News @ M-Media
Blog
  • တက္ကဆက်ရှိ ဗလီဝတ်ကျောင်းတော် မီးရှို့သူကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီးကာ တရားစွဲ
    တက္ကဆက်ရှိ ဗလီဝတ်ကျောင်းတော် မီးရှို့သူကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီးကာ တရားစွဲ
    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
    M-Media
    txe
    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုပြီးခဲ့သည့်တစ်ပတ်က မီးလောင်မှုအတွက် သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ဟူစတန် မီးသတ်အရာရှိများက ပြောကြားခဲ့သည်။
    ဖမ်းဆီးရမိခဲ့သူမှာ အသက် ၅၅ နှစ်အရွယ် ဒါရိုင်း ဖာဂူဆန်ဆိုသူ အိမ်ယာမဲ့တစ်ဦးဖြစ်ပြီး သောကြောနေ့ နံနက်စောစောပိုင်းက ကူဗာ ဗလီဝတ်ကျောင်းတော် မီးလောင်မှုနှင့် ဆက်စပ်၍ ပထမအဆင့် မီးရှို့မှုစွဲချက်ဖြင့် တရားစွဲဆိုထားသည်။
    တာဝန်ရှိသူများက ပြောကြားရာတွင် ဖာဂူန်အား အဆိုပါ ဗလီဝတ်ကျောင်းတော်အနီးတွင် စက်ဘီးစီးနေစဉ် မသင်္ကာသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲစခန်း၌ မီးရှို့ကြောင်း ၀န်ခံခဲ့သည်ဟု ဆိုသည်။ အဆိုပါအစ္စလာမ့်စင်တာမှ ရှေ့ဆောင်အီမာမ်၏ သားဖြစ်သူ အဟ်ဆန် ဇာဟစ်ဒ်ကမူ ထိုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းက မိမိတို့ပတ်ဝန်းကျင်အတွက် ပိုမိုလုံခြုံသွားစေခဲ့သည်ဟု ပြောကြားခဲ့သည်။
    ဖာဂူဆန်မှာ တက္ကဆက်ပြည်နယ်အတွင်း ရာဇ၀တ်မှုများဖြင့် အကြိမ်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ဖောက်ထွင်းမှု၊ မူးယစ်ဆေးဝါးပိုင်ဆိုင်မှု၊ ပိုင်နက်ကျူးလွန်မှု၊ လက်ရောက်မှုနှင့် ပြည့်တန်ဆာမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသူဖြစ်သည်။ မီးရှို့ခဲ့သည့် နောက်ခံအကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးသူများက ထုတ်ဖော်ပြာဆိုခြင်းမရှိခဲ့ပေ။
    “ကျွန်တော့်အဖေကတော့ အဲဒီသူကို ဗလီဝတ်ကျောင်းတော်နားမှာ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ခွင့်လွှတ်ပါတယ်။ ဒါကို ကျွန်တော်တို့မေ့လိုက်ပါပြီ။ သူ ကျွန်တော်တို့ဆီကိုလာတွေ့ပြီး ဒီလိုပြစ်မှုမျိုး ကျူးလွန်ရလောက်အောင် ကျွန်တော်တို့နဲ့ ပတ်သက်လို့ ဘာတွေအထင်မှားအမြင်မှားရှိနေသလဲဆိုတာ ကျွန်တော်တို့ကို ပြောပြစေချင်ပါတယ်” ဟု ဇာဟစ်ဒ်က ထပ်လောင်းပြောကြားခဲ့သည်။
    မီးလောင်မှုကြောင့် ဗလီဝတ်ကျောင်းတော်၏ အစိတ်ပိုင်းအများအပြား ပျက်ဆီးသွားခဲ့သော်လည်း ၀တ်ပြုမှုများကိုမူ ဆက်လက်ပြုလုပ်လျက်ရှိနေသည်။
    Ref: abc13,m.chron
  • IS ၏ စက်ဆုပ်ဖွယ် ဗီဒီယိုများကို မွတ်စလင်များ ကြည့်ရှုဖြန့်ဖြူးခြင်းမပြုကြရန် အလ်-အဇ်ဟာရ်မှ ဓမ္မသတ်ထုတ်ပြန်
    IS ၏ စက်ဆုပ်ဖွယ် ဗီဒီယိုများကို မွတ်စလင်များ ကြည့်ရှုဖြန့်ဖြူးခြင်းမပြုကြရန် အလ်-အဇ်ဟာရ်မှ ဓမ္မသတ်ထုတ်ပြန်
    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
    M-Media
    ???????????????????????????????
