News @ M-Media

Blog

  • မွတ်စလင်များ နည်းတူ ဖိနှိပ်ခြင်းခံရသော မြန်မာနိုင်ငံမှ ခရစ်ယာန်များ

    မွတ်စလင်များ နည်းတူ ဖိနှိပ်ခြင်းခံရသော မြန်မာနိုင်ငံမှ ခရစ်ယာန်များ

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၅
    M-Media
    Elderly_woman_and_church
    – ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း မကြာသေးမီနှစ်များ အတွင်း နိုင်ငံရှိ လူ့အခွင့်အရေး မှတ်တမ်းများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို ဖိအားပေးမှုများ ရှိခဲ့လေသည်။ ဘာသာရေး လွတ်လပ်ခွင့်ကလည်း နိုင်ငံ တစ်ဝှမ်း ကြီးကြီးမားမားပင် ကန့်သန့်ချုပ်ချယ်မှုများ ရှိနေသည်။

    ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံတွင် မွတ်စလင် လူနည်းစုများအား ဖိနှိပ်ချုပ်ချယ်ခြင်းကို နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံခြားရေးရာပေါ်လစီ များက အလွန်အမင်း စိတ်ဝင်စားမှု ရှိခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ အနောက်မြောက်ဘက် နယ်စပ် တစ်လျှောက် ချင်းပြည်နယ်ရှိ ခရစ်ယာန် ဘာသာဝင်များမှာလည်း စိန်ခေါ်မှုများ၊ ကန့်သတ်မှုများနှင့် ရင်ဆိုင်နေကြရသည်။

    “ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ကတော့ ချင်းပြည်နယ်မှာ ဘာမှ တိုးတက်မှုမရှိပါဘူး။ စစ်အာဏာရှင် စနစ်အတွင်းက လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီးခဲ့သလိုပဲ အခုလည်း ဆက်လက် ဖျက်ဆီးနေတုန်းပါပဲ” ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဌ ပူဇိုးရမ်က ဆိုသည်။

    နာရီစင် ထိပ်ပိုင်းနှင့် တောင်ကုန်း တောင်တန်းများပေါ်တွင် ကျွန်းသစ် သို့မဟုတ် စတီးများဖြင့် တည်ထားသော လက်ဝါး ကပ်တိုင်များ၊ ပြည်နယ် တစ်ဝှမ်းရှိ ၂၀၀၀ နီးပါးသော ခရစ်ယာန် ဘုရားကျောင်းတော်များက ခရစ်ယာန် သာသနာမှာ ဒေသ အတွင်း အဓိက အယူဝါဒဖြစ်သည်ကို ခွဲခြားသိမြင်နိုင်လေသည်။ ထိုဒေသရှိ ခရစ်ယာန်များကတော့ အစိုးရ၏ အမိန့်ဖြင့် မြင့်မြတ်ရာ အမှတ်သညာများကို ဖြိုချဖျက်ဆီးခြင်းက ၎င်းတို့၏ လူ့အဖွဲ့အစည်းကို တိုက်ရိုက် တိုက်ခိုက်သည်ဟု ယူဆနေကြသည်။

    ရာစုနှစ် တစ်ဝက်နီးပါး အုပ်စိုးခဲ့ပြီး ၂၀၁၁ ခုနှစ်ကမှ အဆုံးသတ်သွားသည့် စစ်အာဏာရှင် စနစ်အတွင်း သာသနာရေး ၀န်ကြီးဌာန၏ အမိန့်ဖြင့် လက်ဝါးကပ်တိုင်ကြီးများ ဖျက်ဆီးခဲ့သည့် အဖြစ်အပျက် ၁၃ ခုကို ချင်းလူ့အခွင့်အရေးအဖွဲ့က မှတ်တမ်းပြုစုထားသည်။ အာဏာရှင်စနစ် အဆုံးသတ်ပြီးချိန်မှစ၍ ယခုလက်ရှိ အမည်ခံဒီမိုကရေစီအုပ်ချုပ်မှုအတွင်း အနည်းဆုံး လက်ဝါးကပ်တိုင်ကြီး ၄ ခု ဖျက်ဆီးခံခဲ့ရသည်။

