News @ M-Media
Blog
  • အစ္စလာမ်မှာ အလယ်အလတ်လမ်းစဉ်ဖြစ်ပြီး၊ ဘာသာရေးအယူသည်းမှုကို တမန်တော် မုဟမ္မဒ်သခင် ကိုယ်တော်တိုင် မနှစ်သက်ခဲ့ကြောင်း အီဂျစ် မွဖ်သီချုပ်ပြော
    အစ္စလာမ်မှာ အလယ်အလတ်လမ်းစဉ်ဖြစ်ပြီး၊ ဘာသာရေးအယူသည်းမှုကို တမန်တော် မုဟမ္မဒ်သခင် ကိုယ်တော်တိုင် မနှစ်သက်ခဲ့ကြောင်း အီဂျစ် မွဖ်သီချုပ်ပြော
    ဇန်န၀ါရီ ၂၇၊ ၂၀၁၅
    M-Media
    egy
    – ကိစ္စတိုင်း၌ အလယ်လတ်လမ်းစဉ်အတိုင်း ဆောင်ရွက်ရမည်ဆိုသည့် စည်းမျဉ်းစည်းကမ်းမှာ အစ္စလာမ်သာသနာ၏ အဓိကကျသည့် အစိတ်အပိုင်းဖြစ်သည်ဟု အီဂျစ် မွဖ်သီကြီး ဒေါက်တာ ရှိခ် ရှော်ကီ အာလမ်က ပြောကြားလိုက်ပြီး အစွန်းရောက်ဝါဒအား သတိထားစောင့်ကြည့်ရန် မွတ်စလင်များကို တိုက်တွန်းခဲ့သည်။
    စင်ကာပူ အစ္စလာမ့်သာသနာရေးရာကောင်စီ Muis ၏ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော အထူးဧည့်သည်တော် စကားဝိုင်းတွင် မွဖ်သီကြီးကထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး သာသနာတွင် အယူသည်းမှုကို မုဟမ္မဒ်သခင်(ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ)
    ကိုယ်တော်တိုင် မနှစ်ခြိုက်ခဲ့ဘဲ ထိုအတွက် သတိပေးပြောကြားမှုများ ရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။
    `ကျွန်တော်တို့ဟာ ကြောက်ဒူးတုန်စရာမလိုသလို အစွန်းရောက်သွားဖို့လည်း မလိုပါဘူး။ ဥပမာအားဖြင့် အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်တာ ပြီးတော့ သာသနာရဲ့ အဆုံးအမနဲ့ ဆန့်ကျင်တဲ့ အရာတွေကို ကျူးလွန်တာမျိုးတွေပေါ့။ ဒီလိုလုပ်ရပ်တွေရဲ့ အကျိုးဆက်က
    အစ္စလာမ်ရဲ့ပုံရိပ်ကို အရုပ်ဆိုးအကျည်တန်စေပြီး သာသနာ့အပြင်ကို ရောက်သွားတာမျိုး၊ သာသာနာအပေါ်မှာ အညှိုးအတေးတွေ ရှိလာတာမျိုးတွေအထိ ဦးတည်သွားနိုင်ပါတယ်´
    အဆိုပါစကားဝိုင်းကို Orchard ဟိုတယ်၌ ပြုလုပ်ခဲ့ပြီ ဘာသာပေါင်းစုံမှ ပရိတ်သတ် ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ Building Harmonious Societies in a Pluralistic World (လူမျိုးစုံသည့် ကမ္ဘာကြီးတွင် သဟဇာတဖြစ်သည့် လူ့အဖွဲ့အစည်းများ တည်ဆောက်ခြင်း) ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ထိုစကားဝိုင်းကို စင်ကာပူ မွတ်စလင်ရေးရာဝန်ကြီး ယာကွဘ် အီဘရာဟင်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ယာကွဘ်အီဗရာဟင်မှာ စင်ကာပူ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ၀န်ကြီးလည်း ဖြစ်သည်။
    ၂၀၁၃ ခုနှစ်တွင် မွဖ်သီချုပ်ဖြစ်လာခဲ့ပြီး အီဂျစ်ရှိ နာမည်ကျော် အလ်-အဇ်ဟာရ်တက္ကသိုလ် အစ္စလာမ့်တရားစီရင်ရေးဌာန၏ အကြီးအကဲဖြစ်သူ ဒေါက်တာအာလမ်မှာ စစ်သွေးကြွ IS အဖွဲ့နှင့် ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကိုလည်း ဝေဖန်ရှုတ်ချခဲ့သည်။
    `IS အကြောင်းပြောတဲ့အခါမှာ ကျွန်တော်တို့ ဘယ်တော့မှ အစ္စလာမ့်နိုင်ငံတော်ဆိုတဲ့ အသုံးအနှုန်းကို မသုံးပါဘူး။ သူတို့တွေဟာ အစောကြီးကတည်းက နိုင်ငံမဟုတ်ပါဘူး။ အစ္စလာမ်နဲ့ တန်းလာညှိလို့မရသလို အစ္စလာမ့်ရဲ့ ပုံရိပ်ကိုတောင် ညစ်နွမ်းစေပါတယ်´ ဟု မွဖ်သီကြီးက ထပ်လောင်းပြောကြားခဲ့သည်။
