News @ M-Media

Blog

  • တမန်တော်မိုဟာမက်၏ ကာတွန်းအတွက် Charlie Hebdo ကို OIC တရားစွဲမည်

    တမန်တော်မိုဟာမက်၏ ကာတွန်းအတွက် Charlie Hebdo ကို OIC တရားစွဲမည်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    oic

    – ပြင်သစ်မဂ္ဂဇင်း Charlie Hebdo မှ တမန်တော်မိုဟာမက်၏ ရုပ်ပြောင်ကာတွန်း ထပ်မံ ရေးဆွဲဖော်ပြမှုနှင့် ပတ်သက်၍ တရားစွဲဆိုသွားမည်ဟု ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံများ အဖွဲ့ဖြစ်သည့် OIC က ပြောကြားလိုက်သည်။

    `Charlie Hebdo မဂ္ဂဇင်းကို ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ဖို့အတွက် ဥရောပနဲ့ ပြင်သစ်က ဥပဒေတွေ၊ အခြားသော ရနိုင်တဲ့ နည်းလမ်းတွေကို OIC က လေ့လာနေပါတယ်။ ပြင်သစ်ဥပဒေက Charled Hebdo မဂ္ဂဇင်းကို ဥပဒေကြောင်းအရ ရင်ဆိုင်ခွင့် ပေးမယ်ဆိုရင် ဒီမဂ္ဂဇင်းကိုတရားစွဲဖို့ OIC က တွန့်ဆုတ်နေမှာမဟုတ်ပါဘူး´ ဟု OIC ၏ အထွေထွေအတွင်းရေးမှူး အီယဒ် မဒနီက ဆော်ဒီသတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။

    သေနတ်သမားများ၏ တိုက်ခိုက်မှုအပြီး ပထမဆုံးဖြန့်ချီခဲ့သည့် အဆိုပါ မဂ္ဂဇင်း၏ အဖုံးတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံအား ထပ်မံဖော်ပြခဲ့ပြီး ထိုသို့ဖော်ပြမှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်အဖွဲ့အစည်းများ၊ မွတ်စလင်ခေါင်းဆောင်များနှင့် ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြမှုများလည်း ရှိခဲ့သည်။

    ၎င်း၏ ကိုယ်ပိုင် Twitter စာမျက်နှာတွင်လည်း မဒနီက `ဒီကာတွန်းဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်တွေရဲ့ စိတ်နှလုံးသားကို နာကျင်စေပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ဆိုပေမယ့် အမုန်းတရားဖြန့်ဖြူးတာမျိုးတော့ မဖြစ်ရပါဘူး။ ပြီးတော့ တခြားသူတွေကို စော်ကားလို့ မရပါဘူး။ ဘယ်လိုဘာသာတရား၊ ဘယ်လိုယုံကြည်ချက်မဆို စိတ်ကောင်းစေတနာနဲ့ သက်ဝင်ယုံကြည်ထားကြသူတွေဟာ သူတို့ရဲ့ အယူဝါဒ လှောင်ပြောင်ခံရတာကို လက်ခံမှာ မဟုတ်ပါဘူး´ ရေးသားဖော်ပြခဲ့သည်။

    Charlie Hebdo မဂ္ဂဇင်းမှ ကာတွန်းဆရာများမှာ ယခင်ကလည်း တမန်တော်မိုဟာမက်နှင့် အစ္စလာမ်ဘာသာအပါအ၀င် အခြားသော ဘာသာတရာများကို စော်ကားလှောင်ပြောင်သည့် ရုပ်ပြောင်များကို ရေးဆွဲဖော်ပြလေ့ ရှိခဲ့သည်။

    OIC မှာ ယခင်ကလည်း အစ္စလာမ်ဘာသာအပါအ၀င် ကမ္ဘာ့ဘာသာတရားများအား အသရေဖျက်ခြင်းမှ ကာကွယ်ပေးရန်နှင့် ဘာသာတရားအားလုံးအပေါ် လေးစားမှုများ ရှိလာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂသို့ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းမှုများလည်း ရှိခဲ့သည်။

