News @ M-Media

Blog

  • ကနေဒါတွင် မွတ်စလင်တစ်ဦး သေနတ်ပစ်ခံရမှု မီဒီယာများ နှုတ်ဆိတ်နေ

    ကနေဒါတွင် မွတ်စလင်တစ်ဦး သေနတ်ပစ်ခံရမှု မီဒီယာများ နှုတ်ဆိတ်နေ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    canada

    – အစ္စလာမ်ကြောက်ရောဂါကြောင့် ဖြစ်ပွားလာသည်ဟု ယူဆရသည့် မွတ်စလင်တစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ကနေဒါနိုင်ငံ အလ်ဘာတာပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့ပြီး ထိုသတ်ဖြတ်မှုအတွက် မီဒီယာများ၏ နှုတ်ဆိတ်နေမှုကို ဝေဖန်မှုများ ရှိနေသည်။

    သေဆုံးသွားသူမှာ မက်မာရေးမြို့တွင်နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် မွတ်စ်တာဖာ မက်တန်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့က ၎င်းနေထိုင်ရာအိမ်သို့ တံခါးလာခေါက်သောကြောင့် ဖွင့်ပေးရန်သွားရောက်စဉ် တံခါးအပြင်ဘက်မှ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

    “ကျွန်တော့်ရဲ့ညီဟာ အိမ်တံခါးမဖွင့်ခင် တံခါးအပြင်ကနေ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာပါ။ တံခါးတောင်မဖွင့်ရသေးပါဘူးဗျာ။ ဒါ့ကြောင့် သေနတ်သမားဟာ ကျွန်တော်တို့ဒီမှာနေတာကလွဲလို့ ဘယ်သူ့ကို ပစ်သတ်လိုက်လဲဆိုတာ သိမှာတောင်မဟုတ်ပါဘူး” ဟု မွတ်စ်တာဖာ မက်တန်၏ ညီဖြစ်သူ အဟ်မဒ်မက်တန်က ပြောကြားခဲ့သည်။

    မွတ်စ်တာဖာမှာ လွန်ခဲ့သည် တစ်လခန့်ကမှ မက်မာရေးသို့ အိုတာဝါမြို့မှ ပြောင်းရွှေ့လာသူဖြစ်ပြီး အမုန်းတရားအခြေခံသည့် သတ်ဖြတ်မှုဟု ယူဆရသော ၎င်း အသတ်ခံရမှုအား မီဒီယာများ၏ လစ်လျူရှုမှုအတွက် ကနေဒါမွတ်စလင်အသိုင်းအ၀ိုင်းက ဝေဖန်မှုများ ရှိနေသည်။

    “မွတ်စ်တာဖာမက်တန် သေဆုံးမှုကို မီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေကပါ လစ်လျူရှုခဲ့ကြပါတယ်” ဟု Twitter အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း “မွတ်စ်တာဖာဟာ (အမေရိကန်၊ မြောက်ကယ်ရိုလိုင်းနားက) ချက်ပဲလ်ဟေးလ် သေနတ်ပစ်မှုမတိုင်ခင် ၁ ရက်အလိုမှာ ဖြစ်ခဲ့တာပါ။ ဒီပစ်ခတ်မှုအတွက် မီဒီယာမှာ ဖော်ပြတာကို မတွေ့ရပါဘူး။ ဘာ့ကြောင့်ပါလဲ” ဟု ရေးသားဖော်ပြခဲ့သည်။

    သတို့သားလောင်း

    မွတ်စလင်တာဖာမှာ ဆေးသိပ္ပံဖြင့် ဘွဲ့ရထားသူတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ပြုရန်အတွက် ပိုက်ဆံစုရန် မက်မာရေးရှိ အလုပ်အသစ်တစ်ခုသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု မိသားစုများက ပြောကြားခဲ့သည်။

    “သူဟာ တွေ့ဖူးသမျှလူတွေထဲမှာ အကောင်းဆုံး၊ အအေးဆုံး၊ ရှက်ကြောက်တတ်ဆုံး၊ နှိမ့်ချမှုအရှိဆုံး လူတစ်ယောက်ပါ။ ပြီးတော့ မကြာသေးမီကမှ ကျွန်တော်တို့ဆီ ရောက်လာတာပါ” ဟု အစ်ကိုဖြစ်သူက ပြောကြားခဲ့သည်။

