News @ M-Media

Blog

  • ၂၀၁၄ ခုနှစ်တွင်း စမ်းသပ်ခဲ့သော အမေရိကန်လက်နက်များ ဆိုက်ဘာအားနည်းချက်များ ရှိနေ

    ၂၀၁၄ ခုနှစ်တွင်း စမ်းသပ်ခဲ့သော အမေရိကန်လက်နက်များ ဆိုက်ဘာအားနည်းချက်များ ရှိနေ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    Illustration file picture shows a man typing on a computer keyboard in Warsaw

    – အမေရိကန် စစ်တပ်တွင် ၂၀၁၄ ခုနှစ်အတွင်း စမ်းသပ်ခဲ့သော လက်နက်များ၌ နည်းပညာပိုင်းဆိုင်ရာ ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် ဆော့ဖ်ဝဲများ ဗားရှင်းနိမ့်နေခြင်းတို့ အပါအ၀င် ဆိုက်ဘာအားနည်းချက်များကို ထင်ထင်ရှားရှား တွေ့ခဲ့ရသည်ဟု ပင်တဂွန်မှ ပြောကြားလိုက်သည်။

    ပင်တဂွန် လက်နက်စမ်းသပ်ရေး အကြီးအကဲ မိုက်ကယ်ဂီလ်မိုးရ်က ထုတ်ပြန်သောနှစ်ပတ်လည် အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး အမေရိကန်၏ လက်နက်များတွင် ပြီးခဲ့သည့်နှစ်များအတွင်း တွေ့ခဲ့ရသည့် ဆိုက်ဘာပြဿနာများကို ပရိုဂရမ် မန်နေဂျာများက ဖြေရှင်းခဲ့ကာ လုံခြုံရေးအရ တိုးတက်လာခဲ့သော်လည်း ယခုနှစ် စမ်းသပ်မှုတွင် အားနည်းချက်အသစ်များကို တွေ့ရှိခဲ့ရသည်ဟု ထည့်သွင်းဖော်ပြထားသည်။

    `ဆိုက်ဘာရန်သူတွေဟာ အမေရိကန်ရဲ့ ကြည်း၊ ရေ၊ လေနဲ့ ရေအောက်တပ်ဖွဲ့တွေအတွက် ထင်ရှားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာပါတယ်´ ဟု ၃၆၆ မျက်နှာပါဝင်သော အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အမေရိကန် အစိုးရဌာနအတွင်း ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ အလေးထားမှု မြင့်တက်လာချိန်တွင် အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ မကြာသေးမီ ရက်အနည်းငယ်အတွင်းကပင် စီအိုင်အေ အေးဂျင့်ဟောင်း အက်ဒ၀ပ်စနိုးဒင်ထံမှ ပေါက်ကြားလာသော သတင်းများ၌ Lockheed Martin ကော်ပိုရေးရှင်း၏ F-35 တိုက်လေယာဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက် ဂီဂါဘိုက် ထောင်ပေါင်းများစွာကို တရုတ်နိုင်ငံမှ ခိုးယူနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

    သို့သော်လည်း ပင်တဂွန်ကမူ F-35 တိုက်လေယာဉ်နှင့်ပတ်သက်သည့် ၎င်းတို့၏ လျှို့ဝှက် အချက်အလက်များမှာ လုံခြုံလျက်ပင် ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါအစီရင်ခံစာတွင် ၂၀၁၄ ခုနှစ်အတွင်း စမ်းသပ်ခဲ့သော လက်နက် ၄၀ ကျော်၌ဆိုက်ဘာလုံခြုံရေး ပြဿနာများကိုတွေ့ရှိခဲ့ရကာ အမေရိကန်စစ်တပ်အနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ သင်ယူရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ဂီလ်မိုးရ်က လက်နက်များကို စမ်းသပ်ရာတွင် ရန်သူများဘက်မှ ဖောက်ထွင်းဝင်ရောက်သည့် အခြေအမျိုးဖြင့် စမ်းသပ်ရန်လိုအပ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သော်လည်း အမေရိကန်စစ်တပ်တွင် ဆိုက်ဘာကျွမ်းကျင်သူများ ရှားပါးနေကြောင်း၊ လက်ရှိ ဆိုက်ဘာ အသုံးပြုမှုကိုလည်း ချဲ့ထွင်ရန်လိုအပ်ကြောင်း၊ ထိုအစီရင်ခံစာတွင် ထောက်ပြခဲ့သည်။