    Ref: onislam

  • ဂျရတ် လီဗာပူးလ်မှ ထွက်ခွာမည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု မော်ရင်ဟိုဆို

    ဂျရတ် လီဗာပူးလ်မှ ထွက်ခွာမည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု မော်ရင်ဟိုဆို

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    grd

    – လီဗာပူးလ်ကွင်းလယ်လူဂျရတ်မှာ ယခုနှစ်ရာသီကုန်တွင် ပရီးမီးယားလိဂ်မှ ထွက်ခွာတော့မည်အတွက် မိမိနေဖြင့် ၀မ်းနည်းမိသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ၂၀၁၄-၂၀၁၅ ခုနှစ် ဘောလုံးရာသီကုန်တွင် လီဗာပူးလ်၏ သက်တော်ရှည်ကစားသမား ဂျရတ်မှာ အမေရိကန်မေဂျာလိဂ်ကလပ် LA Galaxy အသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။ ၂၀၀၅ ခုနှစ် ချယ်ဆီးသို့ စရောက်စဉ်က ဂျရတ်အား ခေါ်ယူရန် ကြိုစားခဲ့ဖူးသည့် မော်ရင်ဟိုက ဂျရတ် ပရီးမီးယားလိဂ်မှ ထွက်ခွာသွားခြင်းကြောင့် ပရီးမီးယားလိဂ်မှာ အားနည်းသွားလိမ့်မည်ဟု ဆိုသည်။

    `သူထွက်သွားမှာကို ကျွန်တော် မပျော်ရွှင်ပါဘူး။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားတွေ စုနေတာကိုပဲ ကျွန်တော် နှစ်သက်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် လိုအပ်တဲ့အရည်အသွေးထက် ပိုရှိနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ကျွန်တော့်ရဲ့ ပြိုင်ဘက်အသင်းက ဖြစ်ပေမယ့် သူထွက်သွားတော့မယ်ဆိုတာအတွက်
    ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်´ ဟု မော်ရင်ဟိုက လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ လီဗာပူးလ်နှင့် ၁ ဂိုးစီ သရေကျခဲ့သည့် ပွဲအပြီးတွင် BBC Radio 5 Live သို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီက ချယ်ဆီးမှထွက်ခွာသွားခဲ့သည့် လမ်းပတ်မှာ မန်စီးတီးတွင် ခြေစွမ်းပြနေပြီး၊ ဂျရတ်ကိုလည်း ချယ်ဆီးသို့ ခေါ်ယူရန် ဖြစ်နိုင်မည်လားဟု မေးမြန်းရာ မော်ရင်ဟိုက အငှားဖြင့် ခေါ်ယူရန် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု အရွှန်းဖောက်ပြောကြားခဲ့သည်။

    Ref: goal.com

  • နှစ်ကူးအကြိုည ရှန်ဟိုင်းလူသေမှုအတွက် တာဝန်ရှိသူ ၁၁ ဦးကို တရုတ်အစိုးရ အပြစ်ပေး

    နှစ်ကူးအကြိုည ရှန်ဟိုင်းလူသေမှုအတွက် တာဝန်ရှိသူ ၁၁ ဦးကို တရုတ်အစိုးရ အပြစ်ပေး

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    Officials attend a news conference releasing the investigation results of the deadly stampede during New Year Eve celebrations on the Bund, in Shanghai

    – ၂၀၁၅ နှစ်သစ်ကူးအကြိုညက ရှန်းဟိုင်းတွင်ဖြစ်ပွားခဲ့သည့် လူများ စုပြုံတိုးဝှေ့ သေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသူ ၁၁ ဦးကို အပြစ်ပေးအရေးယူခဲ့သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

