News @ M-Media

Blog

  • M-Media e-NewsLetter Vol2.No3 ထွက်ပါပြီ။

    M-Media e-NewsLetter Vol2.No3 ထွက်ပါပြီ။

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၅
    M-Media
    M-Media e-NewsLetter Vol2No3 Cover 1
    M-Media e-NewsLetter Vol2.No3 ကို ဖြန့်ဝေလိုက်ပါတယ်။

    ပုံမှန် ၂ ပတ်တကြိမ် တင်ဆက်ပေးနေကြဖြစ်ပေမယ့် ယခု တပတ်မှာတော့ ရက်အနည်းငယ် နောက်ကျသွားခြင်းကို M-Media စာဖတ်ပရိတ်သတ်အား တောင်းပန်အပ်ပါတယ်။

    ဤစာစောင်ငယ်ဟာ အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများ personal print ထုတ်ဖတ်နိုင်ရန် ၊ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို ကန့် သတ် အနေဖြင့် စုစည်းပေးထားခြင်းဖြစ်ပါတယ်။

    ယခု ထုတ်ဝေဖြန်ချိလိုက်တဲ့ e-Newsletter ကို ဖတ်ရှုသူများ အနေဖြင့် မျက်နှာဖုံးနဲ့ မာတိကာမှာ ပါရှိတဲ့ Link များကို နှိပ်ရုံဖြင့် သတင်းရှိရာ စာမျက်နှာသို့ ရောက်ရှိသွားအောင် Hyperlink များ ထည့်သွင်းပေးထားပါတယ်။

    ယခုတပတ်မှာ အပတ်စဉ် ပြည်တွင်း ပြည်ပ သတင်းတွေနဲ့ ပါဝင်နေကြ ကဏ္ဍတွေကို စုံလင်စွာ ထည့်သွင်းဖော်ပြထားပါတယ်။

    နောက်ပိုင်းထွက်ရှိမယ့် e-Newsletter ကို ၂ ပတ်တကြိမ် ပုံမှန် ကြိုးစား တင်ဆက်ပေးသွားပါမယ်။

    File Size 6 MB

    Download လုပ်ရန်
    ———————

    http://goo.gl/FN7D0C

    https://www.dropbox.com/s/0kdub7ff457w273/M-Media%20e-NewsLetter%20Vol2.No3.pdf?dl=0

    စာမူနှင့် အကြံဥာဏ်များ [email protected] သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

    M-Media e-NewsLetter Vol2No3 Cover 2

     

    M Media e NewsLetter Vol2.No3

  • ယမန်နှစ် ချန်ပီယံလိဂ်ဖလားက မိမိ၏ အကြီးအကျယ်ဆုံး အချိန်များထဲမှ တစ်ခုဖြစ်သည်ဟု ရော်နယ်ဒိုဆို

    ယမန်နှစ် ချန်ပီယံလိဂ်ဖလားက မိမိ၏ အကြီးအကျယ်ဆုံး အချိန်များထဲမှ တစ်ခုဖြစ်သည်ဟု ရော်နယ်ဒိုဆို

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    ronaldo

    – ယမန်နှစ်က ရီးယဲလ်အသင်းနှင့် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဆွတ်ခူးခဲ့သည့်အချိန်မှာ မိမိ၏ ကစားသမားဘဝ
    သက်တမ်းတစ်လျှောက် အကြီးအကျယ်ဆုံး အချိန်များထဲမှ တစ်ခုဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက
    ပြောကြားလိုက်သည်။

    အချိန်ပိုအထိကစားပြီး ရီးယဲလ်က ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒိုမှာ ပင်နယ်တီမှတစ်ဆင့်
    တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့ပြင် ထိုပွဲမှာ ရော်နယ်ဒို ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့သည့် စပို့တင်းလစ္စဘွန်းအသင်း အခြေစိုက်ရာ လစ္စဘွန်းမြို့တွင် ကစားခဲ့ခြင်းကြောင့် ရော်နယ်ဒိုအတွက် အမှတ်တရလည်း ဖြစ်ခဲ့သည်။