    Ref: timesofindia

  • ခြောက်သွေ့ဒေသများတွင် ရေရရှိရေး နည်းလမ်းများရှာဖွေရန် ယူအေအီး ကန်ဒေါ်လာ ၅  သန်းအသုံးပြုမည်

    ခြောက်သွေ့ဒေသများတွင် ရေရရှိရေး နည်းလမ်းများရှာဖွေရန် ယူအေအီး ကန်ဒေါ်လာ ၅ သန်းအသုံးပြုမည်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    uae

    – နိုင်ငံအတွင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ ခြောက်သွေ့သော ဒေသများတွင် ရေရှားပါးမှုများ လျှော့ချနိုင်ရေးအတွက် မိုးပိုမိုရွာသွန်းနိုင်မည့် နည်းလမ်းများရှာရာတွင် ကန်ဒေါ်လာ ၅ သန်း သုံးစွဲသွားမည်ဟု ယူအေအီးနိုင်ငံက အင်္ဂါနေ့တွင် ကတိပြုလိုက်သည်။

    ယူအေအီးနိုင်ငံမှာ မိုးခေါင်သော ပင်လည်ကွေ့ဒေသတွင် မိုးတိမ်တုနည်းပညာကို အသုံးပြု၍ မိုးရွားအောင်ဖန်တီးယူသော ပထမဆုံး နိုင်ငံဖြစ်ပြီး ယခု ဒေါ်လာ ၅ သန်းမှာ သုံးနှစ်တာကလတွင်း နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ ခြောက်သွေ့သော ဒေသများတွင် မိုးပိုရွာနိုင် မည့် နည်းလမ်းများကို ရှာဖွေရာ၌ သုံးစွဲရန်အတွက် ဖြစ်သည်။

    ယူအေအီး ဒုတိယ၀န်ကြီးချုပ် ရှိခ် မန်ဆူးရ် ဘင် ဇေယာဒ် အလ် နဟ်ယန်ကမူ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုဆန်းသစ်သော သိပ္ပံနည်းကျ နည်းလမ်းများ ရရှိရန် မိမိတို့နိုင်ငံက အာရုံစိုက် ဆောက်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    `တည်ငြိမ်တဲ့ ရေအရင်းအမြစ်ကို ရဖို့ဆိုတာဟာ ထိရောက်တဲ့ အဖြေတွေရှာဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာအတွက် အဓိက စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်´ ဟု ရှိခ် မန်ဆူးရ်က ဆိုသည်။

    ပြီးခဲ့သည့်နှစ် ရမ်ဇာန်ဥပုသ်လ အခါသမယဖြစ်သာ ဇူလိုင်လကလည်း ရေရှားပါးသည့်ဒေသမှ လူပေါင်း ၅ သန်းကို သောက်ရေ ဝေငှနိုင်ရေးအတွက် သောက်ရေ အကူအညီပေးရေး လှုပ်ရှားမှုတစ်ခုကို ယူအေအီးနိုင်ငံက ပြုလုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုမှာ အောင်မြင်ခဲ့ပြီး ရန်ပုံငွေ ကန်ဒေါ်လာ ၄၉ သန်းအထိ ရရှိခဲ့ကာ လူပေါင်း ၇ သန်းကို သောက်ရေ အကူအညီပေးနိုင်ခဲ့သည်။

    ယူအေအီးနိုင်ငံမှာ မိုးခေါင်ရေရှားသည့် ဒေသတစ်ခုဖြစ်ပြီ တစ်နှစ်လုံးတွင် မိုးရေချိန် ၁၀၀ မီလီမီတာအောက်သာ ရရှိသည်။ ထို့ပြင် မြေပြင်မှရေများ ရေငွေ့ပျံမှုနှုန်းမြင့်မားပြီး မြေအောက်ရေကလည်း နိုင်ငံအတွင်း တစ်နှစ်တာ ရေသုံးစွဲမှုပမာဏကို ဖြည့်မပေးနိုင်ခြင်း မရှိချေ။

    Ref: alarabiya

  • ယခုနှစ်တွင် မိမိတို့မှာ ချယ်ဆီးကို ကျော်တက်ကာ ဗိုလ်စွဲနိုင်မည်ဟု မန်စီးတီးဂိုးသမားဆို