    တစ်နာရီကျော်ကြာသည့် ၎င်း၏ တရားဒေသနာတော်တွင် ဒေါက်တာအာလမ်မှာ မွတ်စလင်လူ့အဖွဲ့အစည်းနေဖြင့် မတူညီသော ဘာသာတရားများအကြား လေးစားသမှုထားကာ အစ္စလာမ်၏ စစ်မှန်သောသွန်သင်မှုများအား မည်ကဲ့သို့ လိုက်နာကျင့်သုံးခဲ့ကြသည်ဆိုခြင်းနှင့် ပတ်သက်၍ ကုရ်အာန်ကျမ်းတော်မြတ်မှ သင်ကြားမှုများ၊ မုဟမ္မဒ်သခင်၏ မိန့်မှာချက်များနှင့်
    အစ္စလာမ့်သမိုင်းတို့ကို ကိုးကား၍ ထောက်ပြပြောဆိုခဲ့သည်။
    ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသည့် ပြဿနာများကိုလည်း မွတ်စလင်များက ချုပ်ငြိမ်းအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်ဦးနှစ်ဘက် ယုံကြည်မှုတည်ဆောက်ရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
    ထို့နောက် ဒေါက်တာ အာလမ်မှာ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်၂၅ ဦးနှင့်အတူ ညစာအတူတကွစားသုံးခဲ့ပြီး တနင်္လာနေ့တွင် စင်ကာပူသမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တယ်လီဖုန်းမှတစ်ဆင့် စကားပြောဆိုခဲ့သည်။
    Ref: thestar
  • အိမ်ဖြူတော်ဝင်း အတွင်းသို့ ဒရုန်းလေယာဉ်တစ်စီး ပျက်ကျ
    အိမ်ဖြူတော်ဝင်း အတွင်းသို့ ဒရုန်းလေယာဉ်တစ်စီး ပျက်ကျ
    ဇန်န၀ါရီ ၂၇၊ ၂၀၁၅
    M-Media
    drone
    – အမေရိကန်ပြည်ထောင်စု သမ္မတရုံးထိုင်ရာ အိမ်ဖြူတော်ဝင်းအတွင်းသို့ တနင်္လာနေ့နံနက် စောစောပိုင်းက ဒရုန်းလေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး အဆိုပါ ဒရုန်းမှာ အပျော်တမ်းကစားသည့် ဒရုန်းလေယာဉ်ဟု သိရသည်။
    ပျက်ကျပြီး ၆ နာရီအကြာတွင် ၀ါရှင်တန်မှ အဆိုပါဒရုန်း၏ ပိုင်ရှင်ဆိုသူက ထောက်လှမ်းရေးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ပြီး အပျော်တမ်း အသုံးပြုရာမှ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ထောက်လှမ်းရေးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
    ပန်ကာလေးလုံးတပ် အဆိုပါ ဒရုန်းလေယာဉ်မှာ တနင်္လာနေ့နံနက် ၃ နာရီ ၈ မိနစ်တွင် အိမ်ဖြူတော်ဝင်းအတွင်း အလွန်နိမ့်စွာ ပျံသန်းလာပြီးနောက် ၀င်း၏ တောင်ဘက်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
    ပျက်ကျခဲ့ပြီးနောက် လုံခြုံရးများက အိမ်ဖြူတော်အား လုံးဝ ပိတ်ပစ်ခဲ့ပြီး အဆိုပါဒရုန်းကို စစ်ဆေးပြီးနောက်မှ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် သမ္မတကတော် မီရှဲတို့မှာ အိန္ဒိယသို့ ရောက်နေသော်လည်း ၎င်းတို့၏ သမီးနှစ်ယောက်မှာ အိမ်ဖြူတော်တွင် ရှိနေသည်။
    အမေရိကန်ထောက်လှမ်ရေးမှ ထုတ်ပြန်သော အစီအရင်ခံစာတွင် အဆိုပါဒရုန်းအား အပြင်တွင် ၀ယ်ယူ၍ရရှိနိုင်သည်ဟု ဖော်ပြထားသည်။
    `ချက်ခြင်း သတိပေးမှုတွေပြုလုပ်ခဲ့ပြီး အဲဒီပစ္စည်းကို စစ်ဆေးကာ ရှင်းရှင်းလင်းလင်း ဖြစ်သွားတဲ့အထိ အိမ်ဖြူတော်ကို ပိတ်ပစ်ခဲ့ပါတယ်။ အပြင်မှာဝယ်လို့ရတဲ့ ဒီပစ္စည်းရဲ့ အကြောင်း၊ ဒီဟာကို လွှတ်ရတဲ့အကြောင်းအရင်းနဲ့ သံသယရှိသူကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နေပါတယ်´ ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    နောက်ပိုင်းတွင် ထောက်လှမ်းရေးမှ သတင်းထုတ်ပြန်ရာ၌ အဆိုပါဒရုန်းအား မောင်းနှင်ခဲ့သူက မိမိတို့ထံ ဆက်သွယ်ခဲ့ကြောင်း၊ မိမိတို့က အင်တာဗျူးခဲ့ပြီး ကာယကံရှင်ကလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေကြောင်း ကနဦးတွေ့ရှိချက်များအရ အပန်းဖြေမှုအဖြစ် အသုံးပြုနေစဉ် အဆိုပါဒရုန်းမှာ ပျက်ကျခဲ့ခြင်းဟု ကောက်ချက်ချ၍ ရကြောင်း၊ စသည်တို့ ပါဝင်ခဲ့သည်။
