News @ M-Media

Blog

  • ပရီးမီးယားလိဂ် တစ်နှစ်တာအပြောင်းအရွှေ့ စံချိန်တင်

    ပရီးမီးယားလိဂ် တစ်နှစ်တာအပြောင်းအရွှေ့ စံချိန်တင်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    pml 1

    – ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ရာသီမှစ၍ ဆောင်းရာသီအပြောင်းအရွှေ့အတွင်း ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပေါင် သန်း ၉၅၀ ရှိပြီး တစ်နှစ်အတွင်း စံချိန်တင် သုံးစွဲသည့်ငွေလည်း ဖြစ်လာခဲ့သည်။

    ကမ္ဘာ့ဒုတိယအချမ်းသာဆုံး မန်ချက်စတာယူနိုက်တက်အသင်းကမူ ဒီမာရီယာ၊ ဟာရဲရား၊ လုခ်ရှောတို့အတွက် စုစုပေါင်း ပေါင် သန်း ၁၅၀ ကျော် အသုံးပြုခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းမျာ ယခုနှစ်ရာသီ အပြောင်းအရွှေ့အသုံးစားရိတ်တွင် ထိပ်ဆုံး၌ ရပ်တည်နေသည်။

    ယခုဆောင်းရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ စုစုပေါင်း အသုံးစားရိတ်မှာ ပေါင် သန်း ၁၃၀ ရှိပြီး ၂၀၁၄ ဆောင်းရာသီအပြောင်းအရွှေ့နှင့် တန်းတူရှိနေသည်။ ဆောင်းရာသီအပြောင်းအရွှေ့အသုံးစားရိတ် အမြင့်ဆုံးရာသီမှာ ၂၀၁၁ ခုနှစ်ဖြစ်ပြီး ပေါင် ၂၂၅ သန်း ရှိနေသည်။

    ဆွမ်ဆီးမှ တိုက်စစ်မှူးဘိုနီအား ပေါင် ၂၈ သန်းဖြင့် မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ခြင်းမှာ ၂၀၁၅ ဆောင်းရာသီအပြောင်းအရွှေ့အတွက် အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်ပြီး၊ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းမှ ဂျူအန် ကူဒရာဒိုကို ချယ်ဆီးက ပေါင် ၂၄.၈ သန်းဖြင့် ၀ယ်ယူခြင်းမှာ ဒုတိယနေရာတွင် ရှိနေသည်။

    အသင်းကြီးများ လှုပ်ရှားခြင်းမရှိခဲ့သော်လည်း ဆောင်းရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများ သုံးစွဲငွေမှာ ပေါင် ၄၅ သန်းရှိပြီး မနှစ်ကထက် ပေါင် ၁၀ သန်းကျော် ပိုနေသည်။

    Ref:goal.com

  • ကရင်တော်လှန်ရေးနေ့အခမ်းအနားသို့ သြစတေးလျ လွှတ်တော်အမတ်တစ်ဦး တရားမ၀င်  နယ်စပ်ဖြတ်ကျော်ကာ တက်ရောက်

    ကရင်တော်လှန်ရေးနေ့အခမ်းအနားသို့ သြစတေးလျ လွှတ်တော်အမတ်တစ်ဦး တရားမ၀င် နယ်စပ်ဖြတ်ကျော်ကာ တက်ရောက်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    kren

    – ဇန်န၀ါရီ ၃၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU မှ ထိန်းချုပ်ထားရာ မြန်မာ-ထိုင်း နယ်စပ်တွင် ပြုလုပ်သည့် ကရင်တော်လှန်ရေးနေ့ အခမ်းအနားသို့ သြစတေးလျမှ လွှတ်တော်အမတ်ဖြစ်သူ လုကေး ဆင်မ်ကင်က တရားမ၀င်နယ်စပ်ဖြတ်ကျော်ကာ တက်ရောက်ခဲ့သည်ဟု သိရသည်။

    မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ မကြာခဏ ဝေဖန်လေ့ရှိသည့် သြစတေးလျ စစ်မှုထမ်းဟောင်းဖြစ်သူ ဆင်မ်ကင်မှာ ကရင်တော်လှန်ရေးနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပြီနောက် သြစတေးလျအလံကို ကိုင်ဆောင်ကာ ကရင်တပ်ဖွဲ့ဝင်များနှင့်အတူ ဓာတ်ပုံရိုက်ခဲ့သည်။ ၎င်းမှာ KNU စစ်စခန်းတွင် တစ်ညတာကုန်ဆုံးခဲ့ပြီး နောက်နေ့တွင်မှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

    မစ္စတာ ဆင်မ်ကင်မှာ မြန်မာနိုင်ငံသို့ ၀င်ရောက်ရာတွင် ထိုင်း-မြန်မာ တရားဝင် နယ်စပ်ဖြတ်ကျော်ဂိတ်ကို အသုံးမပြုခဲ့ဘဲ ၂ နိုင်ငံစလုံး၏ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ခဲ့သည်။ သို့သော်လည်း ဆင်မ်ကင်ကမူ ၎င်း၏ ခရီးစဉ်အတွက် ကာကွယ်ပြောဆိုခဲ့ပြီး ကရင်လူမျိုးများ ထိန်းချုပ်ရာ ပိုင်နက်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ဆိုသည်ကို အပြင်ဘက်မှ လူများက လေ့လာရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

    KNU မှ ထိန်းချုပ်ထားသော ဒေသအတွင်းသို့ ထိုင်းနိုင်ငံမှ တရားမ၀င် ၀င်ရောက်လေ့ရှိသည့် ဧည်သည့်များကို ထိုင်းစစ်တပ်က မကြာခဏ လစ်လျူရှုလေ့ရှိသည်။

    ကရင်တော်လှန်ရေးနေ့အခမ်းအနားမှာ လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ ၁၉၄၉ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် မြန်မာစစ်တပ်အား ကရင်တပ်ဖွဲ့များက စတင်တော်လှန်မှုကို အစွဲပြု၍ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။

    မြန်မာအစိုးရအား သြစတေးလျနှင့် အနောက်နိုင်ငံများက ပိတ်ဆို့မှုများ ဖယ်ရှားပေးခြင်းမှာ အလွန်စောလွန်းသည်ဟု ဆင်မ်ကင်က ၂၀၁၃ ခုနှစ်တွင် ဝေဖန်ခဲ့ဖူးသည်။

    Ref: smh.com

  • တောင်ကိုရီးယားတွင် စစ်သားတစ်ဦးအား သေဒဏ်ချမှတ်

    တောင်ကိုရီးယားတွင် စစ်သားတစ်ဦးအား သေဒဏ်ချမှတ်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    skr 2

    – မြောက်ကိုရီးယားနယ်စပ်တွင် ပြီးခဲ့သည့်နှစ်က စစ်သားငါးဦး သေဆုံးခဲ့သော ပစ်ခတ်မှုကို ကျူးလွန်ခဲ့သည့် လူငယ်စစ်သား တစ်ဦးကို တောင်ကိုရီးယား စစ်ခုံရုံးက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၂၂ နှစ်အရွယ်ရှိပြီး လင်မ်ဟု အမည်ရသည့် အဆိုပါစစ်သားမှာ ကြိုတင်ကြံရွယ်ထားသော ရက်စက်သည့်အမှုကို လွန်ခဲ့သည်ဟု နိုင်ငံအရှေ့ပိုင်း ၀ွန်ဂျူးစစ်ခုံရုံးက သတ်မှတ်ခဲ့ပြီး ထိုသတ်ဖြတ်မှုအတွက်လည်း ရှုတ်ချခဲ့သည်ဟု Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

    နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ၁၉၉၇ နှစ်မှစ၍ သေဒဏ်စီရင်ခြင်း မပြုခဲ့ဘဲ ထိုပြစ်ဒဏ်အတွက် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့သည်။ တောင်ကိုရီးယားတွင် သေဒဏ်ချမှတ်ခံရသောသူများအတွက် အလိုအလျောက် အယူခံဝင်ခွင့်ရသည့် စနစ်ရှိသောကြောင့် လင်မ်မှာ အယူခံလျှောက်ထားခွင့်ရမည်ဖြစ်သည်။