    “လစ္စဘွန်းက အလင်းရောင်ကွင်းမှာ ချန်ပီယံလိဂ်ကို ရရှိခဲ့တာဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ အလှပဆုံးနဲ့ အရေးပါဆုံး
    အချိန်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်” ဟု The Game သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပေါ်တူဂီအားကစားသမိုင်း၏ ပြီးခဲ့သည့် နှစ် ၃၀ ဆယ်အတွင်း အကောင်ဆုံး အားကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်ဟုလည်း ၎င်းက ပြောကြားခဲ့ပြီး အဆိုပါဆုက မိမိအတွက် အလွန်ပင် အဓိပ္ပါယ်ရှိသည်ဟုလည်း ဆိုသည်။

    “အဲဒါဟာ ဂုဏ်ယူစရာပါပဲ။ ကျွန်တော်တို့နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ လက်ဖျားခါလောက်တဲ့ ကစားသမားအချို့ကို
    မွေးထုတ်နိုင်ခဲ့ပါတယ်”

    Ref: goal.com

  • မိမိတို့ကစားသမားများမှာ ထိုက်တန်သည့် လေးစားမှုမရဟု မော်ရင်ဟိုဆို

    မိမိတို့ကစားသမားများမှာ ထိုက်တန်သည့် လေးစားမှုမရဟု မော်ရင်ဟိုဆို

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    morihno

    – မိမိတို့အသင်းမှ ကစားသမားများမှာ ဒိုင်လူကြီးများထံမှ ထိုက်တန်သည့် လေးစားမှုများကို မရရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပြီး ဘန်လေအသင်း၏ တိုက်စစ်မှူး ဘန်းစ်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    ယမန်နေ့က ကစားခဲ့သည့် ဘန်လေနှင့်ပွဲတွင် ချယ်ဆီးမှာ ၁ ဂိုးစီ သရေကျခဲ့ပြီး မော်ရဟင်ဟိုကမူ ထိုပွဲတွင် ဘန်လေအသင်း၏
    ဖြတ်ထုတ်မှု ၄ ကြိမ်ကို ဒိုင်လူကြီးက မပေးခဲ့ဘဲ မာတစ်အား ကြမ်းတ်းစွာဖြတ်ထုတ်ခဲ့သည့် ဘန်းစ်၏ လုပ်ရပ်များအတွက်လည်း
    ပြောစရာစကားပင် မရှိဟု ဆိုသည်။