    “အရင်အာဏာရှင်က ခရစ်ယာန် သာသနာကို ဖိနှိပ်ချုပ်ချယ်ပါတယ်။ အထွတ်အမြတ်ထားတဲ့ လက်ဝါးကပ်တိုင်တွေကို စစ်တပ်က ဖြိုတယ်။ အစိုးရအသစ်ကလည်း ဒီလိုမျိုးပဲဆက်လုပ်ပြီ ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်ဖို့ကိုလည်း ခွင့်မပြုပါဘူး” ဟု ချင်းပြည်နယ် ထန်တလန်မြို့နယ်ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်သူ ဒေါ်ဇာတလဲမ်း က ပြောကြားခဲ့သည်။

    စစ်အာဏာရှင်စနစ် တရားဝင် အဆုံးသတ်ပြီး မကြာခင် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကျင်ဒွဲမြို့နှင့် ကန်ပက်လက်မြို့များတွင် လက်ဝါးကပ်တိုင် ၂ ခု မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဟားခါးနှင့် ဖလမ်းမြို့ရှိ ဌာနေခရစ်ယာန်များမှာ လက်ဝါးကပ် တိုင်များ၏နေရာတွင် စေတီပုထိုးများဖြင့် အစားထိုးရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ ထိုမျှမက တီးတိန်မြို့ရှိ လက်ဝါးကပ်တိုင် တစ်ခုကိုလည်း လမ်းဖောက်ရန် မလွတ်၍ ဖယ်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ရွာသားများအား ပြောဆိုသည့်အတွက်ကြောင့် ဖယ်ပေးခဲ့ရသည်။

    “ဘာသာရေးဆိုင်ရာ အမှတ်သညာတွေကို ဒီဒေသကလူတွေက ဆောက်လုပ်ရပါလိမ်မယ့်။ သူတို့ကို နိုင်ငံရေး ရည်ရွယ်ချက်အတွက် အလွဲသုံးစား မလုပ်သင့်ပါဘူး” ဟု ချင်းတိုးတက်ရေးပါတီမှ အတွင်းရေးမှူးဖြစ်သူ ဗုဒ္ဓဘာသာဝင် ဆရာမြက ပြောကြားခဲ့သည်။

    သာသနာရေးဝန်ကြီးဌာ၏ မှတ်တမ်းများ အရ ချင်းပြည်နယ်တွင် ဗုဒ္ဓရုပ်ရှင်တော်မြတ်နှင့် စေတီပုထိုးပေါင်း ၁၀၈ ခုရှိပြီး ခရစ်ယာန်ဘုရားကျောင်းပေါင်း ၁၉၅၈ ခုရှိသည်ဟု သိရသည်။ ပြည်နယ်အတွင်း ခရစ်ယာန်အများစုရှိမှု၏ ရှင်းလင်းသော ပြယုဂ်ပင်ဖြစ်၏။

    တီးတိန်မြို့နယ်ရှိ Assemblies of God ဘုရားကျောင်းမှ သိက္ခာတော်ရဆရာတော် သန်း က လက်ဝါးကပ်တိုင်များကို ဖျက်ဆီးခြင်းမှာ ၂၀၁၁ ခုနှစ်မှစ၍ လျော့ကျခဲ့ပြီး အချို့လက်ဝါးကပ်တိုင်များကို ယခုအချိန်တွင် ပြန်လည်တည်ထားနေသည်ဟု ဆိုသည်။ တီးတိန်မြို့နယ် ကနေဒီတောင်တန်းရှိ ကျွန်းဖြင့်ပြုလုပ်ထားသော လက်ဝါးကပ်တိုင်မှာ ၁၉၈၅ ခုနှစ်တွင် ဖြိုချဖျက်ဆီးခြင်း ခံရပြီး ထိုလက်ဝါးကပ်တိုင်အား အစားထိုးရန် ထပ်မံတည်ထားသော စတီးလက်ဝါးကပ်တိုင်ကြီးကိုလည်း ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ဖြိုချဖျက်ဆီး ခံခဲ့ရပြန်သည်။

