News @ M-Media

Blog

  • ဂျူးသင်္ချိုင်းအား ဖျက်ဆီးခဲ့သည့် လူငယ်များကို ပြင်သစ်ဖမ်းဆီး

    ဂျူးသင်္ချိုင်းအား ဖျက်ဆီးခဲ့သည့် လူငယ်များကို ပြင်သစ်ဖမ်းဆီး

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    Desecrated tombstones of the Sarre-Union Jewish cemetery are pictured ahead of a ceremony with French President and officials

    – ဂျူးဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် ပြင်သစ်နိုင်ငံအရှေ့ပိုင်း ဂျူးသုဿန်မှ သင်္ချိုင်းအုတ်ဂူပေါင်း ၂၅၀ ကျော် ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ လူငယ် ၅ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    တရားသူကြီး ဖိလစ်ပီ ဗန်နိုင်ယာက ပြေကြားရာတွင် တနင်္လာနေ့က လူငယ်တစ်ဦးမှာ ထိုကိစ္စနှင့်ပတ်သက်၍ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ပြီး ၎င်းနှင့်ပါဝင်ခဲ့သည့် အခြားသူများကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါလူငယ်က ၎င်းမှာ အုတ်ဂူများရှိ ဒေးဗစ်ကြယ်ကို တံတွေးဖြင့်ထွေးခဲ့ပြီး နာဇီအလေးပြုမှုကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ၀န်ခံခဲ့သည်။

    ဖမ်းဆီးခံထားရသည့် လူငယ်များကမူ ၎င်းတို့၏ လုပ်ရပ်မှာ ဂျူးဆန့်ကျင်ရေး လုပ်ရပ်မဟုတ်ဟု ငြင်းဆန်ခဲ့သော်လည်း တရားသူကြီး ဗန်နိုင်ယာကမူ လက်မခံခဲ့ချေ။

    “သူတို့ ငြင်းဆိုနေပေမယ့်လည်း သူတို့ရဲ့လုပ်ရပ်ရဲ့ ဂျူးဆန့်ကျင်ရေးသဘောတရား၊ လှုံ့ဆော်မှုတွေက ထင်ထင်ရှားရှားကို ပေါ်လွင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ပြင်သစ်ဥပဒေအရ ထိုလူငယ်များအား တရားစွဲဆိုမှု ပြုလုပ်နိုင်ရန် တရားရေးအရ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရမည်ဖြစ်ပြီး တရားသူကြီးက တွေ့ခဲ့သော ဂျူးဆန့်ကျင်ရေး လှုံ့ဆော်မှုများကို ၎င်းတို့အား တရားစွဲဆိုမှုတွင် ထည့်သွင်းသွားမည်ဖြစ်သည်။

    ဗန်နိုင်ယာကမူ အသက် ၁၅ နှစ်မှ ၁၇ နှစ်အရွယ်အတွင်းရှိ အဆိုပါလူငယ်များမှာ ပြင်သစ်-ဂျာမန်နယ်စပ်ရှိ ဂျူးသုဿန်မှ သင်္ချိုင်းအုတ်ဂူများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နာဇီတို့က ဂျူးများအား သတ်ဖြတ်သည့် အစီအစဉ် Holocaust အထိမ်းအမှတ် ကျောက်တိုင်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

    အဆိုပါ လူငယ်များအား ပညာပေးစင်တာသို့ပို့ကာ ဘာသာရေးရည်ရွယ်ချက်အတွက် သင်္ချိုင်းအုတ်ဂူများ ဖျက်ဆီးမှု၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးထားသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ်ကြောင့် ပြင်သစ်နိုင်ငံရှိ ဂျူးလူမျိုးများမှာ တုန်လှုပ်ခဲ့ရပြီး ပြင်သစ်သမ္မတ ဟော်လန်ဒေးကမူ အဆိုပါ သုဿန်သို့ သွားရောက်ကြည့်ရှုခဲ့ကာ ထိုလုပ်ရပ်မှာ မိမိတို့ နိုင်ငံမှ တိုက်ဖျက်ပစ်မည့် မကောင်းဆိုးဝါးလုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: reuters

