ဇန်န၀ါရီ ၂၉၊ ၂၀၁၅
M-Media
– ပြင်သစ်မဂ္ဂဇင်း Charlie Hebdo တွင်ဖော်ပြထားသည့် တမန်တော်မိုဟာမက် ကာတွန်းအား တူရကီရှိ Facebook သုံးစွဲသူများအတွက် ပိတ်ပင်ပေးထားရန် Facebook က သဘောတူညီခဲ့သည်ဟု သိရသည်။
`ဒီကုမ္ပဏီဟာ အမေရိကန် အခြေစိုက်ဖြစ်ပေမယ့် သူ့ကိုအသုံးပြုသူတွေက ကမ္ဘာတစ်ဝှမ်းမှာရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ဒေသတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို လေးစားရပါမယ်။ တိုင်းပြည်ရဲ့ ဥပဒေကို သူတို့ မဖြစ်မနေလိုက်နာရပါမယ်။ အဓိက ကတော့ ပွင့်လင်းမြင်သာမှုပါပဲ´ ဟု ဆာရေး တက္ကသိုလ်မှ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ အလန်ဝုဒ်ဝါ့ဒ်က ပြောကြားခဲ့သည်။
အဆိုပါကာတွန်းအား မပိတ်ပေးပါက Facebook တစ်ခုလုံးကို ပိတ်ပစ်မည်ဟု တူရကီတရားရုံးက ပြောကြားခဲ့ပြီးနောက်ပိုင်း Facebook မှ ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။ တူရကီတွင် Facebook သုံးစွဲသူအရေအတွက်မှာ သန်း ၄၀ ၀န်းကျင်ရှိမည်ဟု ခန့်မှန်းရပြီး လူငယ်လူဦးရေ မြင့်တက်လာမှုနှင့် စီပွားရေးတိုးတက်လာမှုတို့ကြောင့် ထိုအရေအတွက်မှာ တိုးလာဖွယ်ရှိနေသည်။
Facebook သုံးစွဲသူများအတွက် ဖော်ပြမှုအချို့ကို ကန့်သတ်ပေးရန် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံများ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို Facebook က ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်မှုတွင် တူရကီက ပြီးခဲ့သည့်နှစ် ဇန်န၀ါရီမှ ဇွန်လအထိ အကြိမ်ပေါင်း ၁၈၉၃ ကြိမ် ကန့်သတ်ရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။ ၂၀၁၄ အစောပိုင်းကလည်း တူရကီမှာ Twitter နှင့် Youtube နှစ်ခုစလုံးကို ခေတ္တ ပိတ်ပင်ခဲ့ဖူးသည်။
Ref: onislam


Leave a Reply
You must be logged in to post a comment.