    နယူးဒေလီသို့ ရောက်ရှိနေသည့် အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအကြီးအကဲ ဂျွန်အားန်နက်စ်ကမူ အဆိုပါ ဒရုန်းလေယာဉ်မှာ အိမ်ဖြူတော်အဆောက်အဦးအား ခြိမ်းခြောက်မှုမရှိဟု ပြောကြားခဲ့သည်။
  • အာဆင်နယ်၏ အိပ်မက်အသင်း (သို့) ၀င်းဂါး၏ လွတ်သွားသော ငါးကြီးများ
    အာဆင်နယ်၏ အိပ်မက်အသင်း (သို့) ၀င်းဂါး၏ လွတ်သွားသော ငါးကြီးများ
    ဇန်နဝါရီ ၂၇ ၊ ၂၀၁၅
    M-Media
    မိုးဝေ တင်ဆက်သည်။
    24C8CD0E00000578-2923275-Arsenal_manager_Arsene_Wenger_wants_work_permits_for_foreign_foo-a-24_1422011136197
    ပရီးမီးယားလိဂ် သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဖလားတစ်လုံး ရဖို့ကိုတောင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ အဓိကတော့ တွန်းတွန်းတိုက်တိုက်ကစားရတဲ့ ပရီးမီးယားလိဂ်လိုပြိုင်ပွဲမျိုးမှာ ကြံ့ခိုင်မှုကို ရေရှည်ထိန်းထားနိုင်တဲ့ ကစားသမားမျိုး မရှိတာ၊ ခြေစွမ်းပုံမှန်ပြနိုင်တဲ့ ကစားသမားနည်းတာ၊ အသင်းက တစ်ချို့ ကစားသမားတွေဟာ ငယ်ရွယ်လွန်းပြီး အတွေ့အကြုံ နုနယ်တာကြောင့် ပြိုင်ပွဲက Tempo မြင့်လာတဲ့အခါမှာ အမှားမှား အယွင်းယွင်း ဖြစ်တတ်တာတွေကြောင့် အာဆင်နယ်အသင်းရဲ့ ကစားပုံက များသောအားဖြင့် တက်လိုက်၊ ကျလိုက် ဖြစ်နေတတ်ပါတယ်။
    Football pitch plan illustration.
    နောက်ပြီး အာဆင်ဝင်းဂါးရဲ့ အပြောင်းအရွှေ့ပေါ်လစီကလည်း အသင်းကျရှုံးခြင်းရဲ့ အဓိကအကြောင်းအချက်တွေထဲမှာ ပါပါတယ်။ ဘဏ္ဍာရေးအကန့်အသတ်ကြောင့် ကစားသမားကောင်းတွေကို ကြေးကြီးပေးဝယ်ဖို့ အခက်တွေ့တဲ့ ၀င်းဂါးတစ်ယောက် ခေါ်ယူသင့်ခေါ် ယူထိုက်တဲ့ ကစားသမားတစ်ချို့အတွက်လည်း တွန့်ဆုတ်နေတတ်တာကြောင့် ရာသီတိုင်း အသင်းမှာ ကစားသမားတွေ လိုအပ်နေတတ်ပါတယ်။ ကစားသမားတစ်ချို့ဟာလည်း အာဆင်နယ်အသင်းကို ရောက်လုနီးနီးဖြစ်ခဲ့ပြီးမှ အခြား အသင်းကိုရောက်သွား၊ ခြေစွမ်းပြနိုင်ကာ ကမ္ဘာကျော်ကစားသမားတွေ ဖြစ်သွားတဲ့ သာဓကတွေလည်း ဒုနဲ့ဒေးရှိပါတယ်။ အဲဒီကစားသမားတွေကိုတော့ လွတ်သွားတဲ့ ငါးကြီးများလို့ သမုတ်ချင်ပါတယ်။ အာဆင်ဝင်းဂါး  အာဆင်နယ်ကို ကိုင်တွယ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် လွတ်သွားခဲ့တဲ့ ငါးကြီးတွေရဲ့ အကြောင်းကို M-Media ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
    ပီတာချက်
    —————-
    သီဘောက်ကော်တီယို့စ် ချယ်ဆီးကိုရောက်လာပြီးတဲ့နောက် ဒီနှစ်မှာ နေရာပျောက်သွားတဲ့ ချက်တစ်ယောက် အာဆင်နယ်ရောက်ကောင်းရောက်နိုင်မှာပါ။
    24CA0E2B00000578-0-image-a-13_1422010256542
    ဒါပေမယ့် ၀င်းဂါးက ချက်ကို ခေါ်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ် ကလောက်ကတည်းက စောင့်ကြည့်ခဲ့တာပါ။ အဲဒီနောက် ၂ နှစ်လောက်နေပြီးမှ ပီတာချက်ဟာ ပရီးမီးယားလိဂ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