  • မိမိတို့မှာ အစ္စလာမ်သာသနာအပေါ် စစ်ဆင်နွှဲနေခြင်းမဟုတ်ဟု အိုဘားမားဆို

    အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒအတွက် ဘယ်ဘာသာတရားမှာမှ တာဝန်မရှိပါဘူး။ လူတွေမှာသာ တာဝန်ရှိတာပါ။ (အမေရိကန်သမ္မတ ဘာရက် အိုဘာမား)
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    obama 2

    – မိမိတို့နိုင်ငံမှာ အစ္စလာမ်သာသနာအပေါ် စစ်ဆင်နွှဲနေခြင်းမဟုတ်ဘဲ သာသနာမှ လမ်းလွဲနေသောသူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်ပြီး အကြမ်းဖက်သမားများ လူသစ်စုဆောင်းနေခြင်း၊ အခြားသူများအား သိမ်းသွင်းနေခြင်းနှင့် ပတ်သက်၍ တားဆီးရေးတွင် အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်။

    ယမန်နေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အစည်းအဝေးတွင် အိုဘားမားက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး (IS နှင့် အလ်ကိုင်းဒါးတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့များ) ဆောင်ရွက်နေသည့် ပုံစံမျိုးကို မိမိတို့က ခွင့်ပြုသွားမည်မဟုတ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “ယေဘုယျအားဖြင့် အမေရိကနဲ့ အနောက်နိုင်ငံတွေက အစ္စလာမ်အပေါ် စစ်ဆင်နွှဲနေတယ်ဆိုတဲ့ အယူအဆကို သူတို့က ၀ါဒဖြန့်နေပါတယ်။ ဒီလိုပုံစံနဲ့ သူတို့က လူသစ်စုဆောင်းကြတာပါ။ ဒီလိုပုံစံမျိုးနဲ့ပဲ လူငယ်တွေကို သူတို့က အစွန်းရောက်စေတာပါ။ ဒါဟာ လိမ်ညာခြင်းပါ။ ကျွန်တော်တို့ဟာ အစ္စလာမ်အပေါ် စစ်ဆင်နွှဲခြင်းမရှိပါဘူး။ အစ္စလာမ် သာသနာက သွေဖည်နေတဲ့သူတွေနဲ့ စစ်ဖြစ်နေတာပါ” ဟု အိုဘားမားက ဆိုသည်။

    ထို့ပြင် အစွန်းရောက်များက အစ္စလာမ်၏ အမည်နာမကို အလွဲသုံးစားပြု၍ ကျူးလွန်ကြသော ရာဇ၀တ်မှုများအတွက် မွတ်စလင်လူ့အဖွဲ့အစည်းမှာ အပြစ်ပေးခံရခြင်း၊ ခွဲခြားခံရခြင်းတို့ မရှိစေရဟု မိမိအနေဖြင့် အသေအချာ ပြောကြားချင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒအတွက် ဘယ်ဘာသာတရားမှာမှ တာဝန်မရှိပါဘူး။ လူတွေမှာသာ တာဝန်ရှိတာပါ။ ဒါတွေကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပုတ်ခတ်ပြောဆိုတာမျိုး မရှိစေဖို့ ကျွန်တော်တို့ အသေအချာ ဆောင်ရွက်ရပါမယ်”

    ၃ ရက်တာကြာမြင့်မည့် အဆိုပါအစည်းအဝေးတွင် ဥပဒေစိုးမိုးရေးအရာရှိများ၊ မွတ်စလင်ခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များ တက်ရောက်ကာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

    အိုဘားမားက မိမိမှာ အသက် ၁၁ နှစ်အရွယ် အမေရိကန်မွတ်စလင် မိန်းကလေးတစ်ဦး၏ ပေးစာကို ရရှိပြီး ထိုစာတွင် လူများမှာ မွတ်စလင်များကို မုန်းလာကြောင်း၊ ထို့ကြောင့် သမ္မတကြီးအနေဖြင့် မွတ်စလင်များမှာ အခြားသူများနှင့် အတူတူပင်သည်ကို ပြောကြားပေးပါရန် တောင်းဆိုကြောင်း ရေးသားထားသည်ဟု ဆိုသည်။