    “ဘောလုံးဟာ ဘောလုံးဆိုတာတော့ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲဒါ (ဘန်လေနဲ့ပွဲ) ကတော့ သိပ်လွန်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု Sky Sports ၏ Goals on Sunday အစီအစဉ်တွင် မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် ဒိုင်လူကြီးများ၏ ပြစ်ဒဏ်မပေးမှုများအတွက်လည်း “ကျွန်တော့်ကစားသမားတွေက (အကာအကွယ်ပေးဖို့) မထိုက်တန်လို့လား။ ဆောက်သက်တမ်နဲ့ပွဲမှာ ပင်နယ်တီ တစ်လုံး၊ တော့တင်ဟမ်နဲ့ပွဲ၊ လီဗာပူးလ်နဲ့ပွဲတွေမှာ ကြည့်ပါ။ ဘန်းစ်အတွက် သုံးနှုန်းစရာ နာမ်စားတောင် ကျွန်တော့်မှာ မရှိပါဘူး။ (ဘန်းစ်ရဲ့ ဖြတ်ထုတ်မှုဟာ) မာတစ်ရဲ့ ကစားသမားဘ၀ကို အဆုံးသတ်သွားစေနိုင်ပါတယ်။ မာတစ် ကံကောင်းသွားပါတယ်။ အဲဒီကစားသမား (ဘန်းစ်)ရဲ့ လုပ်ခဲ့တာအတွက် ပြောစရာစကားတောင် မရှိပါဘူး” ဟု မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    ချယ်ဆီးအသင်း ကြုံတွေ့ရသည်များနှင့်ပတ်သက်၍ ပရီးမီးယားလိဂ် တာဝန်ရှိသူများအား ဝေဖန်ပြောကြားမှုကြောင့် မော်ရင်ဟိုမှာ ယခင်က FA ၏ အရေးယူမှုကို ခံယူခဲ့ရသည်။ သို့သော်လည်း မော်ရင်ဟိုကမူ မိမိအနေဖြင့် အရှိကို အရှိအတိုင်း ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဒါတွေဟာ တစ်ကယ်ဖြစ်ခဲ့တာတွေပါ။ ပြီးတော့ တကယ်လို့ မှတ်ချက်တွေ ဘောင်ကျော်သွားတယ်ဆိုရင်တော့ (နည်းပြတစ်ယောက်ကို ပြစ်ဒဏ်ပေးတာဟာ) နားလည်လို့ရပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ တိုက်ခိုက်မှုမရှိဘဲ အရှိကို အရှိအတိုင်းပြောမယ်ဆိုရင်တော့ ဒါဟာ ပြဿနာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ဆီးရီးယားမှ ဆူလေမန်ရှား ရုပ်ကြွင်းအား တူရကီ ပြန်လည်ယူဆောင်

    ဆီးရီးယားမှ ဆူလေမန်ရှား ရုပ်ကြွင်းအား တူရကီ ပြန်လည်ယူဆောင်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    tur 1

    – ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့ရှိ ဆူလေမန်ရှား ဂူဗိမာန်အား စောင့်ရှောက်နေသည့် တူရကီစစ်သည်များကို အောင်မြင်စွာ
    ကယ်တင်နိုင်ခဲ့သည်ဟု တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက ပြောကြားလိုက်သည်။

    ယမန်နေ့ညက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး အော်တိုမန်အင်ပါယာကို တည်ထောင်ခဲ့သူ အိုစမန် ၁ ၏ အဘိုး ဆူလေမန်ရှား၏ ရုပ်ကလပ်နှင့် အခြားကြွင်းကျန်ရစ်သည့် ပစ္စည်းများကိုပါ တူရကီသို့ သယ်ဆောင်နိုင်ခဲ့သည်။ စစ်ဆင်ရေးအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ မတော်တဆမှုကြောင့် စစ်သည်တစ်ဦး သေဆုံးခဲ့သည်ဟု တူရကီစစ်တပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    “ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ တစ်ယောက် ဖိတ်စင်ခဲ့ပြီး တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ စစ်ဆင်ရေးအစပိုင်းမှာ ဖြစ်ပွားခဲ့တဲ့
    မတော်တဆမှုကြောင့် ဖြစ်ပါတယ်” ဟု မြို့တော်အန်ကာရာတွင် ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က
    ပြောကြားခဲ့သည်။

    ဆူလေမန်ရှား၏ ရုပ်ကလပ်ကို တူရကီနယ်စပ်အနီး ဆီးရီးယားနိုင်ငံအတွင်း တူရကီစစ်တပ်က ထိန်းချုပ်ထားသည့် ဒေသ၌ နောက်ပိုင်းတွင် ပြန်လည်မြှုပ်နှံသွားမည်ဖြစ်သည်။