    ချင်းပြည်နယ်ကိုယ်စားပြု ပါလီမန်အမတ်ဖြစ်သူ ပူဇိုးဇမ်က စစ်တပ်နှင့် ဒေသတွင်းအာဏာပိုင်များက လက်ဝါးကပ်တိုင်များ အစားထိုးတည်ထားမှုကို ပိတ်ပင်သော်လည်း အစိုးရခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ထိုလက်ဝါးကပ် တိုင်များကို ပြန်လည်တည်ထားရန်မှာ မိမိတို့၏ ယုံကြည်ချက်နှင့် တာဝန်ဝတ္တရားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပြန်လည်တည်ထားဖို့လိုနေတဲ့ လက်ဝါးကပ်တိုင်ကြီး ၁၃ ခု ရှိပါတယ်။ ကျွန်တော်တို့မြေမှာ ပဝေသဏီတည်းကရှိနေတဲ့ ဒီလက်ဝါးကပ်တိုင်တွေကို ပြည်လည်တည်ထားတာပါ။ ဒါ့ကြောင့် ဒါတွေ ပြန်လည်တည်ထားဖို့အတွက် ခွင့်ပြုချက်တောင်းဖို့လိုတယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    လက်ဝါးကပ်တိုင်များ ဖျက်ဆီးခံရခြင်းများမှာ ချင်းခရစ်ယာန်များ ခံစားနေရသည့် တစ်ခုတည်းသော ပြဿနာမဟုတ်။

    ချင်းလူ့အခွင့်အရေးအဖွဲ့မှ စီမံကိန်းဒါရိုက်တာဖြစ်သူ ဆလိုင်းလင်းက နယ်စပ်မှ တိုင်းရင်းသားဒေသများတွင် ရှိသည့် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှာ ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲရန် စီစဉ်ထားသည့်နေရာများဟု ပြောကြားခဲ့သည်။

    သမ္မတဦးသိန်းစိန်း၏ လက်ရှိ နှစ် ၃၀ စီမံကိန်းအောက်တွင် တည်ဆောက်ထားသော နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရေးကျောင်းများမှာ နိုင်ငံ တစ်ဝှမ်းတွင် ၂၉ ကျောင်းရှိပြီး ထိုအထဲမှ သုံးပုံတစ်ပုံမှာ ချင်းပြည်နယ်တွင် ရှိနေသည်။

    “နှစ် ၃၀ ဆိုတာ မျိုးဆက်တစ်ခုပါ။ ဒီစီမံကိန်းက ကျွန်တော်တို့ကို ပစ်မှတ်ထားတာပါ။ အစိုးရရဲ့ ဒီအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေနဲ့ စိတ်ဓာတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပစ်ဖို့ပါပဲ” ဟု ဆလိုင်းလင်းက ထပ်လောင်းပြောကြားခဲ့သည်။

    အချို့ကတော့ ခွဲခြားဆက်ဆံမှုမှာ နည်းလမ်းနှစ်မျိုးဖြင့် သွားနေသည်ဟု ဆိုကြသည်။ ချင်းပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များမှာ တရားဝင် ခွဲခြားဆက်ဆံခြင်း မခံရသော်လည်း ဗုဒ္ဓဘာသာဝင် ဆရာတစ်ဦဖြစ်သူ ဆရာမြက ၎င်းတို့မှာလည်း သွယ်ဝိုက်သောနည်းဖြင့် ခွဲခြား ဆက်ဆံခံနေရသည်ဟု ပြောကြားခဲ့သည်။

    “ခရစ်ယာန်တွေက လူငယ် အစည်းအဝေးတွေ ဒါမှမဟုတ် ဖိုရမ်တွေပြုလုပ်တဲ့ အခါမှာ ဆုတောင်းမှုနဲ့ ဖွင့်ကြ၊ ပိတ်ကြပါတယ်။ အဲဒါက ခရစ်ယာန် မဟုတ်တဲ့သူတွေကို သက်တောင့်သက်သာ မဖြစ်စေပါဘူး” ဟု ၎င်းက ဆိုသည်။