    ထို့ပြင် အကြမ်းဖက်သမားများက ၀ါဒဖြန့်နေသော အစ္စလာမ်နှင့် ခေတ်သစ်ယဉ်ကျေးမှုမှာ ထိပ်တိုက်တွေ့ဆုံကာ ပြဿနာများဖြစ်နေသည်ဆိုသည့် အယူအဆကို ပယ်ချရန် မွတ်စလင်များတွင် တာဝန်ရှိသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီ အကြမ်းဖက်သမားတွေက ဘီလီယံနဲ့ချီတဲ့ မွတ်စလင်တွေကို ကိုယ်စားမပြုပါဘူး”

    အဆိုပါအစည်းအဝေး၏ နောက်ဆုံးနေ့တွင် ၀န်ကြီးများအဆင့် ဆွေးနွေးမှုကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပင်တိုင်ဆွေးနွေးသူအဖြစ် ပါဝင်မည်ဖြစ်သည်။

    Ref: aljazeera

  • ရီးယဲလ်ကလွဲလို့ ကျန်တဲ့အသင်းတွေ သရေနဲ့သာ ကျေနပ်ခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့  ပွဲစဉ်များ

    ရီးယဲလ်ကလွဲလို့ ကျန်တဲ့အသင်းတွေ သရေနဲ့သာ ကျေနပ်ခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်များ

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    chp 3

    – ဥရောပရဲ့ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ၄ ပွဲကို
    ဒီတစ်ပတ် အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တို့မှာ ကစားခဲ့ပြီး သရေပွဲ ၃ ပွဲအထိ ရှိခဲ့ပါတယ်။

    ပီအက်စ်ဂျီ ၁-၁ ချယ်ဆီး

    အိမ်ကွင်းမှာကစားခဲ့ရပေမယ့် ပီအက်စ်ဂျီတို့ ဒုတိယပိုင်းသွင်းဂိုးနဲ့ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကွာတားဖိုင်နယ်မှာ ဒီနှစ်သင်းတွေ့ဆုံခဲ့ပြီး အဲဒီအချိန်က ပြင်သစ်မြေမှာ အရှုံးပေးခဲ့ရတဲ့ ချယ်ဆီး ဒီတစ်ကြိမ်မှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ၃၆ မိနစ်မှာ အိုင်ဗန်နိုဗစ်က သွင်းပေးခဲ့တာပါ။ တစ်ယောက်အမှား တစ်ယောက် ချောင်းပြီး ကစားခဲ့တာကြောင့် ပွဲက အနည်းငယ်အေးခဲ့ပြီး အိမ်ရှင်တို့က ပိုပြီး ထိုးဖောက်နိုင်ခဲ့ပါတယ်။ ချယ်ဆီးဂိုးသမား ကော်တိုအစ်က ပီအက်စ်ဂျီဘက်က အပိုင်ဂိုးသွင်းခွင့်တစ်ချို့ကို ကာကွယ်နိုင်တာကြောင့်လည်း ချယ်ဆီးတို့ သက်သာရာ ရခဲ့ပါတယ်။ ပီအက်စ်ဂျီက ချယ်ဆီးနောက်ခံလူဟောင်း လူးဝစ်က မော်ရင်ဟိုကို လှောင်ပြောင်တဲ့ အမူအရာမျိုး ပြုလုပ်ခဲ့ပြီး၊ ချယ်ဆီးပရိတ်သတ်တွေကလည်း ပဲရစ်ရထားပေါ်မှာ လူမည်းတစ်ယောက်ကို လူမျိုးရေးခွဲခြားခဲ့တဲ့လုပ်ရပ် လုပ်ခဲ့လို့ ချယ်ဆီးတို့ မျက်နှာပျက်ခဲ့ရပါတယ်။

