခု ပါဝင်မည်ဖြစ်ပြီး ယခင်ရဲတပ်ဖွဲ့ဟောင်းများနှင့် လူမျိုးစု တပ်ဖွဲ့များ အပါအ၀င် တပ်ဖွဲ့ဝင်အရေအတွက် ၂၀၀၀၀ မှ ၂၅၀၀၀ ကြား ရှိမည်ဖြစ်သည်။ အမေရိကန်စစ်တပ်က လေ့ကျင့်ပေးခြင်း၊ လေကြောင်းမှ တိုက်ခိုက်ပေးခြင်းနှင့် ထောက်လှမ်းပေးခြင်းတို့ အပါအ၀င် အဆိုပါ စစ်ဆင်ရေးအတွက် စစ်ဘက်ဆိုင်ရာ အကူအညီများကို ပေးအပ်သွားမည်ဖြစ်သည်။

    IS အဖွဲ့မှာ မူဆိုးလ်မြို့ကို ပြီးခဲ့သည့် ဇွန်လအတွင်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ဖွဲ့ဝင် ၁၀၀၀ မှ ၂၀၀၀ အကြား ရှိမည်ဟု ခန့်မှန်းထားသည်။

    Ref: aljazeera

  • နော်ဝေမွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမည်

    နော်ဝေမွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    synagog

    – ဂျူးလူ့အဖွဲ့အစည်းနှင့် တစ်သားတည်းရှိကြောင်းပြသရန်၊ အစ္စလာမ်၏ ငြိမ်းချမ်းရေးသတင်းစကားကို ဖြန့်ချီရန်အတွက် နော်ဝေမွတ်စလင်လူငယ်များက လာမည့်သီတင်းပတ်၌ ဂျူးဘုရားကျောင်းတစ်ခုတွင် ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမည်ဟု သိရသည်။

    “တကယ်လို့များ အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်ချင်ရင်တော့ ကျွန်တော်တို့မွတ်စလင်တွေကို အရင်ဆုံး ရင်ဆိုင်ရမှာပါပဲ။ ဂျူးမုန်းတီးမှု ပုံစံအားလုံးကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာတယ်ဆိုတာနဲ့ အဲဒီဂျူးလူမျိုးတွေကို အားပေးထောက်ခံတယ်ဆိုတာ ကျွန်တော်တို့ ပြသချင်ပါတယ်” ဟု အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ထားသူများထဲမှ တစ်ဦးက ဗြိတိန်အခြေစိုက် အကြမ်းဖက်ဆန့်ကျင်ရေးအဖွဲ့ Hope Not Hate သို့ ပြောကြားခဲ့သည်။

    “ငြိမ်းချမ်းရေးဂိုဏ်း” ဟု အမည်ပေးထားသည့် အဆိုပါ မွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည့် ၀တ်ပြုဆုတောင်းမှုပြီးနောက် အော်စလိုမြို့ရှိ ဂျူးဘုရားကျောင်းတွင် ဖွဲ့စည်းမည်သွားမည် ဖြစ်သည်။

    အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်မှာ မွတ်စလင်များက နော်ဝေနိုင်ငံရှိ ဂျူးလူမျိုးများနှင့် တစ်သားတည်းရှိကြောင်း ပြသရန်နှင့် ဂျူးလူမျိုးများနှင့် မွတ်စလင်များအပေါ် ရှိနေသည့် မလိုမုန်းထားမှုများကို ချုပ်ငြိမ်းအောင်ပြုလုပ်ရန်အတွက် ဖြစ်သည်ဟု ထိုအဖွဲ့အား ဦးဆောင်ဖွဲ့စည်းသူများတွင် ပါဝင်သူ အသက် ၁၇ နှစ်အရွယ် ဟဂ်ျရဒ် အာရှက်က ပြောကြားခဲ့သည်။

    “ကိုပင်ဟေဂင်က အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက်မှာ အခုဖြစ်နေတဲ့ ဂျူးတွေအရှက်ရအောင်လုပ်နေမှုနဲ့ ကျွန်တော်တို့ မပက်သက်ဘူးဆိုတာပြဖို့ အချိန်ကောင်းပဲလို့ ကျွန်တော်တို့ တွေးဆခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကြိုဆိုကြ

    ထိုကဲ့သို့ မွတ်စလင်လူငယ်များ၏ ငြိမ်းချမ်းရေးအဖွဲ့ကို အော်စလိုရှိ ဂျူးလူ့အဖွဲ့အစည်းကလည်း ချီးကျူးခဲ့ပြီး ထိုဆောင်ရွက်မှုမှာ အလွန်ပင် အပြုသဘောဆောင်သည်ဟု ပြောကြားခဲ့ကြသည်။

    “သူတို့လုပ်ဖို့ စီစဉ်ထားတာက တစ်ကယ်လို့ နော်ဝေမှာရှိတဲ့ ဂျူးလူမျိုးတွေကို တစ်ယောက်ယောက်က တစ်ခုခုလုပ်တော့မယ်ဆိုရင် သူတို့က အရင်ဆုံး ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ဒါဟာ သိပ်ကို အပြုသသဘောဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အော်စလို ဂျူးလူ့အဖွဲ့အစည်းခေါင်းဆောင်ဖြစ်သူ အာဗင် ခွန်က ပြောကြားခဲ့သည်။

    မွတ်စလင်လူငယ်များ၏ အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမှုအတွက် အော်စလိုရှိ ဂျူးဘုရားကျောင်းကလည်း လိုလိုလားလားပင် အားပေးကူညီခဲ့သည်။

    “လူ ၃၀ လောက်ပဲလာမယ်ဆိုရင် သိပ်တော့မမိုက်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ တစ်ကယ်လို့များ ဘာဂျက်စတီယန် လမ်းမကြီး (ဂျူးဘုရားကျောင်းတည်ရှိရာ လမ်းမကြီး) ပြည့်လျှံသွားမယ်ဆိုရင်တော့ သိပ်ကောင်းမှာပါပဲ” ဟု ခွန်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါလှုပ်ရှားမှုကို စီစဉ်သူများ၏ ပြောကြားချက်အရ ထိုပွဲသို့ လာရောက်ရန် Facebook စာမျက်နှာတွင် စာရင်းပေးထားသူများမှာ ၄၅၀ ကျော်ရှိနေသည်ဟု ဆိုသည်။

    “အစ္စလာမ်က ဘယ်လိုဘာသာတရားကို ယုံကြည်သူပဲဖြစ်ပါစေ အားလုံးကို ညီရင်းအစ်ကို မောင်ရင်းနှမလို သဘောထားပါတယ်။ အစ္စလာမ်ဆိုတာ အမုန်းတရား အပြင်ဘက်မှာသာရှိပြီး အမုန်းတရား ပြည့်လျှံနေသူတွေရဲ့ အထဲကို ဘယ်တော့မှ နစ်မြုပ်သွားမှာ မဟုတ်ပါဘူး။ နောက်ပြီ အစ္စလာမ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ကာကွယ်ဖို့ပါ။ မွတ်စလင်တွေဟာ ဂျူးမုန်းတီးမှုပုံစံအားလုံးကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်ဆိုတာနဲ့ သူတို့ကို အားပေးထောက်ခံတယ်ဆိုတာ ပြသချင်ပါတယ်” ဟု အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

    Ref: onislam