    – IS အဖွဲ့၏ မကောင်းဆိုးဝါးရည်ရွယ်ချက်များ အကောင်အထည်ပေါ်လာခြင်းကို ရှောင်ရှားရန်၊ အစ္စလာမ့်တန်ဖိုးကို မထိခိုက်စေရန်နှင့် မွတ်စလင်တို့၏ ကိုယ်ကျင့်တရားများ မပျက်ပြားစေရန်အတွက် မွတ်စလင်များအနေဖြင့် IS အဖွဲ့မှ သတ်ဖြတ်သည့်ဗီဒီယိုများကို ကြည့်ရှုဖြန့်ဖြူးခြင်းမပြုကြရန် အစ္စလာမ့် ထိပ်တန်းဓမ္မသတ်ဌာန အလ်-အဇ်ဟာရ်မှ တားမြစ်လိုက်သည်ဟု သိရသည်။
    အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်ပြီး လစ်ဗျား၌ အလုပ်သွားရောက်လုပ်ကိုင်နေသည့် အီဂျစ်ခရစ်ယာန် ၂၁ ဦးကို IS အဖွဲ့က သတ်ဖြတ်သည့် ဗီဒီယိုကို ထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
    အဆိုပါ ကြေညာချက်တွင် မွတ်စလင်များအကြား ကြောက်ရွံ့မှု၊ ကိုယ်ကျင့်တရားထိခိုက်မှုတို့ မဖြစ်စေရန်နှင့် အဆိုပါအဖွဲ့၏ အန္တရာယ်ရှိသော ၀ါဒဖြန့်မှုများအား ပြန့်ပွားခြင်းကို ရှောင်ရှားရန်အတွက် IS ကြမ်းဖက်သမားများ၏ ရာဇ၀တ်မှုကျူးလွန်သည့် ဗီဒီယိုများအား ဖော်ပြခြင်းမပြုရန်လည်း မီဒီယာများကို တိုက်တွန်းခဲ့သည်။
    ထို့ပြင် ထိုကြေညာချက်၌ အစ္စလာမ်ကြောက်ရောဂါကို ပိုမိုဖြစ်စေရန် ရည်ရွယ်သည့် ထိုဗီဒီယိုများကို ကြည့်ရှုခြင်းနှင့် တစ်ဆင့်ဖြန့်ဖြူးခြင်းကို မွတ်စလင်များအနေဖြင့် ပြုလုပ်ခြင်းမပြုရန်လည်း တားမြစ်ထားသည်။
    နိုင်ငံသားခရစ်ယာန်များအား သတ်ဖြတ်ပြီးနောက်ပိုင်း အီဂျစ်လေတပ်က လစ်ဗျားရှိ IS ၏ ခြေကုပ်စခန်းများကို တရစပ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လက်တုံ့ပြန်ခဲ့သည်။
    အလ်-အဇ်ဟာရ်မှာ အစ္စလာမ့်အမည်နာမကိုသုံး၍ အကြမ်းဖက်မှုကျူးလွန်သော အဖွဲ့များအား တစ်စိုက်မတ်မတ် ဆန့်ကျင်လာခဲ့သည့် ထိပ်တန်း အစ္စလာမ့်ဘာသာရေးဌာနများထဲမှ တစ်ခုလည်းဖြစ်သည်။
    Ref: alarabiya
  • ဂြိုလ်သားများ ဒုက္ခပေးမည်ဆိုး၍ အာကာသသို့ အသံပို့လွှတ် စမ်းသပ်မှုကို သိပ္ပံပညာရှင် အချို့ ဆန့်ကျင့်
    ဂြိုလ်သားများ ဒုက္ခပေးမည်ဆိုး၍ အာကာသသို့ အသံပို့လွှတ် စမ်းသပ်မှုကို သိပ္ပံပညာရှင် အချို့ ဆန့်ကျင့်
    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၅
    M-Media
    fe461972-4fd9-45f9-95d8-8686a9358e04_16x9_600x338
    – တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဆက်သွယ်လို့ရအောင် ကမ္ဘာကနေ အာကာသထဲကို အသံတွေပို့လွှတ်မယ်ဆိုတဲ့ အဆိုပြုချက်ကို စိုးရိမ်မိပြီး ဒီလို ပို့လွှတ်မှုကြောင့် ရန်လိုတတ်တဲ့ ဂြိုဟ်သားတွေက အခွင့်ကောင်းယူ၊ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တယ်လို့ သိပ္ပံညာရှင်တစ်ချို့က ပြောလိုက်ပါတယ်။
    ကမ္ဘာ့အပြင်ဘက် အခြားဂြိုလ်တွေနဲ့ပတ်သက်ပြီး လေ့လာစူးစမ်းနေတဲ့ Search for Extraterrestrial Intelligence (Seti) အဖွဲ့က သိပ္ပံပညာရှင်တွေဟာ မကြာသေးမီကမှ အာကသထဲကို အင်အားကောင်းတဲ့ အသံတွေပို့လွှတ်ဖို့ စီစဉ်ခဲ့တာပါ။
    ပြင်ပကမ္ဘာသို့ သတင်းစကားများ ပို့လွှတ်စုံစမ်းခြင်းနည်းလမ်း Meti ကို အသုံးပြုပြီး အာကာသထဲက ကမ္ဘာလိုဂြိုဟ်မျိုးတွေကို ရေဒီယို သတင်းစကားတွေ ပို့လွှတ်ခြင်းက ဂြိုဟ်သားတွေနဲ့ ကမ္ဘာကြီး ဆက်သွယ်မှုအတွက် အခွင့်အရေးတွေကို တိုးပွားစေလိမ့်မယ်လို့ သုတေသနပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
    ဒါပေမယ့် အချို့ပညာရှင်တွေကတော့ ဒီအစဉ်အစဉ်ဟာ နုနယ်သေးပြီး လူသားတွေကို အန္တရာယ် ကျရောက်စေနိုင် တယ်လို့ ထောက်ပြပြောဆိုခဲ့ကြပါတယ်။
    အာကာသသိပ္ပံပညာရှင်နဲ့ စာရေးဆရာ တစ်ယောက်ဖြစ်သူ ဒေးဗစ် ဘရင်က “ကျွန်တော်တို့တည်ရှိတယ်ဆိုတဲ့ အကြောင်း စကြ၀ဠာထဲကို အသံတွေ ပို့လွှတ်ခြင်းဆိုတဲ့ ပြင်လို့မရတဲ့ လုပ်ငန်းတွေကို လူတွေက မဆောင်ရွက်ခင် Seti က ရေဒီယိုဆိုင်ရာ နက္ခတဗေဒ ပညာရှင်အချို့ဟာ နိုင်ငံတကာ အကြံပေးတွေရဲ့ ယူဆချက်ကို ခုခံချေပခဲ့ကြပါတယ်။ တစ်ဦးတစ်ယောက်က သူကိုယ်တိုင်အတွက် အန္တရာယ်ဖြစ်စေတယ်ဆိုရင်တော့ ဒါက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဒီအန္တရာယ်ဟာ ကျွန်တော်တို့ရဲ့ သားသမီးတွေ ကမ္ဘာပေါ်က လူသားအားလုံး အတွက် ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့မှာ မေးစရာတွေ အများကြီးရှိလာပြီး ဆွေးနွေးမှုတွေ လုပ်ရပါတော့မယ်” လို့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ဖွင့်ဟခဲ့ပါတယ်။
    ၂၀၁၀ ခုနှစ်ကလည်း နာမည်ကျော် ဗြိတိန် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းက အေလီယန် ဂြိုဟ်သားတွေဟာ ကျွန်တော်တို့ရဲ့ ရင်းမြစ်တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်ကြလိ့မ်မယ်လို့ သတိပေးခဲ့ပါတယ်။