    ရှက်တာဒိုးနက် ၀-၀ ဘိုင်ယန်

    ဘိုင်ယန်က အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ အားလုံးက ထင်ထားခဲ့ကြပေမယ့် တစ်ကယ်တမ်းမှာတော့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာ ဇာဗီအလွန်ဆို တိုက်ရိုက်အနီကဒ်နဲ့ ထွက်ခဲ့ရတာပဲ အဖတ်တင်ခဲ့ပါတယ်။ ပွဲအစမိနစ်တွေမှာ အိမ်ရှင်ကို အနည်းငယ် ထိုးဖောက်နိုင်တာကလွဲလို့ နောက်ပိုင်းမှာ ဘိုင်ယန်တို့ ရှက်တာဒိုးနက်ရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ အိမ်ရှင်တို့ကလည်း ခံစစ်ဦးစားပေး ကစားတာကြောင့် ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

    ဘေဆယ် ၁-၁ ပေါ်တို

    ဒီပွဲမှာ ဧည့်သည်ပေါ်တိုတို့ တစ်ပွဲလုံး ကစားပုံကောင်းခဲ့ပြီး ဘေဆယ်ကိုလည်း တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအစ ၁၁ မိနစ်မှာပဲ ဂွန်ဇာလက်က ဘေဆယ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့လို့ ပေါ်တိုတို့ နောက်က လိုက်ကစားခဲ့ရပါတယ်။ ကစားကွက်သာပေမယ့် ဂိုးရဖို့တော့ ဧည့်သည်အသင်း ရုန်းကန်ခဲ့ရပြီး ၇၉ မိနစ်မှာရတဲ့ ပင်နယ်တီကို ဒန်နီလို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့်သာ နောက်တစ်ဆင့်တက်ဖို့ အလားအလာ ပိုရှိခဲ့တာဖြစ်ပါတယ်။

    ရှော်လ်ကာ ၀-၂ ရီးယဲလ်

    လက်ရှိချန်ပီယံရီးယဲလ်တို့ အဝေးကွင်းမှာကစားခဲ့ရပေမယ့် အမှားအယွင်းမရှိခဲ့ပါဘူး။ ဂိုးသွင်းခွင့် အတော်များများရခဲ့ပြီး ရှော်လ်ကာက အသက် ၁၉ နှစ်အရွယ် ဂိုးသမားလေး ကောင်းလွန်းတာကြောင့်သာ ဒီထက် ပိုပြီး ဂိုးမပြတ်ခဲ့တာပဲဖြစ်ပါတယ်။ ရီးယဲလ်အတွက်ဂိုးတွေကိုတော့ ၂၆ မိနစ်မှာ ရော်နယ်ဒိုနဲ့ ၇၉ မိနစ်မှာ မာဆယ်လိုတို့က သွင်းယူပေးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဒီအဆင့်မှာ နှစ်ကျော့ပေါင်း ၉ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ ရီးယဲလ်တို့ ဒီနှစ်မှာလည်း နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းသွားခဲ့ပါပြီ။

  • ဘာစီလိုနာအား အပြောင်းအရွှေ့ပိတ်ခြင်းမှာ အဓိပ္ပါယ်မရှိသည့်လုပ်ရပ်ဟု ကွင်းလယ်လူဟောင်းပြော

    ဘာစီလိုနာအား အပြောင်းအရွှေ့ပိတ်ခြင်းမှာ အဓိပ္ပါယ်မရှိသည့်လုပ်ရပ်ဟု ကွင်းလယ်လူဟောင်းပြော

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    baca

    – ဘာစီလိုနာအသင်းအား အပြောင်းအရွှေ့ပိတ်ပင်ခြင်းမှာ နှစ်ပေါင်းများစွာ အတွင်း အဓိပ္ပါယ်မရှိဆုံး လုပ်ရပ်ဖြစ်ပြီး ဘာကာမှာ မည်သည့်အမှားမှ ပြုလုပ်ခြင်းမရှိခဲ့ဟု တောင်ပံကစားသမားဟောင်း ကားလက်စ် ရီဇက်ခ်ျက ပြောကြားခဲ့သည်။

