News @ M-Media

အမေရိကန်ရဲအရာရှိဟောင်း ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
M-Media

ny

– အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားရဲအရာရှိတစ်ဦးက ၎င်း၏ ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဟဲရစ်ဆန်မြို့တွင်နေထိုင်သူ အသက် ၅၂ နှစ်အရွယ်ရှိ ဂလန် ဟိုချမန်ဆိုသူဖြစ်ပြီး သမီးများဖြစ်ကြသည့် အသက် ၁၇ နှစ် အရွယ် အဲလစ်စာနှင့် အသက် ၁၃ နှစ်အရွယ် ဒီယဲန်နာတို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၎င်းကိုယ်ကိုလည်း ထိုသေနတ်ဖြင့်ပင် အဆုံးစီရင်ခဲ့သည်။

အခင်းဖြစ်ပွားသည့်အချိန်တွင် ဟိုချမန်၏ ဇနီးဖြစ်သူနှင့် သမီးကြီးတို့မှာ အိမ်တွင် ရှိမနေဘဲ အခင်းဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း သိရှိရခြင်း မရှိသေးပေ။

“၀ှိုက်ပလိန်း ရဲဌာနအနေနဲ့ ဒီကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်သတင်းကြောင့် တုန်လှုပ်ချောက်ခြားခဲ့ရပါတယ်” ဟု ရဲဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ဟိုချမန်မှာ ၀ှိုက်ပလိန်းရဲဌာနတွင် ၂၂ နှစ် ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ထိုဌာန၏ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရသူဖြစ်သည်။

အဲလစ်ဆာမှာ ဟဲရစ်ဆန်အထက်တန်းကျောင်းတွင် တက်ရောက်နေသူဖြစ်ပြီး ၎င်းတို့ ညီအမနှစ်ဦး သေဆုံးမှုအတွက် အဆိုပါ အထက်တန်းကျောင်းမှ ၀မ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကာ ၎င်း၏ သူငယ်ချင်းများကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၀မ်းနည်းကြောင်းပြောကြားခဲ့သည်။

Ref: nbcnewyork

Comments

Leave a Reply