News @ M-Media

၂၀၁၄ ခုနှစ်တွင်း စမ်းသပ်ခဲ့သော အမေရိကန်လက်နက်များ ဆိုက်ဘာအားနည်းချက်များ ရှိနေ

ဇန်န၀ါရီ ၂၂၊ ၂၀၁၄
M-Media

Illustration file picture shows a man typing on a computer keyboard in Warsaw

– အမေရိကန် စစ်တပ်တွင် ၂၀၁၄ ခုနှစ်အတွင်း စမ်းသပ်ခဲ့သော လက်နက်များ၌ နည်းပညာပိုင်းဆိုင်ရာ ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် ဆော့ဖ်ဝဲများ ဗားရှင်းနိမ့်နေခြင်းတို့ အပါအ၀င် ဆိုက်ဘာအားနည်းချက်များကို ထင်ထင်ရှားရှား တွေ့ခဲ့ရသည်ဟု ပင်တဂွန်မှ ပြောကြားလိုက်သည်။

ပင်တဂွန် လက်နက်စမ်းသပ်ရေး အကြီးအကဲ မိုက်ကယ်ဂီလ်မိုးရ်က ထုတ်ပြန်သောနှစ်ပတ်လည် အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး အမေရိကန်၏ လက်နက်များတွင် ပြီးခဲ့သည့်နှစ်များအတွင်း တွေ့ခဲ့ရသည့် ဆိုက်ဘာပြဿနာများကို ပရိုဂရမ် မန်နေဂျာများက ဖြေရှင်းခဲ့ကာ လုံခြုံရေးအရ တိုးတက်လာခဲ့သော်လည်း ယခုနှစ် စမ်းသပ်မှုတွင် အားနည်းချက်အသစ်များကို တွေ့ရှိခဲ့ရသည်ဟု ထည့်သွင်းဖော်ပြထားသည်။

`ဆိုက်ဘာရန်သူတွေဟာ အမေရိကန်ရဲ့ ကြည်း၊ ရေ၊ လေနဲ့ ရေအောက်တပ်ဖွဲ့တွေအတွက် ထင်ရှားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာပါတယ်´ ဟု ၃၆၆ မျက်နှာပါဝင်သော အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန် အစိုးရဌာနအတွင်း ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ အလေးထားမှု မြင့်တက်လာချိန်တွင် အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ မကြာသေးမီ ရက်အနည်းငယ်အတွင်းကပင် စီအိုင်အေ အေးဂျင့်ဟောင်း အက်ဒ၀ပ်စနိုးဒင်ထံမှ ပေါက်ကြားလာသော သတင်းများ၌ Lockheed Martin ကော်ပိုရေးရှင်း၏ F-35 တိုက်လေယာဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက် ဂီဂါဘိုက် ထောင်ပေါင်းများစွာကို တရုတ်နိုင်ငံမှ ခိုးယူနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

သို့သော်လည်း ပင်တဂွန်ကမူ F-35 တိုက်လေယာဉ်နှင့်ပတ်သက်သည့် ၎င်းတို့၏ လျှို့ဝှက် အချက်အလက်များမှာ လုံခြုံလျက်ပင် ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် ၂၀၁၄ ခုနှစ်အတွင်း စမ်းသပ်ခဲ့သော လက်နက် ၄၀ ကျော်၌ဆိုက်ဘာလုံခြုံရေး ပြဿနာများကိုတွေ့ရှိခဲ့ရကာ အမေရိကန်စစ်တပ်အနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ သင်ယူရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဂီလ်မိုးရ်က လက်နက်များကို စမ်းသပ်ရာတွင် ရန်သူများဘက်မှ ဖောက်ထွင်းဝင်ရောက်သည့် အခြေအမျိုးဖြင့် စမ်းသပ်ရန်လိုအပ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သော်လည်း အမေရိကန်စစ်တပ်တွင် ဆိုက်ဘာကျွမ်းကျင်သူများ ရှားပါးနေကြောင်း၊ လက်ရှိ ဆိုက်ဘာ အသုံးပြုမှုကိုလည်း ချဲ့ထွင်ရန်လိုအပ်ကြောင်း၊ ထိုအစီရင်ခံစာတွင် ထောက်ပြခဲ့သည်။

Ref: timesofindia

Comments

Leave a Reply