    ထိုဇာတ်လမ်းများက မြန်မာနိုင်ငံရှိ ဘာသာရေးလွတ်လပ်ခွင့်နှင့် ပဋိ့ပက္ခများ၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်လေသည်။

    ref:washingtonpost
    ဘာသာပြန်သူ- လေးမောင် (M-Media)

  • ပဲရစ် တိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်တွင် အစ္စလာမ်ကို ပြောင်းလဲ သက်ဝင်သူ အရေအတွက် မြင့်တက်လာ

    ပဲရစ် တိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်တွင် အစ္စလာမ်ကို ပြောင်းလဲ သက်ဝင်သူ အရေအတွက် မြင့်တက်လာ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    france

    – ပြီးခဲ့သည့်လက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Charlie Hebdo မဂ္ဂဇင်း တိုက်ခိုက်ခံရမှုနောက်ပိုင်း ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ
    ဗလီဝတ်ကျောင်းတော်များသို့ လာရောက်၍ အစ္စလာမ်သာသနာကို လေ့လာပြီး သက်ဝင်ယုံကြည်သူ ပြင်သစ်နိုင်ငံသား အရေအတွက်မှာ မြင့်တက်လာသည်ဟု ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်ဆရာတော်များက ပြောကြားလိုက်သည်။

    “ဒီအဖြစ်အပျက်က ကျွန်တော့်ကို အစ္စလာမ်ဆီရောက် သွားစေချင်ခဲ့ပြီး အစ္စလာမ်ဆိုတာ ဒါမျိုးမဟုတ်ဘူးဆိုတာ လူတိုင်းကို ရှင်းပြချင်တဲ့စိတ်လည်း ဖြစ်လာခဲ့ပါတယ်” ဟု အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သည့် လူငယ်တစ်ဦးက RTL ရေဒီယိုသို့ ပြောကြားခဲ့သည်။

    အဆိုပါ ရေဒီယို၏ အဆိုအရ ပဲရစ်ရှိ ဗလီဝတ်ကျောင်းတော်ကြီးတွင်ပင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း လူပေါင်း ၄၀ ကို ဘာသာကူပြောင်းမှုအထောက်အထား ထုတ်ပေးခဲ့ရသည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်က ယခုအချိန်တွင် ထိုဗလီဝတ်ကျောင်းတော်၌ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသက်ဝင်သူ ၂၂ ဦးသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်းနီးပါး တိုးလာခြင်းဖြစ်သည်။

    အခြားမြို့များဖြစ်သည့် စထရာစ်ဘော့ဂ်နှင့် အော်ဘာဗီလီယာမြို့များတွင်လည်း အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ အရေအတွက်မှာ ၃၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး လိုင်ယွန်မြို့တွင်မူ ၂၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင်ဆရာတော်များကမူ ထိုကဲ့သို့ အစ္စလာမ်ကို သက်ဝင်သူ တိုးပွားလာခြင်းကြောင့် အံ့အားသင့်ရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ သက်ဝင်လာကြသူများတွင် ဆရာဝန်၊ ရဲအရာရှိနှင့် ကျောင်းအုပ်ကြီးများပင် ပါဝင်သည်ဟု ဆိုသည်။

    မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရပြီး ရက်အနည်းငယ်အကြာမှာပင် ပြင်သစ်ဒါရိုက်တာ အမျိုးသမီးတစ်ဦးဖြစ်သူ အစ္စဘယ်လာ မာတစ်မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ကြောင်း Facebook စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။

    တမန်တော်မိုဟာမက်အား ရုပ်ပြောင်ရေးဆွဲမှုကို လက်တုန့်ပြန်သည်ဟုဆိုကာ ပြုလုပ်ခဲ့သော အဆိုပါ တိုက်ခိုက်မှုမှာ အစ္စလာမ်၏ ယုံကြည်ချက်၊ သင်ကြားမှုများနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်ဟု မွတ်စလင်နိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အသင်းအဖွဲ့များမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။