    အပြစ်ပေးအရေးယူခံရသူများတွင် အခင်းဖြစ်ပွားခဲ့ရာ ဟွမ်ပူးခရိုင် ကွန်မြူနစ်ပါတီ ဥက္ကဌနှင့် ၎င်း၏ လက်ထောက်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်ပြီး ဟွမ်ပူး ပြည်သူ့လုံခြုံရေး အကြီးအကဲဖြစ်သူနှင့် ခရိုင်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ စုစုပေါင်း လေးဦးပါဝင်ပြီး ၎င်းတို့အား သက်ဆိုင်ရာ ရာထူးများမှ အသီးအသီး ထုတ်ပယ်ခဲ့သည်။

    ထို့ပြင် ခရီးသွားလာရေး၊ ပြည်သူ့လုံခြုံရေး၊ မြို့ပြ စီမံခန့်ခွဲရေး စသည့်ဌာနများမှ စုစုပေါင်းဝန်ထမ်း ၇ ဦးကိုလည်း အပြစ်ပေး အရေးယူမှုများ ပြုလုပ်ခဲ့သည်ဟု Shanghai CPC စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ယနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    လူများစုပြုံတိုးဝှေ့မှုမှာ နှစ်သစ်အားကြိုဆိုရန် စောင့်စားနေသည့်အချိန် ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်တွင် ရှန်ဟိုင်းရှိ သမိုင်းဝင် ကမ်းနားလျှောက်လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ကာ ၄၉ ဦး ဒဏ်ရာရရှိခဲ့သည်။

    အခင်းဖြစ်ပွားချိန်တွင် ခရိုင်ကွန်မြူနစ်ပါတီအကြီးအကဲနှင့် လက်ထောက်အကြီးအကဲတို့မှာ အခင်းဖြစ်ပွားရာအနီးရှိ စားသောက်ဆိုင် တစ်ခုတွင် ဒေသတွင်း ရင်းနှီးမြှုပ်နှံသူအချို့နှင့် ပျော်ပွဲစားနေကြသည်။

    စုံစမ်းရေးကော်မရှင်က ထုတ်ပြန်သော အစီရင်ခံစာ၌ လုံခြုံရေးအားနည်းမှု၊ုများပြားသော ပြည်သူများအတွက် ကြိုတင်စီစဉ်ထားမှု မရှိခြင်းနှင့် လုံလောက်သော စီမံခန့်ခွဲမှု မရှိခြင်းတို့ကြောင့် သေဆုံး ဒဏ်ရာရမှုများ ပိုမိုများပြားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    Ref: xinhua

  • ၂၀၀၃ က ပျောက်သွားသည့် အာကသယာဉ် အင်္ဂါဂြိုဟ်ပေါ်တွင် ပြန်တွေ့

    ၂၀၀၃ က ပျောက်သွားသည့် အာကသယာဉ် အင်္ဂါဂြိုဟ်ပေါ်တွင် ပြန်တွေ့

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    be 2

    – ဆယ်စုနှစ်တစ်ခုကျော်ကြာ ပျောက်ဆုံးသွားခဲ့သည့် ယူကေမှ အာကသယာဉ်ငယ်တစ်ခုကို အင်္ဂါဂြိုဟ်ပေါ်တွင် ပြန်လည်တွေ့ရှိခဲ့သည် ဟု ယူကေ အာကသအေဂျင်စီက ဇန်န၀ါရီ ၁၆ ရက် သောကြာနေ့တွင် ပြောကြားလိုက်သည်။

    Beagle 2 ဟု အမည်ရသည့် အဆိုပါ ဂြိုဟ်ဆင်းယာဉ်ငယ်အား နာဆာ၏ အင်္ဂါဂြိုဟ်ပတ်ယာဉ် MRO က ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ဓာတ်ပုံတွင် Beagle 2 ယာဉ်ငယ်၊ ထိုယာဉ်ငယ်မှ လေထီးနှင့် အနောက် ကာဗာတို့ကို တွေ့ရှိခဲ့ရသည်။