    “တကယ်လို့များ အေလီယန်တွေဟာ ကျွန်တော်တို့ဆီကို လာလည်ပြီဆိုရင် ရလဒ်က အမေရိကတိုက်ကို ကိုလံဘတ်စ်က တွေ့တဲ့အခါ ဌာနေ အမေရိကန်တွေ ခံစားရသလောက်ကို ဖြစ်သွားပါလိမ့်မယ်” လို့ ဟော့ကင်းက ဆိုပါတယ်။
    Seti အဖွဲ့က ဒေါက်တာ ရှော့တက်စ်က သိပ္ပံပညာရှင်တွေရဲ့ ဒီလိုစိုးရိမ်မှုတွေကို ပယ်ချခဲ့ပြီး ပြင်ပကမ္ဘာက သူတွေ ရန်စမယ်ဆိုရင် ဖြစ်တောင်ဖြစ်ပြီးလောက်ပြီလို့ ပြောခဲ့ပါတယ်။
    “အေလီယံ အဖွဲ့အစည်းတစ်ခုဟာ ကမ္ဘာကြီးကို တိုက်ခိုက်ဖို့၊ အမှုန့်ချေဖို့ လုံလောက်တဲ့ အစွမ်းရှိမယ်ဆိုရင် ဒုတိယကမ္ဘာ စစ်လောက်ကတည်းက အာကာသထဲကို ကျွန်တော်တို့လွှင့်နေတဲ့ အသံတွေကို အလွယ်တကူ ဖမ်းယူရရှိနိုင်မှာပေါ့”
    အဲဒီ့အဖွဲ့က ဒေါက်တာ ဒေါက်ဂလက်စ် ဗိုကော့ခ်ျဆိုသူကလည်း အဲဒီလို အသံတွေပေးပို့တာနဲ့ ပတ်သက်ပြီး ငြင်းခုံပြောဆိုခဲ့ပါတယ်။
    “အခြားသော နေအဖွဲ့အစည်းတွေရဲ့ သမဇုန်မှာ တည်ရှိတဲ့ ကမ္ဘာလိုဂြိုဟ်တွေကို မကြာသေးခင်က တွေ့ရှိခဲ့တာနဲ့အတူ ဒီလိုအသံလွှင်ဖို့ စီမံကိန်းအတွေ အတွက် ကျွန်တော်တို့မှာ သဘာဝကျတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ တစ်ချို့တွေကတော့ အေလီယန်တွေရဲ့ ကျူးကျော်မှုကို ကြောက်ရတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အားကောင်းတဲ့ အသံလွှင်မှုကို ရှောင်ရှားသင့် တယ်လို့ ပြောဆိုကြပါတယ်။ တကယ်လို့ ဒီလိုအတွေးအခေါ်မျိုးဟာ အမြစ်တွယ်နေမယ်ဆိုရင် စွန့်စားရှာဖွေမှုကို ရှောင်ရှား ရင်း၊ ဘေးအန္တရာယ်တွေကို လျှော့ချဖို့ကြိုးစားရင်း လူသားထုအတွက် အထီးကျန်သူတွေဖြစ်လာစေတဲ့ အယူအဆတစ်ခုကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်”
    Ref: alarabiya
  • လူအောင်ဆန်း (၇)
    လူအောင်ဆန်း (၇)
    10947331_1562916887279672_1091023314238282976_n
    သမိုင်းဝင် ပင်လုံစာချုပ် လက်မှတ်မထိုးခင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဒီပုံကိုကြည့်ပါ။ ၁၉၄၆ ခုနှစ်၊ဧပြီလ ၃၀ ရက်နေ့ ကရင်နီပြည်မိတ်ဆက်အဖွဲ့နဲ့ ဖဆပလ ဌာနချုပ်မှာ အမှတ်တရ ရိုက်ထားတာ။ ဦးစိန်၊ ဦးအေမြလေး၊ သခင်သန်းထွန်း၊ သခင်ချစ်(ဗကပ)၊ ဘကြီးဘဘေ၊ KNU ဥက္ကဌ စောဘဦးနဲ့ မန်းဘခိုင်၊ ဦးအောင်ဇံဝေ(ရခိုင်)၊ ဦးဖေခင် (ဗမက) စသဖြင့်။ ရှပ်အင်္ကျီ လက်တိုလေး ၀တ်ထားတဲ့ ၃၁ နှစ်သား လေးရဲ့ ပြည်ထောင်စု အိပ်မက်ဘယ်လို ဆိုတာ မြင်နိုင်ပေလိမ့်မယ်။