    ဘာစီလိုနာမှာ အသက် ၁၈ နှစ်အောက် ကစားသမားများကို ခေါ်ယူရာတွင် ဖီဖာ၏စည်းမျဉ်းကို ချိုးဖောက်ကြောင်း တွေ့ရှိရ၍ အပြောင်းအရွှေ့ရာသီ ၂ ခု၌ ပါဝင်ခြင်းမပြုရန် ဖီဖာက ပြစ်ဒဏ်ချမှတ်ထားသည်။ သို့သော်လည်း ဘာစီလိုနာ၏ နည်းစနစ်ဆိုင်ရာ ကော်မတီသစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် ရီဇက်ခ်ျကမူ ဖီဖာ၏ အဆိုပါ ပြစ်ဒဏ်နောက်ကွယ်က အကြောင်းအရင်းကို နားလည်ရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။

    “တကယ်လို့များ ဥပဒေ အသေးစိတ်အချက်အလက်တွေနဲ့ မညီဘူးဆိုတာ လေ့လာတွေ့ရှိရရင်တော့ ကျွန်တော်ကြုံတွေ့ရတဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ဒီဆုံးဖြတ်ချက်ဟာ အဓိပ္ပါယ်မရှိဆုံး ဆုံးဖြတ်ချက်ပါပဲ” ဟု ရီဇက်ခ်ျကဆိုသည်။

    ထို့ပြင် ဘာစီလိုနာ လူငယ်ဘောလုံးအကယ်ဒမီ La Masia ကိုလည်း ချီးကျူးခဲ့ပြီး အဆိုပါ အကယ်ဒမီတွင် လူငယ်ဘောလုံးသမားများအား မည်ကဲ့သို့ ကြည့်ရှုစောင့်ရှောက်ကာ ပညာသင်ကြားပေးသည်ကို လူများက သိရှိကြပြီး မိဘများကလည်း ထိုအကယ်ဒမီတွင် တက်ရောက်နေသည့် ၎င်းတို့၏ သားသမီးများအတွက် ဂုဏ်ယူကြမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဘာစီလိုနာမှာ ယခုနှစ် ဇန်န၀ါရီလမှမစ၍ ၂၀၁၅-၁၆ ဘောလုံးရာသီအထိ ကစားသမား ရောင်းချမှု၊ ၀ယ်ယူမှုများကို လုပ်ကိုင်ခွင့်ရှိမည် မဟုတ်တော့ချေ။

    Ref: goal.com

  • အိုင်အိုဝါတက္ကသိုလ်ရှိ မွတ်စလင်ကျောင်းသားများ အစ္စလာမ့်အသိပညာပေး လှုပ်ရှားမှုတစ်ခု ပြုလုပ်

    အိုင်အိုဝါတက္ကသိုလ်ရှိ မွတ်စလင်ကျောင်းသားများ အစ္စလာမ့်အသိပညာပေး လှုပ်ရှားမှုတစ်ခု ပြုလုပ်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    iiow

    – အမေရိကန်နိုင်ငံတစ်ဝှမ်း မွတ်စလင်များအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာချိန်တွင် မိမိတို့၏ ပတ်ဝန်းကျင်နှင့် အတန်းဖော်များ အစ္စလာမ်၏ စစ်မှန်သော သွန်သင်မှုများကို သိရှိစေရန်ရည်ရွယ်၍ အိုင်အိုဝါ တက္ကသိုလ်ရှိ မွတ်စလင်ကျောင်းသာများအသင်းက အစ္စလာမ့်အသိပညာပေး သီတင်းပတ်တစ်ခုကို ဖော်ဆောင်ခဲ့သည်ဟု သိရသည်။

    “သတင်းတွေမှာ မြင်တွေ့ရတဲ့ ပြဿနာတွေအားလုံး၊ မွတ်စလင်တွေနဲ့ အစ္စလာမ်ရဲ့ ယေဘုယျသဘော ဒါတွေအားလုံးနဲ့ ပတ်သက်လို့ သူတို့သိတယ်လို့ထင်နေတာနဲ့ လက်တွေ့မှာ တကယ်ဖြစ်ပျက်နေတာတွေရဲ့ကြားက ကွာဟချက်ကို ကျဉ်းမြောင်းအောင်လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားချင်ပါတယ်။ ပြီးတော့ တက္ကသိုလ်ထဲက လူတွေထဲမှာ ရှိကောင်းရှိနိုင်တဲ့ မဖြေရသေးတဲ့ မေးခွန်းအချို့အတွက် နီးစပ်မှုကိုလည်း ဆောင်ကျဉ်းပေးချင်ပါတယ်” ဟု အိုင်အိုဝါတက္ကသိုလ် မွတ်စလင်ကျောင်းသားများအသင်း ဥက္ကဌ မွတ်စ်တာဖာ အီဗရာဟင်က ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် The Daily Iowan သတင်းစာသို့ ပြောကြားခဲ့သည်။