    ပြစ်ဒဏ်ချမှတ်မှုအကြိုအဖြစ် ဇန်န၀ါရီ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် လင်မ်က မိမိအနေဖြင့် ထိုပြစ်မှုကို ကျူးလွန်ခဲ့ခြင်းအတွက် အလွန်အမင်းနောင်တရမိသည်ဟု ဖော်ပြထားသည်။

    `သေဆုံးသွားသူတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေအတွက် ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ဒီနောင်တတွေကိုကျော်ပြီး မပျော်ရွှင်နိုင်တော့ပါဘူး။ အိမ်မက်လို့သတ်မှတ်ပြီး အတိတ်ကို ပြန်သွားလို့လည်း မဖြစ်နိုင်တော့ပါဘူး´ ဟု လင်မ်က ဆိုသည်။

    ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက လင်မ်မှာ မြောက်ကိုရီးအနီးရှိ စစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေစဉ် တို့တပ်ဖွဲ့ဝင်များအတွင်းသို့ ဗုံးတစ်လုံးပစ်ထည့်ကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ လင်မ်ကမူ စစ်သားများက မိမိကို လှောင်ပြောင် အရှက်ရအောင် လုပ်ခြင်းအတွက် ထိုကဲ့သို့ လက်စာချေခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    တောင်ကိုရီးယားစစ်တပ်တွင် စစ်သားအချင်းအချင်း အနိုင်ကျင့်မှုများကြောင့် အချင်းချင်း လက်နက်ဖြင့်တုံ့ပြန်သည့် ဖြစ်စဉ်များမှာ ယခင်ကလည်း ဖြစ်ပွားလေ့ရှိခဲ့သည်။

    Ref: channelnewsasia

  • ကုလ၏ ဂါဇာစုံစမ်းရေးကော်မရှင် အကြီးအကဲ ရာထူးမှ နှုတ်ထွက်

    ကုလ၏ ဂါဇာစုံစမ်းရေးကော်မရှင် အကြီးအကဲ ရာထူးမှ နှုတ်ထွက်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    gaza

    – ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့အတွက် အကြံဥာဏ်ပေးမှုများကို ပြုလုပ်ခဲ့သည့် မိမိအား ဘက်လိုက်သည်ဟု အစ္စရေးက စွပ်စွဲမှုကြောင့် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ဂါဇာစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ခေါင်းဆောင် ၀ီလီယံရှာဘက်စ်က ပြောကြားလိုက်သည်။

    အဆိုပါကော်မရှင်မှာ ၂၀၁၄ ခုနှစ် နွေရာသီတွင် ဂါဇာဒေသအား အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ဖြစ်နိုင်ဖွယ်ရှိသည့် စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂမှ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကနေဒါ ပညာရှင် ၀ီလီယံရှာဘက်စ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။

    သို့သော်လည်း ယမန်နေ့တွင် ကော်မရှင်သို့ ပေးပို့သောစာ၌ ရှာဘက်စ်က လာမည့် မတ်လတွင် ထုတ်ပြန်တော့မည့် အစီရင်ခံစာအတွက် စီစဉ်မှုနှင့် တွေ့ရှိခဲ့ရသောအချက်များအတွက် ဘက်လိုက်မှုများ ရှိလိမ့်မည်ဆိုသော ပြဿနာကို ရှောင်ရှားရန်အတွက် ရာထူးမှ ချက်ချင်းနှုတ်ထွက်သွားမည်ဟု ဖော်ပြခဲ့သည်။

    အဆိုပါကော်မရှင်တွင် အဖွဲ့ဝင် ၃ ဦး ပါဝင်ပြီး ရှာဘက်စ်နှုတ်ထွက်သွားခြင်းက ကော်မရှင်၏ အမှားမခံသည့် အခြေအနေကို မီးမောင်းထိုပြသကဲ့သို့ ဖြစ်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အရင်ကလည်း နိုင်ငံတကာရာဇ၀တ်ခုံရုံးက မိမိတို့အနေဖြင့် ပါလက်စတိုင်း ပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည့် ရက်စက်မှုများအတွက် ကနဦး စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ရှာဘက်စ်၏စာတွင် ၂၀၁၂ ခုနှစ်အတွင်း ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ကို သူမရေးပေးခဲ့သော ဥပဒေဆိုင်ရာ ယူဆချက်စာတမ်းအတွက် ကန်ဒေါ်လာ ၁၃၀၀ ရခဲ့ပြီး ထိုပမာဏမှာ အခြားသော အစိုးရများ၊ အဖွဲ့အစည်းများအတွက် ၎င်းရေးပေးခဲ့သော အကြံပြုစာတမ်းများအတွက် ရရှိခဲ့သည့် ငွေကြေးပမာဏခန့်သာဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