    ၁၉၃၉ ခု၊ ဒုတိယကမ္ဘာစစ်စချိန် တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းဟာ၊ အာဃာတွေပြင်း ထန်နေဆဲ ဒေါက်တာဘမော်နဲ့ အကြိမ်ကြိမ်ဆွေးနွေးပြီး ဖွဲ့လိုက်တဲ့ ဗမာ့ထွက်ရပ်ဂိုဏ်း ဆိုတဲ့တပ်ပေါင်းစု ကတော့ အောင်ဆန်းရဲ့လွတ်လပ်ရေး အိပ်မက်လို့ သခင်နုကရေးတယ်။ ရန်ကုန်တက္ကသိုလ်က လူမျိုးစုံဘာသာစုံကို အခြေခံတာလို့ သူတေသီများ ကဆိုတယ်။
    ၁၉၄၄ ခု၊ သူ့အိမ်မှာ စည်းဝေးပြီး၊ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီနဲ့ တပ်မတော်တို့ ပါဝင်တဲ့ ဖတပလ (နောင် ဖဆပလ) ဖွဲ့စည်းတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဌ၊ သခင်သန်းထွန်းက အထွေထွေအတွင်းရေးမှူး။ အင်္ဂလိပ်ထံက လွတ်လပ်ရေး စေ့စပ်လို့မရရင်၊ အင်္ဂလိပ်လက်အောက် ဆက်ရှိနေမည့် တောင်တန်းဒေသကိုလည်း တိုက်ချင်တိုက်ရမယ်ဆိုတာ ခြိမ်းခြောက်ခြင်းမဟုတ်။ ပထ၀ီ အနေအထားကို ကြည့်ပြီးတွေးရင် မြင် ပါလိမ့်မယ်။ ၁၉၄၇ ခု၊ဖေဖော်ဝါရီလ ပင်လုံစည်းဝေးပွဲမှာ “ ဗိုလ်ချုပ်ဆိုတော့ မောက်မာ လိမ့်မယ်ထင်ခဲ့တာ၊ ဆွေးနွေးကြည့်တော့မှ အမြော်အမြင်ကြီးတဲ့ လူငယ်ခေါင်းဆောင်ပဲ” လို့ စော်ဘွားကြီးတွေ မှတ်ချက်ပုံ ရှာဖတ်ကြည့်ကြပါ။ အစိုးရအဖွဲ့ထဲမှာ ရှမ်းစော်ဘွား ထည့်ပေးဖို့ တောင်းဆိုတော့ နာမည်သာပေးလို့ သူကပြောလိုက်တယ်။ မသွားခင်ကတည်းက ဘုရင်ခံရဲ့ခွင့်ပြုချက် ယူသွားတာကိုကြည့်၊ ဘယ်လောက်အကွက်မြင်သလဲလို့။
    ခက်ခက်ခဲခဲနဲ့ အထပ်ထပ်အခါခါ စေ့စပ်ဆွေးနွေးပြီးမှ၊ လူမျိုးစုံ၊ ဘာသာစုံ နေထိုင်တဲ့ တိုင်းပြည်မှာ မတူတာကိုမကြည့်ဘဲ ညှိယူတတ်တဲ့ ခေါင်းဆောင်မှုကြောင့် ပင်လုံစာချုပ် ပေါ်လာတာမဟုတ်လား? အဲဒီနောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲ ရာမှာ တပြည်လုံးကကိုယ်စားလှယ် ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သလဲကြည့်။ လူထုတရပ်လုံးထဲက လူတယောက်မို့ တကယ့်လူထုခေါင်းဆောင်ဖြစ်တာပါ။ သူတို့ရဲ့နယ်မြေ သယံဇာကို ယူဖို့မဟုတ်၊ ပြည်ထောင်စုထဲမှာ လွတ်လပ်ရေး အတူခံစားရေးမို့ တိုင်းရင်းသားတွေက သူ့ကိုယုံကြည်ကိုးစားတာ။ ဒါပေမယ့် အကောင်အထည် မဖော်နိုင်ခင် သူကျဆုံးသွားလို့ နောက်ဆက်တွဲ ပြဿနာတွေ တက်ခဲ့ရတယ်။