    ၎င်း၏ သူငယ်ချင်များကလည်း မွတ်စ်တာဖာနှင့်ပတ်သက်၍ ထိုကဲ့သို့ပင် ပြောကြားခဲ့သည်။

    “ဒီ(အိမ်ထောင်ပြုဖို့) ရည်ရွယ်ချက်တစ်ခုတည်းနဲ့ သူ အဲဒီကိုသွားခဲ့တာပါ။ သူဟာ နူးညံ့သူတစ်ယောက်ပါ။ (သေနတ်ပစ်သတ်ခံရလိမ့်မယ်လို့) ကျွန်တော်တို့ ထင်တောင်မထင်ခဲ့ပါဘူး။ ဒီအကြောင်း ဗလီမှာကြားတော့ လူတိုင်းက တုန်လှုပ်ခဲ့ကြပါတယ်” ဟု အိုတာဝါမှ မွတ်စ်တာဖာ၏ သူငယ်ချင်းဖြစ်သူ အဘ်ဒီ အိုမာရ်က ဆိုသည်။

    မွတ်စ်တာဖာ၏ ငယ်သူငယ်ချင်းတစ်ဦးကလည်း ၎င်း၏ မိသားစုအား ကူညီရန်အတွက် အလှူငွေ ကန်ဒေါ်လာ ၄၉၀၀ ကို ကောက်ခံပေးခဲ့သည်။ ညီမဖြစ်သူ ဆလ်မာ မက်တန်ကလည်း အကိုသေဆုံးသွားသည့်အတွက် ၀မ်းနည်းမိသည်ဟု ဆိုသည်။

    “ကျွန်မတို့ သာသနာက သင်ကြားသမျှကို အစ်ကိုက ဖ၀ါးခြေထပ်လိုက်နာပြီး အေးအေးဆေးဆေး နေတာပါ။ သစ္စာသိပ်ရှိပြီး
    အရမ်းလည်း ရိုးသားပါတယ်” ဟု ဆလ်မာက CTV သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မက်တန်မှာ အိုတာဝါ တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး ၎င်းသေဆုံးမှုက ဝေခွဲ၍မရဖြစ်နေသည်။ ကနေဒါ ရဲတပ်ဖွဲ့ကမူ မက်တန်သေဆုံးမှုကို လူသတ်မှုအဖြစ် သတ်မှတ်ထားသည်။ ပြီးခဲ့သည့် လများက အိုတာဝါနှင့် စိန့်ဂျင်း ဆာရ် ရစ်ချက်လီတွင် တိုက်ခိုက်မှု၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တိုက်ခိုက်မှုများပြီးနောက် ကနေဒါတွင် အစ္စလာမ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ မြင့်တက်လာခဲ့ပြီး ဗလီဝတ်ကျောင်းတော် အများအပြားမှာ ဖျက်ဆီးခံခဲ့ရသည်။

    ကနေဒါ၏ ၃၂.၈ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၂.၈ ရာခိုင်နှုန်းရှိပြီး၊ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းများအရ ကနေဒါမွတ်စလင်များမှာ ကနေဒါနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူကြပြီး ပညာတတ်ရာခိုင်နှုန်းမှာလည်း အခြားသော လူ့အဖွဲ့အစည်းများထက် ပိုမိုများပြားသည်။

    Ref: onislam

  • မြန်မာ-တရုတ် နယ်စပ် တလျှောက် ငြိမ်းချမ်းရေးပြန်လည် ထိန်းသိမ်းရန် တရုတ်နိုင်ငံ တိုက်တွန်း

    မြန်မာ-တရုတ် နယ်စပ် တလျှောက် ငြိမ်းချမ်းရေးပြန်လည် ထိန်းသိမ်းရန် တရုတ်နိုင်ငံ တိုက်တွန်း

    ဖေဖော်ဝါရီ ၁၅ ၊ ၂၀၁၅
    M-Media

    14286_641326159347626_4799454384778784344_n
    တရုတ်နယ်စပ်အား ဖြတ်သန်းထွက်ပြေးလာကြသော ဒုက္ခသည်များအနေနှင့် နေရပ်သို့အမြန်ပြန်နိုင်စေရေး အတွက် မိမိတို့၏ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တရုတ်နိုင်ငံမှ မြန်မာ အစိုးရနှင့် လက်နက်ကိုင် အတိုက်အခံများကို သောကြာနေ့က တိုက်တွန်းလိုက်သည်။

    မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်အတွင်းရှိ MNDAA အုပ်စုနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ရွာသူရွာသားများ တစ်အုံတစ်ကျင်း ၀င်ရောက်လာနိုင်သဖြင့် ယခုရက်သတ္တပတ် အတွင်း နယ်စပ်ငြိမ်းချမ်းရေးကို တောင်းဆို လိုက်ခြင်းဖြစ်သည်။

    “သူတို့ရဲ့လိုအပ်ချက်ကို တရုတ်ပြည်က လူသားချင်းစာနာမှုအားဖြင့် ကူညီထောက်ပံ့ထားပါတယ်။ အခြေအနေအေးဆေး သွားလျှင်သွားချင်း သူတို့ မြန်မာပြည်ထဲ ပြန်မယ်လို့ ထင်ပါတယ်။ မြန်မာပြည်က ကဏ္ဍအားလုံးက တရုတ်ပြည်နဲ့လက်တွဲပြီး အခြေအနေကို တည်ငြိမ်အောင် အားထုတ်သွားမယ်၊ နယ်စပ်ဒေသကို အမြန်ဆုံး ပြန်လည် တည်ငြိမ်အေးချမ်း သွားအောင် ပြုလုပ်ကြမယ်လို့ မျှော်လင့်ရပါတယ်။ ဒါမှ နယ်စပ်ကလူတွေ အိမ်ပြန်နိုင်ကြမှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Hua Chunying က ဘေဂျင်းတွင်ပြောကြားသည်။ ဒုက္ခသည် အရေအတွက် ပမာဏကိုမူ မဖော်ပြခဲ့ချေ။

    11006414_658239467637256_346304784347878992_n

    တရုတ်နယ်စပ်အနီး MNDAA နှင့်ဖြစ်ပွားသော ယခုရက်သတ္တပတ်တိုက်ပွဲ၌ မြန်မာစစ်သည် ၄၇ ဦး ကျဆုံးခဲ့ကြောင်း စစ်တပ်၏သောကြာနေ့ သတင်းထုတ်ပြန်ချက် အရ သိရသည်။

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး များမကြာမီတွင် မြန်မာနိုင်ငံသည် ရောင်စုံတော်လှန်ရေးများ စတင်လာခဲ့ရာ ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ထိခိုက်ဒဏ်ရာများပြားခြင်းသည် နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးကို နောက်ပြန်လှည့်စေသည့် တွန်းအားများ ဖြစ်နေသည်။ MNDAA တာဝန်ရှိသူများအနေနှင့် မည်သည့်မှတ်ချက်ပေးခြင်း မရှိသေးပေ။

    MNDAA သည် ယခင်ဗမာကွန်မြူနစ်ပါတီ၏ အစိပ်အပိုင်းအဖြစ် ပါဝင်ခဲ့ပြီး တရုတ်ကျောထောက်နောက်ခံပြု အင်အားစုဖြစ်ကာ ၁၉၈၉ ခုနှစ် အုပ်စုမပြိုကွဲချိန်အထိ မြန်မာအစိုးရအား စစ်ဆင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ၎င်းတို့၏ တိုက်ပွဲများကြောင့် တရုတ်ပြည်အနောက်တောင်ပိုင်းဒေသသို့ ဒုက္ခသည်များ သောင်းနှင့်ချီ၍ တိုးဝင်ရောက်ရှိလာသောကြောင့် ဘေဂျင်းအစိုးရမှ စိတ်ကွက်ခဲ့ဖူးသည်။

    Ref : Reuters

    ဓါတ်ပုံ -၁ တရုတ်နယ်စပ် တိုက်ပွဲများ ဖြစ်ပွားရာပြမြေပုံ
    ဓါတ်ပုံ -၂ ဖေဖော်ဝါရီ ၁၅ နေ့ ပြန်ကြားရေးဝန်ကြိးဌာနမှ ထုတ်ပြန်ခဲ့သည့် လောက်ကိုင်ဒေသမှ တပ်မတော်မှ သိမ်းဆည်းရရှိသည့် လက်နက်များ