    `ကျွန်တာ် ရန်နက်စ်အသင်းကို မရောက်ခင်တုန်းက အာဆင်နယ်ရဲ့ စောင့်ကြည်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် အလုပ်လုပ်ခွင့်ပါမစ် မရခဲ့တာကြောင့် ဒီအခွင့်အရေးကို လွဲချောခဲ့ရပါတယ်။ နောက်တစ်ခုက ကျွန်တော်ဟာ အင်္ဂလိပ်လိဂ်မှာ ကစားဖို့ လုံလောက်အောင် မကောင်းသေးဘူးလို့ အာဆင်နယ် ဘောလုံးကင်းထောက်က ထင်ပုံပါပဲ။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ ပြောင်းရွှေ့ဖို့ ဖြစ်မလာခဲ့ပါဘူး´ လို့ ချက်က The Sun သတင်းစာကို ဖွင့်ဟခဲ့ပါတယ်။
    ဂျရတ်ပီကေး
    —————-
    ဘာစီလိုနာရဲ့ ပါရမီအရှိဆုံး လူငယ်ကစားသမားဘ၀က ပီကေးကိုခေါ်ယူဖို့ အာဆင်ဝင်းဂါးက ၃ ကြိမ်တောင် ကြိုးစားခဲ့ပါသတဲ့။
    0C51F90800000578-0-image-a-2_1422010134817
    `ဖာဘရီဂက်စ်၊ မက်ဆီနဲ့ ပီကေးတို့ကို ကျွန်တော်တို့ ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမယ့် ဖာဘရီဂက်စ်အတွက်ပဲ အလုပ်ဖြစ်ခဲ့တယ်´ လို့ ၀င်းဂါးက ဖွင့်ဟခဲ့ပါတယ်။
    ပီကေးတစ်ယောက် နောက်ဆုံးမှာ အင်္ဂလန်ရောက်လာခဲ့ပေမယ့် မန်ယူမှာ မက်လောက်စရာ ခြေစွမ်းမျိုးတော့ မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဘာစီလိုနာပြန်ရောက်သွားတဲ့အခါမှာတော့ အသင်းရဲ့ အဓိကနောက်ခံလူတစ်ယောက် ဖြစ်လာခဲ့ပြီး ခေတ်သစ်ဘောလုံးလောကရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပီကေးတစ်ယောက် အခုအချိန်အထိ အကောင်းဆုံး နောက်ခံလူစာရင်းမှာ ရှိနေပါသေးတယ်။
    ဗင်းဆင့် ကွန်ပနီ
    —————-
    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးကို ဦးဆောင်နေသူ တစ်ဦးဖြစ်တဲ့ ကွန်ပနီ အန်ဒါလက်ခ်ျမှာ ကစားနေစဉ် ၂၀၀၆ ခုနှစ်လောက်က ဥရောပအသင်းကြီး အများအပြားက ခေါ်ဖို့ ကြိုးစားခဲ့ပြီး အဲဒီမှာ အာဆင်နယ်လည်း ပါဝင်ခဲ့ပါတယ်။
    1DC1464800000578-0-image-a-3_1422010158953
    `ရီးယဲလ်မက်ဒရစ်က အီမီလီယို ဘူထရာဂီနို၊ ဘာစီလိုနာက အကြီးအကဲတွေနဲ့ တွေ့ခဲ့ပြီး အာဆင်နယ်က အာဆင်ဝင်းဂါးနဲ့လည်း တွေ့ခဲ့ ပါတယ်။ ဒါပေမယ့် ဗင်းဆင့်တစ်အသင်းကြီးတစ်သင်းကို ချက်ခြင်းပြောင်းရွှေဖို့ဆိုတာ မှန်ကန်တော့ အဖြေတစ်ခုတော့ မဟုတ်ပါဘူး။ သူ့ကို့ အရေးမပေးတဲ့ အခြေအနေမျိုးမှာ သူနေတတ်မှာ မဟုတ်ပါဘူး။ ဗင်းဆင့်ဟာ တတိယဦးစားပေးကစားသမားမျိုးမဟုတ်ပါဘူး။ ဒါ့ကြောင့်ပဲ ဟမ်းဘတ်မှာရှိနေခဲ့တာပါ´
    အခုတော့ ကွန်ပနီတစ်ယောက် မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး နောက်ခံ လူတွေထဲက တစ်ယောက်လည်း ဖြစ်လို့နေပါပြီ
    ကလော်ဒီ မက်ခီလီလီ
    —————————-
    ကွင်းလယ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ခုနောက်ပိုင်း ကွင်းလယ်ကို စိုးမိုးနိုင်တဲ့သူကို မက်ခီလီလီ နာမည်နဲ့ တင်စားဖော်ပြကြပါတယ်။ တိုက်စစ်နဲ့ခံစစ်ကို ထိန်းညှိပေးနိုင်တဲ့ မက်ခီလီလီကို အာဆင်ဝင်းဂါးတစ်ယောက် ခေါ်ယူဖို့ ကြိုစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
    Chelsea v Arsenal