    အဆိုပါ အသိပညာပေးရေး သီတင်းပတ်ကို တနင်္လာနေ့က စတင်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ပရ၀ုဏ်အတွင်း အစ္စလာမ်နှင့်ပတ်သက်သည့် အသိပညာပေးခြင်းနှင့် အစ္စလာမ်အပေါ် ပိုမိုနားလည်လာစေမည့် လှုပ်ရှားမှုများ ပါဝင်မည်ြဖစ်သည်။

    ထို့ပြင် အိုင်အိုဝါတက္ကသိုလ်၏ အဓိကစာကြည့်တိုက်တွင် Islam Expo ခေါင်းစဉ်ဖြင့် အခမ်းအနားတစ်ခုကိုလည်း တနင်္လာနေ့မှစတင်ကာ ကျင်းပခဲ့ပြီး အစ္စလာမ်နှင့်ပတ်သက်သည့် မေးခွန်းများကို ဖြေကြားမည့် အစီအစဉ်လည်း ပါဝင်သည်။

    မေးခွန်းများတွင် အစ္စလာမ့်အခြေအမြစ်တရား ၅ ပါးမှစတင်ကာ အစ္စလာမ်ကပြောသည့် သိပ္ပံ၊ အိမ်ထောင်မှု စသည့်
    ကဏ္ဍများလည်း ပါဝင်ခဲ့သည်။

    “ကျွန်တော့်မှာ မွတ်စလင်မဟုတ်တဲ့ သူငယ်ချင်းတွေအများကြီးရှိပြီး သူတို့ကြားခဲ့တာတွေ၊ ဒါမှမဟုတ် သူတို့ နားမလည်တာတွေကို ဆက်တိုက်ဆိုသလို မေးတော့တာပါပဲ။ ကျွန်တော်တို့ရဲ့ အမြင်တွေကဘယ်လိုလဲ။ ပြီးတော့ ဘာ့ကြောင့် ကျွန်တော်တို့မှာ ဒါတွေရှိနေရသလဲဆိုတာ လူတွေကို နားလည်စေချင်ပါတယ်” ဟု မွတ်စလင်အသင်း၏ ဒုတိယ ဥက္ကဌဖြစ်သူ နိုဟာ ကရင်မ်က ပြောကြားခဲ့သည်။

    အဆိုပါ အသိပညာပေးရေးသီတင်းပတ်တွင် “ဟီဂျဘ်ဝတ်ကြရအောင်” အစီအစဉ်တစ်ခုလည်း ပါဝင်ပြီး အင်္ဂါနေ့က ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်အတွင်း မွတ်စလင်မဟုတ်သူ အမျိုးသမီးများအား ဖိတ်ခေါ်ကာ ဟီဂျဘ်ကို တစ်နေ့တာ ၀တ်ဆင်စေခဲ့ပြီး နောက်ပိုင်းတွင် ပြုလုပ်သည့် ဟီဂျဘ်အကြောင်း ဆွေးနွေးပွဲတွင် ၎င်းတို့ကို ပင်တိုင်ဆွေးနွေးသူများအဖြစ် ပါဝင်စေခဲ့သည်။

    အဆိုပါ အစ္စလာမ့်အသိပညာပေး သီတင်းပတ်၏ အဓိကရည်ရွယ်ချက်မှာ အသိပညာပေးရန်ဖြစ်သော်လည်း လူအများလာရောက်ရန် ဆောင်ရွက်ရခြင်းမှာ အလွန်အရေးကြီးသည်ဟု ကရင်မ်က ဆိုသည်။