    “ဘုရားသခင်အလိုတော်နဲ့ ဒီရုပ်ကလပ်ကို တူရကီမှာ နောက်ထပ်နှစ်ရက်လောက် ခေတ္တခဏ ထိန်းသိမ်းထားမှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာဥပဒေအရ ကျွန်တော်တို့ စစ်သားတွေချထားပြီး အန္တရာယ်ကင်းတဲ့ အက်ရှ်မီဒေသကို
    ပို့ဆောင်သွားမှာပါ” ဟု ဒါဗူတော့ဂ်လူက ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးတွင် တင့်ကား ၃၉ စီးအပါအ၀င် စစ်ဘက်ယာဉ်ပေါင်း ၁၀၀ ကျော်ပါဝင်ခဲ့ပြီး ဒရုန်းလေယာဉ်များ အကူအညီဖြင့် နယ်စပ်ရှိ ကိုဘိန်းမြို့မှ ဆီးရီးယားသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ကာ စစ်ဆင်ရေးပြီးနောက် ၀င်ရောက်ခဲ့သည့်
    လမ်းအတိုင်းပင် ပြန်လည်ထွက်ခွာခဲ့သည်။

    IS အဖွဲ့ပေါ်လာပြီးနောက် အဆိုပါဆူလေမန်ရှား ဂူဗိမာန်၏ လုံခြုံရေးမှာ စိုးရိမ်စရာဖြစ်လာပြီး ထိုဂူဗိမာန်တွင် ချထားသည့် တူရကီစစ်တပ်များ သုံးရက်အတွင်း ပြန်လည်ရုပ်သိမ်းခြင်းမရှိပါလျှင် မိမိတို့က တိုက်ခိုက်သွားမည်ဟု ၂၀၁၄ ခုနှစ် မတ်လအတွင်း IS က ခြိမ်းခြောက်ခဲ့ဖူးသည်။

    သို့သော်လည်း ထိုဂူဗိမာန်အား တိုက်ခိုက်ခြင်းမှာ တူရကီမြေအား တိုက်ခိုက်ခြင်းဖြစ်ပြီး မိမိတို့ဘက်မှလည်း လက်တုံ့ပြန်ရန် အဆင်သင့်ဟု တူရကီဘက်က ပြန်လည်တုံ့ပြန်ခဲ့သည်။

    Ref: aljazeera

  • အမေရိကန်ရဲအရာရှိဟောင်း ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

    အမေရိကန်ရဲအရာရှိဟောင်း ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    ny

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားရဲအရာရှိတစ်ဦးက ၎င်း၏ ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဟဲရစ်ဆန်မြို့တွင်နေထိုင်သူ အသက် ၅၂ နှစ်အရွယ်ရှိ ဂလန် ဟိုချမန်ဆိုသူဖြစ်ပြီး သမီးများဖြစ်ကြသည့် အသက် ၁၇ နှစ် အရွယ် အဲလစ်စာနှင့် အသက် ၁၃ နှစ်အရွယ် ဒီယဲန်နာတို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၎င်းကိုယ်ကိုလည်း ထိုသေနတ်ဖြင့်ပင် အဆုံးစီရင်ခဲ့သည်။

    အခင်းဖြစ်ပွားသည့်အချိန်တွင် ဟိုချမန်၏ ဇနီးဖြစ်သူနှင့် သမီးကြီးတို့မှာ အိမ်တွင် ရှိမနေဘဲ အခင်းဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း သိရှိရခြင်း မရှိသေးပေ။

    “၀ှိုက်ပလိန်း ရဲဌာနအနေနဲ့ ဒီကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်သတင်းကြောင့် တုန်လှုပ်ချောက်ခြားခဲ့ရပါတယ်” ဟု ရဲဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ဟိုချမန်မှာ ၀ှိုက်ပလိန်းရဲဌာနတွင် ၂၂ နှစ် ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ထိုဌာန၏ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရသူဖြစ်သည်။

    အဲလစ်ဆာမှာ ဟဲရစ်ဆန်အထက်တန်းကျောင်းတွင် တက်ရောက်နေသူဖြစ်ပြီး ၎င်းတို့ ညီအမနှစ်ဦး သေဆုံးမှုအတွက် အဆိုပါ အထက်တန်းကျောင်းမှ ၀မ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကာ ၎င်း၏ သူငယ်ချင်းများကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၀မ်းနည်းကြောင်းပြောကြားခဲ့သည်။

    Ref: nbcnewyork