    ပင်လုံစိတ်ဓာတ်ဆိုတာ တိုင်းရင်းသားတွေရဲ့မဲ လိုချင်တဲ့အခါ ထအော်ဖို့လား? ပြည်နယ်တွေ ခွဲထွက်ကြမယ်ဆိုတာ တကယ်အမှန်လား? မှန်တယ်ဆိုရင်ကော အဲဒီအခြေရောက်မလာအောင် လုပ်ခဲ့ကြသလား? တိုင်းရင်းသားတွေက ဆူပူသောင်ကျန်းချင်ကြလို့ လက်နက် ကိုင်တာလား? တပ်မတော် အင်အားကြီးချင်လို့ သူပုန်မွေးထားတာလား? သူတို့ဘက်က လူမျိုးရေးစိတ် ပြင်ထန်တာလား? ကိုယ့်ဘက်က သဘောထား မကြီးတာလား? စာဖတ်သူများ မေးကြ တွေးကြ အဖြေရှာကြပါ။
    ပင်လုံကိုမမီလည်း ၈၈ ကာလ စစ်တပ်အာဏာသိမ်းဖို့ အခြေအနေ ဖန်တီးယူပုံနဲ့ယှဉ်ကာ စဉ်းစားလို့ရပါတယ်။ မဟုတ်ရင်တော့ ပြည်ထောင်စုနေ့ ဆိုတာ တိုင်းရင်းသားတွေရဲ့ ရိုးရာအကကို ကြည့်ကြ သို့မဟုတ် ခေါပုတ်စား ခေါင်ရည်သောက်နဲ့သာ တနှစ်ပြီးတနှစ် ကူးသွားမှာလား? အဲဒါဟာ ဗိုလ်ချုပ်အောင်ဆန်းပေးသွားတဲ့ ပင်လုံစိတ်ဓာတ်လား? မသိရင်တော့ အောင်ဆန်းနာမည် မကြားရဲ၊ အောင်ဆန်းစိတ်ဓာတ်ကို သေမလောက်ကြောက်ကြသူတွေရဲ့ ဂွင်ထဲဆက်ပြီးနစ်နေလိမ့်မယ် လို့သတိပေးရင်း လူအောင်ဆန်း (၇) ကိုရေးလိုက်ရကြောင်းပါ။
    ၂၀၁၅ ခု၊ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့)
    လူအောင်ဆန်း အပိုင်း ၁ မှ ၆ ထိ ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/37705
    ဗိုလ်ချုပ် အောင်ဆန်း ဘဝမှတ်တမ်း ဓါတ်ပုံများ ကြည့်လိုလျှင် =>https://www.facebook.com/media/set/?set=a.501249889917486.100008.468226919886450&type=3
  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅)
    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media
    – မိမိတို့နိုင်ငံသား ခရစ်ယာန်များအား သတ်ဖြတ်သည်ကို လက်စားချေသည့်အနေဖြင့် ယနေ့နံနက်ပိုင်းတွင် အီဂျစ်-လစ်ဗျား နယ်စပ်တစ်လျှောက်ရှိ IS ၏ စခန်းများ၊ လေ့ကျင့်ရေးနေရာများ၊ လက်နက်သိုလှောင်ရုံများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အီဂျစ်စစ်တပ်မှ ကြေညာခဲ့သည်။
    – တရုတ်ပါလီမန်၏ ထိပ်တန်း အကြံပေးအဖွဲ့မှ ဒုတိယ ဥက္ကဌဟောင်း ဆူရွန်အား လိမ်လည်မှု၊ လာဘ်ယူမှုနှင့် ရာထူးများရောင်းစားမှုတို့ဖြင့် တရားစွဲဆိုသွားမည်ဟု တရုတ်အစိုးရက ယနေ့တွင် ကြေညာလိုက်သည်။ ၎င်းမှာ တရုတ်နိုင်ငံရေးတွင် ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ်ခန့်မှစတင်ကာ စုံစမ်းစစ်ဆေးမှု ခံနေရသူဖြစ်သည်။