    Ref: onislam

  • ဒရုန်းလေယာဉ်များကို အမေရိကန် တင်ပို့ရောင်းချတော့မည်

    ဒရုန်းလေယာဉ်များကို အမေရိကန် တင်ပို့ရောင်းချတော့မည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media
    drones
    – လက်နက်တပ်ဆင်ထားသည်များအပါအ၀င် စစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ဒရုန်းလေယာဉ်များကို နိုင်ငံရပ်ခြားသို့ တင်ပို့မည့် ပေါ်လစီအသစ်တစ်ခုကို အမေရိကန်အစိုးရက ယမန်နေ့တွင် ရေးဆွဲခဲ့ပြီး ထိုပေါ်လစီက ဒရုန်းလေယာဉ်များ အသုံးပြုမှုအတွက် ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွန်းများ အကောင်အထည်ပေါ်လာရေး အခြားသောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောကြားလိုက်သည်။

    လက်နက်တပ်ဆင်ထားသော ဒရုန်းများကို အမေရိကန်က တင်းကျပ်သည့် ကန့်သတ်ချက်များဖြင့် ရောင်းချမည်ဖြစ်ပြီး၊ အဆိုပါ ရောင်းချမှုများကို အစိုးရအစီအစဉ်မှတစ်ဆင့် စတင်သွားမည်ဖြစ်ကာ ၀ယ်ယူသူ နိုင်ငံများအနေဖြင့်လည်း အထူးအာမခံတစ်ခုကို သဘောတူရမည်ဖြစ်သည်။

    အာဖဂန်၊ အီရတ်နှင့် ယီမင်နိုင်ငံများရှိ စစ်ဘက်ဆိုင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် အဆိုပါ ဒရုန်းလေယာဉ်များကို အမေရိကန်၏ မဟာမိတ်နိုင်ငံများက ၀ယ်ယူရန် တောင်းဆိုမှု မြင့်မားလာချိန်တွင် ၂ နှစ်တာ သုံးသပ်မှုများ ပြုလုပ်ပြီးနောက် ထိုပေါ်လစီကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ လျှို့ဝှက်ထားရှိသည်။

    ဒရုန်းလေယာဉ်များထုတ်လုပ်သည့် ကုမ္ပဏီများကလည်း အစိုးရအနေဖြင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချမှု ကန့်သတ်ချက်များကို လျှော့ချပေးရန် ယခင်ကတည်းက တောင်းဆိုထားပြီး ယခုပေါ်လစီက ၎င်းတို့၏ ဒရုန်းလေယာဉ်များ ရောင်းချမှုကို တိုးတက်လာစေမည်ဖြစ်သည်။ အမေရိကန်နိုင်ငံအတွင်း စီးပွားရေးကဏ္ဍတွင် ဒရုန်းလေယာဉ်များအသုံးပြုရန်နှင့် ပတ်သက်၍ မကြာသေးမီကပင် အစိုးရက စည်းမျဉ်းတစ်ခု ထုတ်ပြန်ထားသည်။

    လက်ရှိအချိန်တွင် အမေရိကန်မှာ လက်နက်တပ်ဆင်ထားသည့် ဒရုန်းလေယာဉ်များကို အသုံးပြုနေသည့် နိုင်ငံမှာ ဗြိတိန်တစ်နိုင်ငံတည်းသာ ရှိသေးပြီး၊ ထောက်လှမ်းရေးဒရုန်းလေယာဉ်များကိုမူ ပြင်သစ်နှင့် အီတလီတို့က အသုံးပြုနေကြသည်။ လက်နက်တပ်ဆင်ထားသည့် ဒရုန်းများကို ၀ယ်ယူရန် တူရကီနှင့် အီတလီတို့မှာ ယခင်က တောင်းဆိုထားပြီး ယခုပေါ်လစီအသစ် အောက်တွင် ၎င်းတို့အတွက် စဉ်းစားပေးနိုင်မည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက ဆိုသည်။