    `မက်ခီလီလီက ကျွန်တော်တို့နဲ့စာချုပ်ချုပ်ဖို့ တော်တော်လေး နီးစပ်ခဲ့ပါတယ်။ ၁၉၉၆ ခု သြဂုတ်လ ဗီယာရာရောက်လာပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက သူ ပြင်သစ်ကလပ် နန်တီအသင်းမှာပဲ ရှိပါသေးတယ်´ လို့ ၀င်းဂါးက ပြောပါတယ်။
    အာဆင်နယ်ကို မရောက်ခဲ့တဲ့ မက်ခီလီလီတစ်ယောက် မာဆေးလ်၊ ဆဲလ်တာဗီဂို၊ ရီးယဲလ်နဲ့ ချယ်ဆီးတို့မှာ အောင်မြင်မှုသရဖူဆောင်းခဲ့ပြီး အခုတော့ အနားယူသွားခဲ့ပါပြီ။
    ယာယာတိုးယေး
    —————-
    ၂၀၀၃ ခုနှစ်က ကစားခဲ့တဲ့ ဘားနက်အသင်းနဲ့ ခြေစမ်းပွဲမှာ အာဆင်နယ်အသင်းနဲ့အတူ ပါဝင်ခဲ့တဲ့ တိုးယေးဟာ ၀င်းဂါးခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ ကစားသမားတစ်ဦးပါပဲ။
    Arsenal_missed_transfer_XI_Cristiano_Ronaldo,_Lionel_Messi,_Angel_di_Maria_and_more_Daily_Mail_Online_-_2015-01-27_17.52.11
    အကိုဖြစ်သူ ကိုလိုတိုးယေးရှိတဲ့ အာဆင်နယ်မှာ အစမ်းလာကစားခဲ့ပြီး အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အလုပ်လုပ် ခွင့်ပါမစ်ကြောင့် ဒီခေါ်ယူမှု ပျက်ခဲ့ရပါတယ်။
    `(မခေါ်ယူနိုင်လို့ နောင်တရခဲ့တဲ့) စာရင်းမှာ တိုးယေးဟာ ထိပ်ဆုံးကပါပဲ။ ဒါပေမယ့် ယာယာတိုးယေးဟာ ကျွန်တော်တို့နဲ့ သဘောတူညီချက် ရခဲ့တယ်ဆိုတာကိုတော့ မေ့ပစ်လို့မရပါဘူး။ ပြီးတော့ ကျွန်တော်တို့ စာချုပ်မချုပ်ချင်လို့ သူ ယူကရိန်းကို ရောက်သွားတာ မဟုတ်ပါဘူး။ ဘယ်လ်ဂျီယံက သူ့နိုင်ငံကူးလက်မှတ်ကို ကျွန်တော်တို့ စောင့်ခဲ့တာပါ။ ကျွန်တော်တို့ အမှားတွေရှိခဲ့ပြီး (ယူကရိန်းကလပ်) မီတာလာရ် ဒွန်တက်စ်ကို သူရွေးချယ်သွားတာက သူ့အပြစ်မဟုတ်ပါဘူး။ အဲဒီမှာက နိုင်ငံကူးလက်မှတ်မရှိဘဲ ကစားနိုင်တယ်လေ´ လို့ လွတ်သွားတဲ့ ငါးကြီးနဲ့ ပတ်သက်ပြီး ၀င်းဂါးက ဖွင့်ဟခဲ့ပါတယ်။
    အိန်ဂျဲလ် ဒီမာရီယာ
    ———————
    သိပ်မကြာခင်ကပဲ လွတ်သွားတဲ့ ဒီငါးကြီးအကြောင်းကို ဖွင့်ဟခဲ့တာပါ။ ရီးယဲလ်မှာ အကောင်းဆုံး အသုံးတော်ခံခဲ့ပြီး ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဒီမာရီယာတစ်ယောက် ပြီးခဲ့တဲ့ နွေရာသီက မန်ယူကို ပေါင် သန်း ၆၀ နဲ့ ရောက်လာခဲ့ပါတယ်။
    24F09E5400000578-0-image-a-10_1422010222089
    `သူ့အသက် ၁၇ နှစ်လောက်ကတည်းက ကျွန်တော်တို့ တွေ့တာပါ။ သူ့ကို ဒီကိုလာဖို့ ကျွန်တော်တို့ ဆန္ဒရှိခဲ့ပေမယ့် သူ ပေါ်တူဂီကို သွားလိုက်ပါတယ်။ ပေါ်တူဂီကနေ တစ်ဆင့် စပိန်ကို ရောက်သွားပါတယ်။ ဘာ့ကြောင့်ပါလဲ? သူ ဒီမှာ အလုပ်လုပ်ခွင့်ပါမစ် မရလို့ပါဘဲ´
    ဒါက ဘာကိုပြသလဲဆိုတော့ ငွေးကြေးအများကြီးတန်မှ ဒီမာရီယာတစ်ယောက် အင်္ဂလန်ရောက်ခွင့် ရတယ်ဆိုတာပါပဲ။
    ဂါရက်ဘေးလ်
    —————-
    ၂၀၀၆ ခုနှစ် ဆောက်သက်တမ် အကယ်ဒမီကနေ ဝေါလ်ကော့ကို ခေါ်တဲ့အချိန် အဲဒီတုန်းက နောက်တန်း ဘယ်အစွန်မှာကစားတဲ့ ဘေးလ်ကို မခေါ်လိုက်နိုင်တာဟာ ကြီးမားတဲ့ အမှားတစ်ခုလို့ ၀င်းဂါးက ၀န်ခံခဲ့ပါတယ်။
    202D022500000578-0-image-a-11_1422010226413
    အသင်းမှာ အက်ရှ်လေကိုးလ်၊ ကလစ်ချီတို့ ရှိနေတာကြောင့် မလိုအပ်သေးဘူးလို့ ဆုံးဖြတ်ခဲ့ပါသတဲ့။ အဲဒီနောက်ပိုင်း စပါးကိုရောက်လာတဲ့ ဘေးလ်တစ်ယောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာခဲ့ပြီး ရီးယဲလ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းအထိ ပေးခေါ်ခဲ့ရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါတော့တယ်။