    “မွတ်စလင်လူ့အဖွဲ့အစည်းကို ပိုမိုပါဝင်စေချင်ပါတယ်။ လူတိုင်းက တစ်ခုမဟုတ်တစ်ခုနဲ့ အလုပ်ရှုပ်နေကြတာပါ။ အဲတော့ မွတ်စလင်တွေရဲ့ မျက်နှာတွေကို ပိုမိုမြင်ရတဲ့ ဒီလိုပွဲတွေကို မကြာမကြာကျင်းပပေးတာဟာ ကောင်းမွန်ပါတယ်”

    လေးစားအားကျခြင်း

    တစ်ပတ်တာကြာမြင့်မည့် အဆိုပါ လှုပ်ရှားမှုက လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့မှာလည်း အတွေ့အကြုံအသစ်များကို ရရှိခဲ့သည်။

    “သိပ်ကောင်းပါတယ်။ သူတို့ရဲ့ဘာသာတရားဟာ ဘယ်လိုလဲဆိုတာကို လူငယ်တစ်သိုက်က အခြားသူတွေကို လိုက်ရှင်းပြကြတယ်။ ‘ဒါကတော့ ဒီလိုမျိုးပါပဲ’ လို့ အွန်လိုင်းမှာတင်တာတွေကို ဖတ်တာထက် တစ်ကယ့် နေ့စဉ်ဘ၀မှာ လူတွေဟာ ဘယ်လိုယုံကြည်နေလဲဆိုတာကို သိဖို့ ပိုပြီးတော့ လွယ်ကူသွားစေပါတယ်” ဟု အိုင်အိုဝါတွင်နေထိုင်သူ ဘာသာမဲ့ လေဒန် ကာဗန်တက်စ်က ပြောကြားခဲ့သည်။

    အိုင်အိုဝါတက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများမှာ ဧပြီလ ၉ က်နေ့တွင် “ကမ္ဘာတစ်ဝှမ်းမှ အီဗရာဟီမိုက် သာသနာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ရန်ရှိနေပြီး ကာဗန်တက်စ်ကမူ ၎င်းအနေဖြင့် ထိုပွဲကိုလည်း တက်ရောက်မည်ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းကြောင့် မွတ်စလင်ကျောင်းသားများကလည်း ၎င်းတို့၏ အယူဝါဒနှင့် ပတ်သက်၍ လူ့အဖွဲ့အစည်းအား မျှဝေရန် လွယ်ကူစေခဲ့သည်။

    “မွတ်စလင်အတန်းဖော်တစ်ဦး ရလိမ့်မယ်။ ဒါမှမဟုတ် ခင်ဗျားကို နားလည်မယ့်လူတစ်ယောက် ရလိမ့်မယ်လို့ အာမခံချက်တော့ မရှိပါဘူး။ ကိုယ်ပိုင်အမြင်အရဆိုရရင် ကျွန်တော့်အတွက်တော့ လူပေါင်းစုံကို မြင်တွေ့ရဖို့ဖြစ်စေပါတယ်” ဟု သစ်လွင်မွတ်စလင်တစ်ဦးဖြစ်သူ ဝေါလ်ကာက ပြောကြားခဲ့သည်။

    ပထမဦးဆုံးဆောင်ရွက်ခဲ့သည့် အဆိုပါလှုပ်ရှားမှုမှာ အောင်မြင်ခဲ့ပြီး မွတ်စလင်ကျောင်းသားများက ၎င်းတို့မှာ အစ္စလာမ့်နှင့်ပတ်သက်သည့် အထင်မှားအမြင်မှားများကို တိုက်ထုတ်ရန် အထူးသဖြင့် မြင့်တက်လာသော မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများကို တွန်းလှန်ရန်အတွက် ဆောင်ရွက်ရမည့်ကိစ္စများ အမြောက်အများရှိနေသးသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့အားလုံးက လူသားတွေဖြစ်ပြီး၊ ဘယ်အယူဝါဒကိုပဲယုံကြည်သည်ဖြစ်စေ၊ ဒါမှမဟုတ် မယုံကြည်သည်ဖြစ်စေ အားလုံး အတူတူပါပဲ” ဟု ကရင်မ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: onislam