    ယခုနှစ်တွင် မိမိတို့မှာ ချယ်ဆီးကို ကျော်တက်ကာ ဗိုလ်စွဲနိုင်မည်ဟု မန်စီးတီးဂိုးသမားဆို

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    jhar

    – ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၅ မှတ် ကွာဟနေသော်လည်း မိမိတို့အသင်းမှာ ချယ်ဆီးအား ကျော်တက်ကာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း မန်စီးတီးအသင်း၏ ဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။

    ချယ်ဆီးနောက် တောက်လျှောက်လိုက်လာခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ် အာဆင်နယ်အသင်းကို အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့မှုက မန်စီးတီးအသင်းအား ၅ မှတ် ကွာဟသွားစေခဲ့ပြီး ယခုနှစ်ရာသီ အိမ်ကွင်း ပထမမြောက် ရှုံးပွဲလည်းဖြစ်ခဲ့သည်။

    သို့သော်လည်း ဂျိုးဟတ်ကမူ အမှတ်ကွာဟမှုကို လျှော့ချရန်အတွက် မိမိတို့အသင်းတွင် စွမ်းအားအပြည့် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    `ဒါဟာ ပရီးမီးယားလိဂ်ပါ။ ကျွန်တော်တို့ ဗိုလ်စွဲတဲ့ ရာသီတွေတုန်းကလည်း ဒီလိုမျိုး (နောက်ကလိုက်ရတာ) ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အကြိမ်တော်တော်များများ ဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ လမ်းမပျောက်သေးပါဘူး။ ကျွန်တော်တို့မှာ ယုံကြည်မှုရှိပါတယ်´ ဟု ဂျိုးဟတ်က Manchester Evening News သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ယခုနှစ် ပွဲအများစုတွင် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ကြောင်း၊ အမှတ်ကွာဟမှုမှာ တစ်ခါတစ်ရံတွင် ဖြစ်တတ်သော်လည်း မိမိတို့အနေဖြင့် လျှော့ချသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ချယ်ဆီးမှာ FA ဖလားအဖြစ် မစ်ဒဘရော့နှင့် ကစားရန်ရှိနေပြီး ထို့နောက် တနင်္ဂနွေနေ့တွင် ချယ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: goal.com

  • အစိုးရနှင့် ခွဲထွက်ရေးတပ်များမှ လက်နက်ကြီးများ ဆုတ်ခွာရန် နယ်နမိတ်လိုင်းတစ်ခုကို  ယူကရိန်း၌ သတ်မှတ်

    အစိုးရနှင့် ခွဲထွက်ရေးတပ်များမှ လက်နက်ကြီးများ ဆုတ်ခွာရန် နယ်နမိတ်လိုင်းတစ်ခုကို ယူကရိန်း၌ သတ်မှတ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    rus

    – မတည်မငြိမ်ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားများနှင့် ယူကရိန်အစိုးရဘက်မှ လက်နက်ကြီးများ ဆုတ်ခွာရန် နယ်နမိတ်လိုင်းတစ်ခုသတ်မှတ်ရန်အတွက် ရုရှားနှင့် ယူကရိန်းတို့က သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    ယူကရိန်း၊ ရုရှား ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်ပြီး ဘာလင်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ ထိုသို့ သဘောတူခဲ့ခြင်းဖြစ်ပြီး ယူကရိန်းအရှေ့ပိုင်း ငြိမ်းချမ်းရေးအတွက် ပြီးခဲ့သည့်နှစ်က ချုပ်ဆိုခဲ့သည့် Minsk သဘောတူညီချက်မှ အချက်တစ်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော်လည်း နှစ်ဖက်စစ်တပ်များ ရုပ်သိမ်းရေးနှင့် ပတ်သက်၍မူ သဘောတူညီချက် မရသေးပေ။