  • ဗြိတိန် နိုင်ငံရဲ့ မောင်းသူမဲ့ကား

    ဗြိတိန် နိုင်ငံရဲ့ မောင်းသူမဲ့ကား

    ဖေဖော်ဝါရီ ၁၅ ၊ ၂၀၁၅
    M-Media

    lutz-pathfinder-autonomous-pod-vehicle

    ဗြိတိန် နိုင်ငံအနေနဲ့ မောင်းသူမဲ့ ကားငယ်လေးတွေကို ဧပြီလမှာ စတင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ အပတ်က Transport Systems Catapult ကတည်ဆောက်ခဲ့တဲ့ LUTZ Pathfinderကို စမ်းသပ်ပြခဲ့ပါတယ်။ ဒီလျှပ်စစ် ကားငယ်လေးမှာ အာရုံခံ ကိရိယာ ၁၉မျိုး တပ်ဆင်ထားပါတယ်။

    အဆင့်မြင့်အိမ်းသုံး ကွန်ပြူတာထက်နှစ်ဆ ပိုမိုကောင်းမွန် ကွန်ပြုတာနဲ့ ထိန်းချုပ်ထားပါတယ်။ ဒီကားငယ်လေးတွေကို ကိုယ်ပိုင်ကားသဘောမျိုးမဟုတ်ပဲ တက္ကစီသဘော စီးနှင့်ဖို့စီစဉ်နေတာ ဖြစ်ပြီး ဖုန်း app ကနေတစ်ဆင့် ခေါ်ယူ ငှားရမ်းရမှာပါ။

    ဒီကားလေးရဲ့ အမြန်နှုံးကတော့ တစ်နာရီ ၁၅ မိုင်နှုန်းပဲ သွားနိုင်တဲ့ အားနည်းချက်ရှိနေပေမယ့် ဒီ့ထက်ပိုမို အဆင့်မြှင့်တင်သွားဖို့ ဗြိတိန် အစိုးရက ဒေါ်လာ ၂၉သန်း ရင်းနှီးမြုတ်နှံထားပါတယ်။

    လက်ရှိအားဖြင့်ကတော့ ဂူးဂဲလ်က မောင်းသူမဲ့ကားကို ၂၀၁၀ ခုနှစ်မှာ ပထမဆုံး ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံကလည်း Hongqi HQ3ဆိုတဲ့ကားကို စမ်းသပ်မောင်းနှင်နေပါတယ်။

    Apple နဲ့ Tesla တို့ကလည်း မောင်းသူမဲ့ကားတွေတစ်မျိုးကို ပူးပေါင်းတီထွင်နေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

    daythanix တင်ဆက်သည်။

  • ယခင်အရှုံးများက အသင်းကောင်းတစ်သင်းဖြစ်စေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာဆို

    ယခင်အရှုံးများက အသင်းကောင်းတစ်သင်းဖြစ်စေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာဆို

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    rodger

    – ယမန်နေ့က ကစားခဲ့သည့် FA ဖလားပွဲတွင် ခရစ္စတယ်ပဲလေ့စ်အား ၁ ဂိုးအရှုံးမှ နောက်ကလိုက်၍ အနိုင်ယူနိုင်ခဲ့သည့်
    မိမိအသင်းအား လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ချီးကျူးလိုက်ပြီး ယခင်အရှုံးများက အသင်းကောင်းတစ်သင်းဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

    ထိုပွဲ၌ ပွဲအစ ၁၅ မိနစ်မှာပင် ဖရေဇာကမ်းဘဲလ်က ခရစ္စတယ်ပဲလေ့စ်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်းတွင်
    ဒန်နီယဲလ်စတားရစ်ခ်ျနှင့် အဒမ်လာလနာတို့က ချေပဂိုးနှင့်အနိုင်ဂိုးများ သွင်းယူပေးခဲ့ကာ လီဗာပူးလ်အား ကွာတားဖိုင်နယ်သို့ တက်ရောက်စေခဲ့သည်။