    `ကွင်းလယ်မှာကစားနိုင်တဲ့သူ့ကို မခေါ်မိခဲ့တာက ကြီးမားတဲ့အမှားတစ်ခုလို့  ကျွန်တော်ဝန်ခံပါတယ်။ စပါးမှာ သူစကစားတုန်းက ရုန်းကန်ခဲ့ရပါတယ်။ အဲဒီနောက် သူ ကွင်းလယ်မှာဝင်ကစားခဲ့ပြီး ခြွင်းချက်မရှိလောက်အောင် ကောင်းခဲ့ပါတယ်။ ကစားသမားတစ်ဦးရဲ့ဘ၀ဟာ မှန်ကန်တဲ့နေရာမှာ ကစားရတဲ့အပေါ်မှာလည်း မူတည်ပါ´ လို့ ၀င်းဂါးက ပြောခဲ့ပါတယ်။
    ခရစ္စတီယာနိုရော်နယ်ဒို
    —————————-
    0B44734800000514-2923275-image-a-29_1422011333899
    `သူ ဒီကိုရောက်လာဖို့ အရမ်းကို နီးစပ်ခဲ့ပါတယ်။ နံပါတ် ၉ နဲ့ အာဆင်နယ်ဂျာစီတစ်ထည်တောင် သူရခဲ့ပါသေးတယ်။ ပြဿနာက (မန်ယူလက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပေါ်တူဂီနိုင်ငံသား) ကွီယော့ဇ် မန်ယူရောက်သွားတာပါပဲ။ သူက ရော်နယ်ဒိုကို လစ္စဘွန်းမှာကတည်း သိနေတာကြောင့် ကျွန်တော်တို့ဆီကနေ မန်ယူက လုသွားတာပါ။ ဘ၀ဆိုတာ ဒီလိုပါပဲ။ ခင်ဗျားက အကောင်းဆုံး ပေးဆပ်ပေမယ့် တစ်ခါတစ်လေကျတော့လည်း ခင်ဗျားထက် ပိုသာတဲ့သူတွေ ကို တွေ့ရတာပါပဲ။ ဖြစ်တတ်ပါတယ်´
    ရော်နယ်ဒိုနဲ့ပတ်သက်လို့ ၀င်းဂါးက ပြောခဲ့တာပါ။
    လီယွန်နယ် မက်ဆီ
    ———————-
    ဘာကာစတား မက်ဆီကို အသက် ၁၆ နှစ်အရွယ်မှာ အာဆင်နယ်က ခေါ်ခွင့်ရတာပါ။ မက်ဆီကို ခေါ်ယူခွင့် ဆုံးရှုံးခဲ့တာကတော့ အသင်းနဲ့နီးတဲ့နေရာမှာ မက်ဆီနဲ့ မိသားစု နေထိုင်နိုင်တဲ့ တိုက်ခန်းတစ်ခုကို အာဆင်ဝင်းဂါးက မစီစဉ်ပေးနိုင်လို့ဆိုပြီး သတင်းတွေက ဖော်ပြကြပါတယ်။ ဒါပေမယ့် အာဆင်ဝင်းဂါးကတော့ ဒီထက်ပိုရှုပ်ထွေးတယ်လို့ ဆိုပါတယ်။
    23DA109E00000578-2923275-image-a-32_1422011364082
    `အဆုံးမှာ သူက ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်မှု မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ဖာဘရီဂက်စ်လည်း အသင်းကိုရောက်နေပြီး၊ သူတို့နှစ်ယောက်က တစ်သင်းထဲမှာ ကစားခဲ့ကြသူတွေပါ။ တိုက်ခန်းကိစ္စကြောင့်တော့ မဟုတ်ပါဘူး။ နောက်ဆုံး မက်ဆီဟာ ဘာကာမှာ အထိုင်ကျသွားတာလည်း ပါပါတယ်´
    ဒရော့ဘာ
    ————
    အာဆင်နယ်နည်းပြသက်တမ်းတစ်လျှောက်လုံးမှာ အပေးဆပ်ရဆုံး အပြောင်းအရွှေ့အမှားတစ်ခုလို့ ၀င်းဂါးက ၀န်ခံခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ပေါင် ၁ သိန်းလောက်နဲ့ ဒရော့ဘာကို ခေါ်ယူနိုင်မယ့်အခွင့်အရေးကို လက်လွှတ်လိုက်ရလို့ပါ။
    0B765794000005DC-0-image-a-19_1422010684117
    အဲဒီအချိန်က ဒရော့ဘာတစ်ယောက် ပြင်သစ်ကလပ် လီမန့်စ်မှာ ကစားနေချိန်ဖြစ်ပြီး ၀င်းဂါးရဲ့ ဘောလုံးကင်းထောက်ကလည်း ပုံမှန် သွားသွားကြည့်နေပါတယ်။ ဒါပေမယ့် ၀င်းဂါးကတော့ ၀ယ်ဖို့ ငြင်းခဲ့ပါတယ်။
    ချယ်ဆီးက ဒရော့ဘာကို ၂၀၀၄ ခုနှစ်မှာ မာဆေးလ်ကနေ ခေါ်ယူခဲ့ပြီး အဲဒီအချိန် ဒရော့ဘာရဲ့ တန်ကြေးဟာ ပေါင် ၂၄ သန်း ရှိနေပါပြီ။ ဒီနေ့ခေတ်မှာတော့ ပေါင် ၁ သိန်းဆိုတာဟာ ဒရော့ဘာရဲ့ တစ်ပါတ်လုပ်ခတောင် မရှိတော့ပါဘူး။
    ဇလာတန်အီဗရာဟီမိုဗစ်
    —————————–