    `Minsk သဘောတူညီချက်မှာ ဖော်ပြထားတဲ့ နယ်နမိတ်လိုင်းတစ်ခု သတ်မှတ်ဖို့ဆိုတာကို နောက်ဆုံး ကျွန်တော်တို့ သဘောတူညီ ခဲ့ကြပါပြီ။ အဲဒီလိုင်းကနေ လက်နက်ကြီးတွေ အားလုံး ဆုတ်ခွာဖို့ဆိုတာ အခုချက်ခြင်း ဆောက်ရွက်ဖို့လိုတဲ့ ကိစ္စပါပဲ´ ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာက အစည်းအဝေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ယူကရိန်းနှင့် ခွဲထွက်ရေးသမားများ၏ တပ်များမှ လက်နက်ကြီးများမှာ ယခုသတ်မှတ်လိုက်သည့် နယ်နမိတ်လိုင်း၏ ၁၅ ကီလိုမီတာ အကွာသို့ ရွှေ့ပေးရမည်ဖြစ်သည်။ ထို့ပြင်ကြာရှည်ခံမည့် နေရာချထားမှုများ ပြုလုပ်ရေးအတွက် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေး ယူကရိန်း၊ ရုရှားနှင့် OSCE မှ တာဝန်ရှိသူများ အမြန်ဆုံး တွေ့ဆုံကြရန် ဆိုပါအစည်းအဝေးတွင် သဘောတူခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားနေသော မငြိမ်သက်မှုများတွင် ရုရှားမှ ပါဝင်ပတ်သက်နေသည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများက စွပ်စွဲထားပြီး ရုရှားကမူ ငြင်းဆိုထားသည်။

    အမေရိကန်တပ်မှူးတစ်ဦးဖြစ်သူ ဘန်ဟုဒ်ဂ်ျ မကြာသေးမီက ကိဗ်သို့ လာရောက်လည်ပတ်သည့် အချိန်တွင် စက်တင်ဘာနှင့် ဒီဇင်ဘာ အပစ်ရပ်ရေး ကာလများ၌ ခွဲထွက်ရေးသမားများအား ရုရှားမှ လက်နက်ထောက်ပံ့မှုမှာ ၂ ဆဖြစ်လာသည်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk မြို့တွင် ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်။

    Ref : aljazeera

  • အီဗရာဟီမိုဗစ်သာ ပြိုင်စံရှား တိုက်စစ်မှူးဟု ဒိုကြီးပြော

    အီဗရာဟီမိုဗစ်သာ ပြိုင်စံရှား တိုက်စစ်မှူးဟု ဒိုကြီးပြော

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    ibm

    – ပီအက်စ်ဂျီအသင်း၏ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည်သာလျှင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ပြီး ၎င်းအား မည်သည့် ကစားသမားကမှ မယှဉ်နိုင်ဟု တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ဖူးသူ ဘရာဇီးဂန္တ၀င်ဘောလုံးသမား ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်သော်လည်း ပီအက်စ်ဂျီအသင်းတွင် အကောင်းဆုံး တိုက်စစ်စွမ်းရည် ပြသနေသည့် အီဗရာဟီမိုဗစ်မှာ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ အင်တာ၊ အေဂျက်၊ အေစီမီလန် စသည့် ကမ္ဘာ့ အကျော်ကြားဆုံး ကလပ်အသင်းများတွင် ကစားခဲ့ဖူးသူ ဖြစ်သည်။

    မိုဗစ်မှာ ယမန်နှစ်ကလည်း ပြင်သစ်လီဂူးတွင် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဘရာဇီးလ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကမူ မိုဗစ်မှာ ယခုအချိန်အထိ ပြိုင်စံရှား တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

    `အကောင်းဆုံး တိုက်စစ်မှူးက အီဗရာဟီမိုဗစ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ နံပါတ် ၁၀ ၀တ်ထားပေမယ့် နံပါတ် ၉ ကစားသမားလို ကစားပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော် ပဲရစ်ကို နှစ်ခေါက်လောက်ရောက်ခဲ့ပြီး သူကစားတဲ့ ပွဲတွေကိုလည်း ကြည့်ခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုက အံ့သြလောက်စရာပါပဲ။ သူဟာ အရမ်းအရမ်းကိုကောင်းပြီး အခုချိန်အထိ အကောင်းဆုံးမှာ ရှိနေပါတယ်´ ဟု ရော်နယ်ဒိုက Sports Illustrated သတင်းစာသို့ ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဘရာဇီးသားများ၏ အသည်းကို ခွဲသွားသည့် ပြင်သစ်ကွင်းလယ်ဖန်တီးရှင်ဟောင်း ဇီနဒင်း ဇီဒိန်းကိုလည်း ၎င်း၏ ဘောလုံးကစားသည့်ကာလ တွေ့ဖူးသမျှ ကစားသမားများထဲတွင် အကြီးကျယ်ဆုံး ကစားသမားဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com