    – အစ္စရေးအနေဖြင့် ဂါဇာကမ်းမြှောင်ဒေသအား ထပ်မံကျူးကျော်တိုက်ခိုက်ပါက ပြင်းထန်သော ခုခံမှုများနှင့် ရင်ဆိုင်သွားရမည်ဟု ပါလက်စတိုင်း ခုခံကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်သည်။ အစ္စရေးစစ်တပ်မှ ဗိုလ်ချုပ်ကြီး ယူဗန် ဂါလန့်က ၎င်းအနေဖြင့် မတ်လ ၁၇ ရက်နေ့ ရွေးကောက်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဖြစ်လာပါက ဂါဇာကမ်းမြှောင်အား ထပ်မံတိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု ပြောခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းဘက်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ၂ လနီးပါး ကြာမြင့်ခဲ့သည့် အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂၂၀၀ နီးပါး သေဆုံးခဲ့သည်။
    – ၂၀၁၂ ခုနှစ်က ထိုင်ဝမ်ရှိ လမ်မားကျွန်းအနီးတွင် အခြားခရီးသည်တင်သင်္ဘောတစ်စီးနှင့် တိုက်မိကာ နစ်မြုပ်ခဲ့သည့် Lamma IV သင်္ဘော၏ မာလိန်မှူးကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရ၍ ထိုင်ဝမ်တရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။ အဆိုပါသင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၃၉ ဦးသေဆုံးခဲ့ပြီး တိုက်မိခဲ့သည့် အခြား သင်္ဘောမှ မာလိန်မှူးကိုလည်း လူများကို အန္တရာယ်ဖြစ်စေမှုဖြင့် ထောင်ဒဏ် ၉ လ ချမှတ်ခဲ့သည်။
    – တနင်္ဂနွေနေ့ည သန်းခေါင်ယံအချိန်တွင် အပစ်ရပ်ပြီး လက်နက်ကြီးများ ရှေ့တန်းစစ်မြေပြင်မှ ဆုတ်ခွာရန် ယူကရိန်းနှင့် ခွဲထွက်ရေးသမားတို့ သဘောတူခဲ့ကြသော်လည်း ယခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး ယူကရိန်းကဘက်ကမူ အပစ်ရပ်ရေး သဘောတူညီချက်အား ခွဲထွက်ရေးသမားများက ချိုးဖောက်မှုကြောင့် လက်နက်ကြီးများကို ဆုတ်ခွာပေးမည်မဟုတ်ဟု ယနေ့တွင် ပြောကြားလိုက်သည်။ ခွဲထွက်ရေးသမားများကလည်း ယူကရိန်းစစ်တပ်က ဆုတ်ခွာမှ မိမိတို့လည်း ဆုတ်ခွာပေးမည်ဟု ပြည်လည် တုံ့ပြန်ခဲ့သည်။
    – စီးရီးအေကလပ် အေစီမီလန်အသင်း၏ ရှယ်ယာအများစုအား ကန်ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ၀ယ်ယူရန် မိမိအနေဖြင့် ကမ်းလှမ်းခဲ့သည်ဟု ထိုင်းသန်းကြွယ်သူဌေး ဘီးတချောင်ဘိုလ်က အတည်ပြုပြောကြားလိုက်သည်။
    Ref:news agencies