    အသက် ၁၆ နှစ်အရွယ် ကစားသမားတစ်ယောက်ကို ပရီးမီးယားလိဂ်မှာ အစမ်းကစားခိုင်းတယ်ဆိုတာ သိပ်မရှိပါဘူး။ ဒါပေမယ့် သာမန်ကစားသမားမဟုတ်တဲ့ အီဗရာဟီမိုဗစ်တစ်ယောက် ဒီလိုအခွင့်အရေးမျိုး ရခဲ့ပါတယ်။
    Arsenal_missed_transfer_XI_Cristiano_Ronaldo,_Lionel_Messi,_Angel_di_Maria_and_more_Daily_Mail_Online_-_2015-01-27_17.53.12
    `အာဆင်ဝင်းဂါးက ကျွန်တော့်ကို အာဆင်နယ်အင်္ကျီ ပေးခဲ့ပါတယ်။ နံပါတ် ၉ အင်္ကျီဖြစ်ပြီး `အီဗရာဟီမိုဗစ်´လို့လည်း နာမည်ထိုးထားပါတယ်။ ကျွန်တော်သိပ်ပျော်ခဲ့ပြီး ဒီအင်္ကျီနဲ့ ဓာတ်ပုံတောင် ရိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ(၀င်းဂါးက)က `မင်းဘယ်လောက်ကောင်းလဲဆိုတာ၊ ဘယ်လိုကစားသမားမျိုးလဲဆိုတာ ငါကြည့်ချင်တယ်။ အစမ်းကစားကြည့်´လို့သာ ပြောပြီး  ပိုပြီးသေချာတဲ့ ကမ်းလှမ်းမှုမျိုးတော့ မလုပ်ခဲ့ပါဘူး။ ကျွန်တော်မယုံကြည်နိုင်ခဲ့ဘူး။ ကျွန်တော်က `ရပါတယ်။ ဇလာတန်က စစ်ဆေးရမယ့် ကစားသမားမျိုးမဟုတ်ဘူး´ ဆိုတာမျိုးကို လိုချင်တာပါ´ လို့ အာဆင်နယ်နဲ့ပတ်သက်ခဲ့တဲ့ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို အီဗရာဟီမိုဗစ်က ပြောခဲ့ပါတယ်။
    ဒီလူတွေသာ အာဆင်နယ်ကို ရောက်ခဲ့ကြမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ အာဆင်နယ်ဟာ ဖလားပေါင်းများစွာကို ပိုင်ဆိုင်ပြီး ဥရောပမှာ ဒီထက်ပိုပြီး သြဇာညောင်းနိုင်မယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းမယ့်လူ မရှိလောက်ဘူးလို့ ထင်ကြောင်းပါ……………..
    ref: Daily Mail
  • Microsoft မှ ထုတ်ကုန်ပစ္စည်း အသစ် HoloLens မိတ်ဆက်
    Microsoft မှ ထုတ်ကုန်ပစ္စည်း အသစ် HoloLens မိတ်ဆက်
    ဇန်နဝါရီ ၂၇၊ ၂၀၁၅
    M-Media
    hololens002
    Microsoft ရဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Windows 10 မိတ်ဆက်ပြသပွဲမှာ ထုတ်ကုန်အသစ်တစ်မျိုးကိုလည်း ပွဲထုတ်ပြသခဲ့ပါတယ်။
    အဲ့ဒီပစ္စည်းကတော့ သိပ္ပံ ရုပ်ရှင်တွေ မှာ မြင်ရလေ့ရှိတဲ့ Hologram ပုံရိပ်မျိုးကို တွေ့မြင်နိုင်အောင် တပ်ဆင်ရမယ့် မျက်မှန်တစ်မျိုး ဖြစ်ပါတယ်။
    ဒါဟာ ပုံရိပ်ယောင်မြင်ကွင်းစစ် ကိရိယာ Oculus Rift နဲ့မတူပါဘူး။ Oculus Rift ကတော့ တပ်ဆင်သူက ပြင်ပလောကကို မမြင်ရတော့ဘဲ ကွန်ပြူတာ မြင်ကွင်းကိုပဲ မြင်ရပါတယ်။
    ဒီ Microsoft ရဲ့ HoloLens ကတော့ အဝေးကနေ ဗွီဒီယို ဆွေးနွေးပွဲနည်းပညာနဲ့ ဆွေးနွေးမယ့်သူ တစ်ယောက်ဟာ ပုံမှန်ဆွေးနွေးပွဲ မှာ တက်ရောက်သလို မြင်ရမှာ ဖြစ်ပါတယ်။
    ပထမဆုံး အသုံးချ သရုပ်ပြပွဲ အဖြစ် NASA ရဲ့ အင်္ဂါဂြိုဟ်ပေါ်က Curiosity Roverရဲ မြင်ကွင်းတွေကို အသုံးပြုပြီး အင်္ဂါဂြိုဟ်ပေါ်ကိုယ်တိုင် ရောက်ရှိသွားသလို စမ်းသပ်ပြခဲ့ပါတယ်။
    ကြည့်ရှုနိုင်တဲ့အပြင် Curiosity Rover ကို လက်ဟန် အမူအရာ ပြသနည်းတွေနဲ့ အမိန့်ပေးခိုင်းစေနိုင်မှာ ဖြစ်တဲ့အတွက် မြင်ကွင်းထဲက အရာဝထ္ထုတွေနဲ့ ထိတွေ့တုန့်ပြန် နိုင်တဲ့ သဘောကို ဆောင်ပါတယ်။
    ဒီ HoloLens မျက်မှန်မှာ အသံ၊ အရုပ်၊ အနီးအဝေး၊ လှုပ်ရှားမှု အာရုံခံကိရိယာတွေ တပ်ဆင်ထားပါတယ်။ ကွန်ပြုတာနဲ့ ဆက်သွယ်မှုကတော့ ကြိုးမဲ့ ဖြစ်ပါတယ်။