    Ref: alarabiya

     

  • ပြည်တွင်းစစ်ရဲ့ အနိဌာရုံကို ဆီးရီးယား တက်ကြွလှုပ်ရှားသူများ ပါဖောမန့်လုပ်

    ပြည်တွင်းစစ်ရဲ့ အနိဌာရုံကို ဆီးရီးယား တက်ကြွလှုပ်ရှားသူများ ပါဖောမန့်လုပ်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    syria 1

    – ဆီးရီယားနဲ့ အီရတ်မှာ IS အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြုလုပ်နေပြီး လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေသလိုပဲ ဆီးရီးယားအစိုးရ ဘာရှာအလ်အာဆတ်ရဲ့ တပ်တွေကလည်း ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်တယ်ဆိုတာကို ကမ္ဘာက အာရုံစိုက်လာဖို့အတွက် ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက ပါဖောမန့်တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

    အဲဒီပါဖောမန့်က အခြားမဟုတ်ပါဘူး။ ဂျော်ဒန်တိုက်လေယာဉ်မှူးတစ်ဦးကို IS အဖွဲ့ လှောင်အိမ်ထဲထည့် မီးရှို့သတ်ဖြတ်မှုပုံစံမျိုး ဆီးရီးယားက ကလေးတွေကို အကျဉ်းသားဝတ်စုံဝတ် လှောင်အိမ်ထဲထည့်ပြီး မီးရှို့မယ့်ပုံစံ ဖန်တီးတာပါပဲ။

    ပြည်တွင်းစစ်ကြောင့် အပျက်အဆီးတွေနဲ့ မြင်မကောင်းတဲ့လမ်းမကြီးပေါ်မှာ အမျိုးသမီးအချို့အပါအ၀င် လူမမယ်အရွယ်ကလေး အယောက် ၂၀ လောက်ကို လှောင်အိမ်ထဲထည့်ထားပြီး အဲဒီလှောင်အိမ်ထဲက အမျိုးသမီးတွေနဲ့ ကလေးငယ်အချို့က အာဆတ်အစိုးရနဲ့ ပြည်တွင်းစစ်ကို ဆန့်ကျင်တဲ့ ပိုစတာကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

    အပြင်က လူတစ်ဦးကတော့ မီးတုတ်တစ်ခုကိုကိုင်ပြီး မီးရှို့မယ့်ဟန်နဲ့ ဆီးရီးယားပြည်တွင်းစစ်က ကလေးတွေကို ဒီလိုမီးလောင်တိုက် သွင်းတယ်ဆိုတဲ့ ပုံစံမျိုးကို အသက်ဝင်စေခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် မတ်လမှာ အာဆတ်စိုးရ ပြုတ်ကျရေး ဆန္ဒပြမှုက စတင်ခဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အခုဆိုရင် ၅ နှစ်နီးပါးရှိနေပါပြီ။ အဲဒီပြည်တွင်းစစ်အတွင်းမှာ အာဆတ်အစိုးရရဲ့ တပ်တွေဟာလည်း ရန်သူ၊ ပြည်သူမရွေး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ အရပ်သားအများအပြားလည်း သေဆုံးခဲ့ကြရပါတယ်။

    ဒီစစ်ကြီးကြောင့်ပဲ IS ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းက သြဇာကြီးမားလာခဲ့ပြီး အခုအချိန်အထိ ဒီစစ်ကြောင့် သဆုံးရသူအရေအတွက်ဟာ ၂၁၀၀၀၀ ကျော်ရှိနေပြီး အများစုကတော့ အရပ်သားတွေပါပဲ။ အနောက်နိုင်ငံတွေရဲ့ အကျိုးစီးပွားအရှုပ်အထွေး၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေက အာဏာချိန်ခွင်ရှာ အားပြိုင်မှုအတွင်းမှာ ဒီစစ်ကြီး အဆုံးသတ်ဖို့ဆိုတဲ့ မျှော်လင့်ချက်ဟာ ဝေးနေဆဲဖြစ်ပြီး ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေကတော့ ဒီပါဖောမန့်နဲ့ သူတို့ရဲ့ ဒုက္ခကို ကမ္ဘာသိအောင် ချပြနိုင်ခဲ့ကြပါတယ်။