    ယူကေမှ လွှတ်တင်ခဲ့သည့်အဆိုပါ ဂြိုဟ်ဆင်းယာဉ်ငယ်မှာ အင်္ဂါဂြိုဟ်ပေါ်သို့ဆင်းသက်စဉ် ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ထိုသို့ ပျောက်ဆုံးသွားခြင်းကြောင့် ဂြိုဟ်ပေါ်သို့ဆင်းသက်ခြင်းလုပ်ငန်းမှာ အောင်မြင်မှု ရှိ၊ မရှိ
    ထိုစဉ်က မသိခဲ့ရသော်လည်း ယခုဓာတ်ပုံတွင် တွေ့ရသည့် အနေအထားအရ အင်္ဂါဂြိုဟ်ပေါ်သို့ဆင်းသက်သည့် လုပ်ငန်းမှာ အောင်မြင်သည်ကို တွေ့ရှိခဲ့ရသည်။

    သို့သော်လည်း ထိုယာဉ်ငယ်အား ပြန်လည်ဆက်သွယ်ရန်နှင့် ထိုယာဉ်ငယ်မှ အချက်အလက်များကို ပြန်လည်ရယူရန်မှာ မဖြစ်နိုင်တော့ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

    အိတ်ဆောင်နာရီပုံစံ ဒီဇိုင်းထွင်ထားသော အဆိုပါ Beagle 2 ဂြိုဟ်ဆင်းယာဉ်ငယ်မှာ အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများ ရှိ၊ မရှိ ရှာဖွေစူးစမ်းရန်အတွက် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

    ထိုယာဉ်ငယ်ကို ၂၀၀၃ ခုနှစ်အတွင်းက ရုရှားရှိ အာကာသစခန်းတစ်ခုမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အခြားဂြိုဟ်သို့ သွားရောက်ရန်အတွက် ဥရောပမှ ပထမဆုံးလွှတ်တင်သည့် ယာဉ်ငယ်လည်း ဖြစ်သည်။

    Ref: channelnewsasia

  • မြန်မာ-တရုတ် ရေနံပိုက်လိုင်း ဇန္န၀ါရီလကုန်တွင် ဖွင့်လှစ်ဖွယ်ရှိ

    မြန်မာ-တရုတ် ရေနံပိုက်လိုင်း ဇန္န၀ါရီလကုန်တွင် ဖွင့်လှစ်ဖွယ်ရှိ

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media
    Pipelines-through-Myanmar-to-China
    တရုတ် သွင်းကုန်အတွက် နောက်ထပ် လမ်းကြောင်း တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ကုန်းလမ်းကြောင်းကို ဖြတ်သန်း တည်ဆောက်ထားသော ရေနံစိမ်း သွယ်တန်းပိုက်လိုင်းနှင့် ရေနက် ဆိပ်ကမ်းတစ်ခုကို လာမည့် ဇန္န၀ါရီလကုန်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သို့သော် တရုတ်ပြည်တွင်း၌ ရေနံချက် စက်ရုံအား အပြီးသတ် ရန်မှာ လများစွာ လိုနေသေးကြောင်း သတင်းများက ဆိုသည်။

    ထိုအစီအစဉ် အထမြောက်လျှင် တရုတ်နိုင်ငံ၏ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအတွက် ကျဉ်းမြောင်းပြီး အန္တရာယ်များသော မလက္ကာရေလက်ကြားအပေါ် မှီခိုနေခြင်းမှ လွယ်ကူချောမွေ့သွားစေမည်ဖြစ်သည်။ တရုတ်ပြည်သည် ပြည်ပကုန်စည်အများစုအတွက် အသုံးပြုနေရသည့် ယင်းလမ်းကြောင်းမှ တဆင့် လက်ရှိရေနံသွင်းကုန်၏ ၈၀ ရာခိုင်နှုန်းကို တင်ပို့ဖြတ်သန်းလျက်ရှိသည်။