    HoloLens ကို Windows 10 ရောင်းချတဲ့ အခါမှ ရောင်းချမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ မကြေငြာသေးပါဘူး။
    – daythanix တင်ဆက်သည်။
  • ဂျာမနီဘောလုံးသမား တစ်ဦး အစ္စလာမ်ကို ပြောင်းလဲ လက်ခံ
    ဂျာမနီဘောလုံးသမား တစ်ဦး အစ္စလာမ်ကို ပြောင်းလဲ လက်ခံ
    ဇန်န၀ါရီ  ၂၇၊၂၀၁၅
    26-1-15_German-Footballer-Reverts-to-Islam
    ဂျာမနီနိုင်ငံရှိ ဘွန်ဒက်လီဂါ  ဒုတိယတန်း အသင်း တစ်သင်း ဖြစ်တဲ့ 1.FC နုရင်ဘတ်အသင်း ကစားသမား ဒန်နီဘလမ်း ဟာ အစ္စလာမ်သာသနာကို ပြောင်းလဲလက်ခံယုံကြည်လာခဲ့ကြောင်း သိရပါတယ်။
    “အစ္စလာမ်က ကျွန်တော်ကို မျှော်လင့်ချက်နဲ့ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းပါတယ်။ ၀တ်ပြုမှုတွေက ကျွန်တော့် စိတ်ဝိညာဉ်ကို ငြိမ်းချမ်းစေပါတယ်။” လို့ ဇန်န၀ါရီ ၂၆ ရက်နေ့က Bild သတင်းစာကို အသက် ၂၄ နှစ်အရွယ် ဘလမ်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
    10940475_1581456185399817_1252526282040848253_n
    1.FC နုရင်ဘတ်အသင်းမှာ ကျောနံပတ် ၇ ကို ၀တ်ဆင်တဲ့ ရှေ့တန်းနဲ့ အလယ်တန်းကစားသမား ဘလမ်းဟာ ဘာဗေးရီးယား အခြေစိုက်အသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြောင်းရွှေ့ကစားခဲ့ပါတယ်။ မကြာမီမှာပဲ ဒူးဒဏ်ရာကြောင့် ၆ လ အနားယူခဲ့ရပါတယ်။
    သူဟာ ရခဲ့တဲ့ ဒဏ်ရာကြောင့် စိတ်တိုလွယ်ပြီးတော့ စိတ်လည်း ပုံမှန်မထားနိုင်ခဲ့ပါဘူး။ စည်းစိမ်အပုံလိုက်ပေါ်မှာ ထိုင်နေရပေမယ့် ဘယ်အရာအတွက်မဆို ဘာတာဝန်ယူရမှုမျိုးမှ မရှိခဲ့ရပါဘူး။ ကစားသမားဘ၀က အနားယူပြီးချိန်မှာ ဘာတွေဖြစ်လာမလဲ ဆိုတဲ့မေးခွန်းက ဘလမ်းကို အချက်ပေးခေါင်းလောင်းထိုးနေသလို ဖြစ်နေစေပါတယ်။ သူထိုင်တွေးခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ ဘာသာတရားအကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ပြီးနောက်မှာ ဗလီဝတ်ကျောင်းတစ်ခုကို သွားရောက်လည်ပတ်ခဲ့ချိန်မှာတော့ သူ့ဆုံးဖြတ်ချက်တွေဟာ လုံးဝ ခိုင်မာသွားခဲ့ပါတယ်။
    “ဒီနေရာမှာ ကျွန်တော့်နှလုံးသားတွေ နိုးထခဲ့ရပါတယ်။ ဒီနေရာဟာ ကျွန်တော့်နေရာပါပဲ။ အစ္စလာမ်ကိုလည်း ပိုပြီးသိလိုစိတ် ပြင်းပြလာခဲ့ပါတယ်။” လို့ ဘလမ်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
    ဒဏ်ရာရပြီး ရက်သတ္တပတ်အနည်းငယ်မှာပဲ သူဟာ အစ္စလာမ်ကို လက်ခံခဲ့ပါတယ်။ နေ့စဉ်ဝတ်ပြုကာ ဟာလာလ် သန့်ပြန့်တဲ့ အစားအအစာတွေကို စတင်ရွေးချယ်ခဲ့ပါတော့တယ်။ ခရစ်ယာန်ဘာသာဝင် မိဘနှစ်ပါးကိုလည်း သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သူဖွင့်ပြောပြခဲ့ပါတယ်။
    “အစ္စလာမ်ဟာ ငြိမ်းချမ်းလှတဲ့ သာသနာတစ်ခုပါ။ ကျွန်တော့်သာသနာက – လူတစ်ယောက်မလုပ်ချင်တာကို အတင်းအဓမ္မ မလုပ်စေဖို့ သွန်သင်ထားပါတယ်။ ထပ်ပြီးစဉ်းစားကြည့်ရင် ယုံကြည်ကိုးကွယ်မှုဆိုတာက နှလုံးသားထဲက သူ့အလိုလို ဖြစ်ပေါ်လာတတ်တဲ့ အရာဖြစ်ပါတယ်။ ဘယ်အရာကိုမှ အတင်းအဓမ္မ ယုံကြည်စေလို့ မရပါဘူး” လို့ အသက် ၂၄နှစ်သား ဂျာမန်ဘောလုံးသမားလေး ဘလမ်းက ပြောပြသွားတာကို ဘာသာပြန် တင်ပြလိုက်ပါတယ်။
    ဆွေမွန်
    ၂၇ ဇန်န၀ါရီ ၂၀၁၅
    REF: onislam and wiki