    ဒီပါဖောမန့်က ဓာတ်ပုံတွေကို အင်တာနက်အသုံးပြုသူအချို့က IS အဖွဲ့ ကလေးတွေကို မီးလောင်တိုက်သွင်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မှားယွင်းဖြန့်ချီနေတာလည်း ရှိနေပြီး သက်ဆိုင်သူတွေကတော့ ပြန်လည် ဖြေရှင်းခဲ့ကြပါတယ်။

    Ref: Rudaw English’s Facebook Page

  • ပဲရစ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိတ်သတ်များကို ချယ်ဆီး အရေးယူမည်

    ပဲရစ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိတ်သတ်များကို ချယ်ဆီး အရေးယူမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    chlse

    – ယမန်နေ့က ပဲရစ်မြို့ရှိ ရထားဘူတာတွင် လူမည်းတစ်ယောက်အား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့သည့် မိမိတို့ပရိတ်သတ်များကို မည်သူမည်ဝါဖြစ်ကြောင်း သိရပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ချယ်ဆီးအသင်းက ပြောကြားလိုက်သည်။

    ယမန်နေ့က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် ပီအက်စ်ဂျီနှင့် ချယ်ဆီးတို့ ပထမအကျော့ မကစားမီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲရစ်ရှိ မက်ထရိုရထားပေါ်သို့ တက်ရောက်ရန် ဟန်ပြင်နေသည့် လူမည်းတစ်ဦးကို ချယ်ဆီးပရိတ်သတ်များက တားဆီးကာ ပလက်ဖောင်းပေါ်သို့ ပြန်လည် တွန်းထုတ်ခဲ့သည်။

    ထို့ပြင် ချယ်ဆီးပရိတ်သတ်များမှာ “ငါတို့က လူမျိုးရေးခွဲခြားသူတွေ။ ဒါမျိုးကိုပဲ ငါတို့ကြိုက်တယ်” ဟု ဟစ်အော်ခဲ့ကြပြီး ထိုအဖြစ်အပျက်ကို ရိုက်ကူးထားသော ဗီဒီယိုမှာ အင်တာနက် စာမျက်နှာပေါ်သို့ ရောက်လာခဲ့သည်။ ထို့နောက် အင်တာနက်အသုံးပြုသူများက အဆိုပါဗီဒီယိုအား တစ်ဆင့် ပြန်လည်မျှဝေခဲ့ပြီး ဝေဖန်မှုများလည်း ရှိခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ချယ်ဆီးဘက်ကလည်း ရှုတ်ချခဲ့ပြီး ပရိတ်သတ်များအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပြောကြားခဲ့သည်။

    “ဒီလိုအပြုအမူမျိုးဟာ စက်ဆုပ်စရာကောင်းပြီး ဘောလုံးလောကနဲ့ လူ့အဖွဲ့အစည်းမှာ နေရာမရှိတဲ့ အပြုအမူမျိုးပါပဲ။ ဒီလုပ်ရပ်မှာ ပါဝင်ခဲ့သူတွေကို ရာဇ၀တ်မှုအရ အရေးယူတာကို ကျွန်တော်တို့က ထောက်ခံအားပေးသွားမှာဖြစ်ပြီး ဒီအထဲမှာ ချယ်ဆီးရဲ့ တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေပါရင် သူတို့ကို ပွဲကြည့်ရှုခွင့် ပိတ်ပင်ခြင်းအပါအ၀င် အသင်းအနေနဲ့ အပြင်းထန်ဆုံး အပြစ်ပေးအရေးယူသွားမှာဖြစ်ပါတယ်” ဟု ချယ်ဆီးအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: goal.com