    စုံစမ်းရေးကော်မရှင်၏ အကြီးအကဲအဖြစ် ခန့်အပ်မှုကို အစ္စရေးက တစ်စိုက်မတ်မတ် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

    ကုလ၏ အဆိုပါကော်မရှင်မှာ ဂါဇာဒေသအတွင်း အစ္စရေးနှင့် ဟားမက်စ်တို့၏ လှုပ်ရှားမှုများကို လေ့လာကာ အထောက်အထားများ စုစည်းပြီးနောက် ယခုလက်ရှိတွင် အစီရင်ခံစာကို စတင်ရေးသားနေပြီဖြစ်သည်။

    Ref: aljazeera

  • တရုတ်နိုင်ငံရှိ မြို့အများအပြား လေထုညစ်ညမ်းနေ

    တရုတ်နိုင်ငံရှိ မြို့အများအပြား လေထုညစ်ညမ်းနေ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    cha

    – လေထုအရည်အသွေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်အတွင်း စောင့်ကြည့်ခဲ့သည့် တရုတ်နိုင်ငံ၏ မြို့ကြီး ၇၄ မြို့တွင် ၈ မြို့သာ နိုင်ငံ၏ လေထုအရည်အသွေးစံနှုန်းအတိုင်း ရှိနေသည်ဟု ယမန်နေ့က အစိုးရမှ တရားဝင် ထုတ်ပြန်ခဲ့သည့် စာရင်းတွင် ဖော်ပြထားသည်။

    လေထုအရည်အသွေးပြည့်မီသည့် မြို့ ၈ မြို့အနက် ၆ မြို့မှာ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းဒေသတွင် ရှိကြသည့် ဇူရှန်၊ ရှန်ဇန်း၊ ဇူဟိုင်း၊ ဟွေဇူနှင့် ဖူဇူမြို့များဖြစ်ပြီး အခြားမြို့ ၂ မြို့မှာ လာဆာနှင့် ကူမင်းမြို့တို့ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ မှတ်တမ်းများက ဆိုသည်။

    ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လေထုအရည်အသွေး သတ်မှတ်ချက်အသစ်ကို တရုတ်နိုင်ငံက သတ်မှတ်ခဲ့ပြီး မြို့ပေါင်း ၇၄ မြို့ကို ရှေ့ပြေးအဖြစ် စောင့်ကြည့်ခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း အဆိုပါ ၇၄ မြို့တွင် ၃ မြို့သာ လေထုအရည်အသွေး စံချိန်မီခဲ့သည်။

    အဆိုပါမြို့ ၇၄ မြို့တွင် မြူဆိုင်းမှုအများဆုံးနေ့မှာ ၂၀၁၃ ခုနှစ်တွင် ၃၂ ရက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ၁၁ ရက်သာ ရှိတော့သော်လည်း ၀န်ကြီးဌာကနကမူ ဆိုးရွာသော လေထုညစ်ညမ်းခြင်း၏ ယေဘုယျအခြေအနေမှာ အနည်းငယ်သာပြောင်းလဲသည်ဟု ဆိုသည်။

    အဓိကအားဖြင့် ဘေဂျင်းနှင့် တီယန်ဂျင်းမြို့ရှိ မြို့ပြဧရိယာများမှာ လေထုအညစ်ညမ်းဆုံး နေရာများဖြစ်ပြီး၊ ထိုဒေသတစ်ဝိုက် မြို့ ၁၃ မြို့အနက် ၈ မြို့မှာ လေထုအညစ်ညမ်းဆုံး ၁၀ မြို့တွင် ပါဝင်သည်။

    Ref: xinhua