ဖေဖော်ဝါရီ ၇၊ ၂၀၁၅
M-Media
IS အဖွဲ့က ဂျော်ဒန်တိုက်လေယာဉ်မှုးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာဟာ ဂျော်ဒန်နိုင်ငံအတွက် အကြမ်းဖက်မှုတွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာ အလှည့်အပြောင်းတစ်ခုပဲလို့ ခုစနေနေ့မှာ ဝန်ကြီးတစ်ဦးက ပြောဆိုပါတယ်။
ISIS တွေကို သုတ်သင်ဖယ်ရှားဖို့အတွက် ဂျော်ဒန် လေတပ်မတော်ရဲ့ ဆောင်ရွက်မှုက အစအဦးပဲရှိသေးတယ်လို့ အတွင်းဝန် ဟူစိန် မာဂျာလီက ပြောကြားကြောင်း အစိုးရသတင်းစာ Al-Rai မှာဖော်ပြထားပါတယ်။
လေယာဉ်မှုး မိုအာသ် အယ်လ် ကာဆေဗာ ကိုသတ်ဖြတ်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ကြာသာပတေးနေ့က စွန်နီမွတ်စလင်အစွန်းရောက်တွေဖြစ်တဲ့ ISIS အုပ်စုကို အကြိမ်ဒါဇင်နဲ့ချီပြီး တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
ဝန်ကြီး မာဂျာလီ က လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်အုပ်စုရဲ့ အထောက်အပံ့ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ လေ့ကျင့်ရာနေရာတွေကို ဖျက်စီးခဲ့တယ်လို့ဆိုပြီး သူတို့အားလုံးကို လုံးဝဖယ်ရှားပစ်မယ့်အစီအစဉ်ရဲ့အစလို့လည်းဆိုပါတယ်။
ဂျော်ဒန်နိုင်ငံဟာ ဒီအကြမ်းဖက်အုပ်စုတွေကို လက်တုံ့ပြန်ဖို့ အခွင့်အရေးရှိတာဖြစ်ပြီး သူတို့ဘယ်နေရာရောက်ရောက် လိုက်လံသုတ်သင်သွားမယ်လို့ Al-Rai သတင်းစာကိုပြောကြားပါတယ်။
ဂျော်ဒန်နိုင်ငံဟာ အစွန်းရောက် ISIS အဖွဲ့ကို စစ်ဆင်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့စွန်နီ မွတ်စလင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အခြားလေကြောင်းတိုက်ခိုက်မှုမှာ ကူညီပေးတဲ့နိုင်ငံတွေထဲမှာ ဆော်ဒီအာရေးဗီးယား၊ဘာရိန်း၊ UAE နဲ့ ကာတာနိုင်ငံတွေလည်းပါဝင်ပါတယ်။ ISIS ဟာ အီရတ် နဲ့ ဆီးရီယား မှာနယ်မြေအမြောက်အမြားသိမ်းယူထားပြီး သူတို့ထိန်းချုပ်ထားတဲ့ဒေသမှာ အစ္စလာမ်ဘာသာကို အစွန်းရောက်ပြန်ဆိုမှုတွေပြုလုပ်ကျင့်သုံးနေတာဖြစ်ပါတယ်။
ဂျော်ဒန်ဘုရင် စစ်တပ်အကြီးအကဲတွေ၊ အကြီးတန်း အရာရှိတွေနဲ့အတူ ဂျော်ဒန် မြို့တော်အာမန်ရဲ့ ကီလီမီတာ ၁၀၀ အကွာက လေယာဉ်မှုး ကာဆေဗာရဲ့ မျိုးနွယ်စုတွေဆီ အာရဗ်ဝတ်စုံနဲ့ဝတ်ဆင်ပြီး သွားရောက်ခဲ့ပါတယ်။
“အသင်ဟာ ပညာရှိတဲ့ ဘုရင်ဖြစ်ပါတယ်။ ဒီအကြမ်းဖက်ရာဇဝတ်သားတွေဟာ အစ္စလာမ့်စစ် စည်းကမ်းကိုလည်း ချိုးဖောက်တဲ့အပြင် သူတို့မှာ လူသားဆန်တဲ့ စိတ်ဓာတ်ကင်းမဲ့နေတယ်” လို့ လေယာဉ်မှုးရဲ့ ဖခင် ဆာဖီ ကာဆေဗာက ဂျော်ဒန်ဘုရင်ကို ပြောခဲ့ပါတယ်။
ဂျော်ဒန်ဘုရင်ဟာ လေယာဉ်မှုးရဲ့ သေဆုံးမှုကို အလေးပြုခဲ့ပြီး ဒီဖြစ်ရပ်ဟာ တိုင်းပြည်အတွင်း အမျိုးသားရေးစိတ်ဓာတ်တွေကို နိုးကြားစေပြီး IS တွေကို အပြင်းထန်ဆုံးတုံ့ပြန်မှုတွေဖြစ်လာစေမှာဖြစ်ပါတယ်။
Leave a Reply
You must be logged in to post a comment.