    ရော်ဂျာကမူ ယခင်အရှုံးများက အနိုင်ရလိုစိတ်ဖြစ်စေရန် မိမိတို့အသင်းသားများအား တွန်းအားပေးလိုက်သကဲ့သို့
    ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ရာသီအစတုန်းက ကျွန်တော်တို့ သိပ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ အသင်းကောင်းတစ်သင်းကို ဖန်တီးနိုင်ခဲ့တာလည်း
    ဖြစ်ပါတယ်။ ဒါမျိုးဖြစ်လာဖို့ဟာ တော်တော့်ကို ခက်ခဲပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲအနိုင်ရခဲ့သည့် လီဗာပူးလ်မှာ နောက်ဆုံး ၂၂ ပွဲတွင် ၂ ပွဲသာရှုံးနိမ့်ထားသည်။ ရော်ဂျာကမူ ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် မိမိတို့မှာ ဂိုးသွင်းခွင့်အများအပြားရခဲ့ကြောင်း ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် မိမိတို့မှာ ပိုကောင်းလာခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref:goal.com

  • ရော်နယ်ဒို ဂိုးမသွင်းနိုင်မှုအတွက် မစိုးရိမ်ဟု အန်ဆယ်လော့တီပြော

    ရော်နယ်ဒို ဂိုးမသွင်းနိုင်မှုအတွက် မစိုးရိမ်ဟု အန်ဆယ်လော့တီပြော

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    aclt

    – ယခုသီတင်းပတ်များအတွင်း ဂိုးမသွင်းနိုင်မှုကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည့် တိုက်စစ်မှူး ရော်နယ်ဒိုအား ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ကာကွယ်ခဲ့ပြီး ရော်နယ်ဒိုဂိုး မသွင်းနိုင်မှုအတွက် မစိုးရိမ်ဟု ပြောကြားခဲ့သည်။

    ဇန်န၀ါရီ ၁၈ ရက်နေ့ ဂီတာဖေးအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲနောက်ပိုင်း ရော်နယ်ဒိုမှာ ဂိုးပေါက်ပျောက်နေခဲ့ပြီး ဝေဖန်မှုများကို ခံနေရကာ ပြီးခဲ့သည့်တစ်ပတ် အက်သလက်တီကိုအား ၄ ဂိုး ပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် မွေးနေ့ပွဲပြုလုပ်ခဲ့မှုကလည်း ပရိတ်သတ်များအား မကျေမနပ်ဖြစ်စေခဲ့သည်။

    သို့သော်လည်း အန်ဆယ်လော့တီကမူ ရော်နယ်ဒိုဂိုးမသွင်းနိုင်မှုအတွက် မစိုးရိမ်ဘဲ ယမန်နေ့က ကစားခဲ့သည့် ဒီပို့တီဗိုအား
    အနိုင်ရသည်ပွဲ ခြေစွမ်းအတွက် ချီးကျူးပြောဆိုခဲ့သည်။

    “ခရစ္စတီယာနိုက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲတစ်လျှောက်လုံး တစ်ဖက်အသင်းကို အန္တရာယ်ရှိအောင် လုပ်နိုင်ခဲ့ပါတယ်။ တစ်ဂိုး
    ဖန်တီးပေးခဲ့ပြီး ဖြတ်တင်ဘောတွေကလည်း မလွဲခဲ့ပါဘူး။ ဒီပွဲဟာ လွယ်ကူတဲ့ပွဲမဟုတ်ပါဘူး” ဟု ထိုပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    မြို့ခံပြိုက်ဘက် အက်သလက်တီကိုအား ရှုံးနိမ့်ခဲ့ပြီးနောက် ရီးယဲလ်ပရိတ်သတ်များက အန်ဆယ်လော့တီနှင့် အသင်း၏ ကစားသမားများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး ဒီပို့တီဗိုနှင့်ပွဲတွင် အန်ဆယ်လော့တီနှင့် အသင်းခေါင်းဆောင်
    ကာဆီးလက်တို့၏ အမည်ကို ကြေညာရာ၌ ရီးယဲလ်ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။

    အန်ဆယ်လော့တီကမူ ပရိတ်သတ်များအနေဖြင့် အသင်းအားဝေဖန်နိုင်သည့် အခွင့်အရေးရှိပြီး မိမိတို့အနေနှင့် နားလည်ပါကြောင်း၊ အသင်းအား အားပေးမှုအတွက် ပရိတ်သတ်များကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com