    ပိုက်လိုင်းမှတဆင့် ရေနံစိမ်းသွယ်တန်း တင်ပို့မှု၏အဓိကရင်းနှီးမြှုပ်နှံသူ PetroChina သည် မြန်မာနိုင်ငံနှင့် ကပ်လျက် ယူနန်ပြည်နယ်ရှိ ရေနံချက် စက်ရုံအား ၆၀ ရာခိုင်နှုန်းအထိ တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ်ကုန်မှသာ အချောသတ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံ့ စွမ်းအင်ကဏ္ဍ၏ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါပိုက်လိုင်းမှ ရေနံများကို လှောင်ကန်များအတွင်း ထည့်သွင်းထားကာ တရုတ်ပြည်၏ ရေနံစိမ်းသွင်းကုန် ရေတိုလိုအပ်ချက် အထောက်အကူပြုရေးအတွက် အသုံးပြုမည်ဖြစ်သည်။ တစ်နေ့လျှင် ရေနံစည်နှစ်သိန်း ချက်လုပ်နိုင်သည့် အဆိုပါ Anning ရေနံချက် စက်ရုံဖွင့်လှစ်ပါက တစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း ၆.၂ သန်း ချက် လုပ်နိုင်မည်။ ပိုက်လိုင်း၏ သွယ်တန်း ပို့ဆောင်နိုင်စွမ်းမှာ တစ်နေ့လျှင် ၄၄၀၀၀၀ စည် ဖြစ်သည်။

    China National Patroleum Corporation (CNPC) ၏ လက်အောက်ခံ – ပိုက်လိုင်း တည်ဆောက်ခြင်းနှင့် သွယ်တန်းခြင်းကို စီမံကြီးကြပ်နေသည့် Southeast Asia Pipeline Co, Ltd., မှ ကုမ္ပဏီ အရာရှိတစ်ဦးက ကီလိုမီတာ ၂၄၀၀ (မိုင် ၁၅၀၀) ရှည်လျားသည့် အဆိုပါ ပိုက်လိုင်းကို ယခုလကုန်၌ ဖွင့်လှစ်မည်ဟု ဆိုသည်။ ၎င်းကို စွမ်းအင်ဝန်ကြီးဌာန အရာရှိတစ်ဦး ကလည်း အတည်ပြုပြောကြားသည်။

    “ရေနံပိုက်လိုင်း သွယ်တန်းတင်ပို့မှုအတွက် အရာအားလုံး အဆင်သင့် ဖြစ်နေပါပြီ။ ဇန္န၀ါရီလ ၃၀ ရက်မှာ စတင်နိုင်ဖို့ အကြမ်းဖျင်းလျာထားပါတယ်” ဟု မီဒီယာပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ အရာရှိက ဆိုသည်။

    ရေနံချက်စက်ရုံသစ် မလည်ပတ်မီ ရေနံများကို ယူနန်ပြည်နယ်အရှေ့ပိုင်း ကွမ်ရှီး Guangxi  ဒေသရှိ သိုလှောင်ကန်များထဲ ထည့်သွင်းသိမ်းဆည်းထားမည်ဖြစ်သည်။ မြန်မာနိုင်ငံဖက်ခြမ်းတွင်လည်း CNPC ၏ သိုလှောင်ကန်များ တစ်ဒါဇင်အထက် ရှိနေပြီး ယူနန်နယ်အတွင်း ထို့ထက်မက ရှိနေကြောင်း တရုတ်မီဒီယာသတင်းဌာနတစ်ရပ်မှ သိရသည်။

    ရေနံပိုက်လိုင်းမှာ ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီး အချောသတ်တော့မည်ဖြစ်ကြောင်း CNPC သည် ၂၀၁၃ ခုနှစ် ကတည်းကပင် ပြောဆိုထားပြီးဖြစ်သည်။

    ၎င်းနှင့်ကပ်လျက်ရှိသော သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ပထမတစ်နှစ်အတွင်း ပို့ဆောင်သည့် ပမာဏမှာ ၁.၈၇ ဘီလီယံ ကုဗမီတာ ဖြစ်သည်။

    Ref : Reuters