News @ M-Media
Blog
  • သီရိလင်္ကာ ကာကွယ်ရေး ၀န်ကြီးဟောင်း လူသတ်မှုဖြင့် တိုင်ချက်ဖွင့်ခံရ
    သီရိလင်္ကာ ကာကွယ်ရေး ၀န်ကြီးဟောင်း လူသတ်မှုဖြင့် တိုင်ချက်ဖွင့်ခံရ
    ဇန်န၀ါရီ ၁၈၊ ၂၀၁၅
    M-Media
    tri
    – သီရိလင်္ကာရှိ နာမည်ကြီးသတင်းစာတစ်စောင်၏ အယ်ဒီတာဖြစ်သူ ၂၀၀၉ ခုနှစ်က အသတ်ခံရမှုကို သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ၏ ညီဖြစ်သူက စီစဉ်ခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် သိရိလင်္ကာအာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။
    အသတ်ခံရသူမှာ Sunday Leader သတင်းစာ၏ အယ်ဒီတာဖြစ်သူ လာဆန်သာ ၀စ်ကရီမာတွန်ဂါဆိုသူဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီက ဆိုးရွားသော သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
    ထိုသတ်ဖြတ်မှုကို သမ္မတဟောင်း ရာဂျာပက်ဆာ၏ညီ၊ ထိုစဉ်က ကာကွယ်ရေး ၀န်ကြီးဖြစ်သော ဂိုတာဘာယာ ရာဂျာပက်ဆာက အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယခင် ပြည်သူ့ဆက်ဆံရေးဝန်ကြီး မာဗန် ဆေးလ်ဗားက ယမန်နေ့တွင် ရဲတပ်ဖွဲ့၌ တိုင်ချက်ဖွင့်ခဲ့သည်။
    `ဂိုတာဘာယာ ရာဂျာပက်ဆာဟာ ပြန်ပေးဆွဲခြင်း၊ အနိုက်အထက်ပြုခြင်းနဲ့ လူသတ်မှုတို့အတွက် တာဝန်ရှိနေတယ်လို့ ကျွန်တော်တို့ တိုင်တန်းချက် ရရှိပါတယ်။ လူသတ်မှုသုံးမှုကို အဲဒီတိုင်ချက်မှာ ဖော်ပြထားပြီး အဲဒီအထဲက တစ်ခုကတော့ ၀စ်ကရီမာတွန်ဂါ သေဆုံးမှုပါပဲ´ ဟု သီရိလင်္ကာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဂျစ် ရိုဟာနာက ပြောကြားခဲ့သည်။
    ထို့နောက်ပိုင်းတွင် ၀စ်ကရီမာတွန်ဂါမှာ အစိုးရအား အသရေဖျက်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး တရားရင်ဆိုင်နေစဉ်အတွင်းမှာပင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က သီရီလင်္ကာအစိုးရကမူ ၀စ်ကရီမာတွန်ဂါ သေဆုံးမှုတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိုဟု ငြင်းဆိုခဲ့သည်။
    ဇန်န၀ါရီ ၈ ရက်နေ့ သမ္မတရွေးကောက်ပွဲတွင် သမ္မတအောင်း မာဟင်ဒါ ရာဂျာပက်ဆာ ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်စဉ်အတွင်းက ချစားခဲ့သည်ဆိုသော မှတ်တမ်းမှတ်ရာများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
    ရာဂျာပက်ဆာမှာ ရွေးကောက်ပွဲတွင် အခြေအနေမကောင်းသည်ကို သိရှိခဲ့ပြီးနောက်ပိုင်း စစ်တပ်ကို အာဏာသိမ်းရန် အမိန့်ပေးခဲ့ပြီး စစ်တပ်ကမူ လိုက်နာခဲ့ခြင်း မရှိချေ။
    Ref: aljazeera
  • သင်တန်းသား ၃၀၀၀ ကျော်မွေးထုတ်ပြီးဖြစ်တဲ့ ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ ၏ နဝမအကြိမ်မြောက် ပညာဒါန သင်တန်းဆင်းပွဲ
    သင်တန်းသား ၃၀၀၀ ကျော်မွေးထုတ်ပြီးဖြစ်တဲ့ ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ ၏ နဝမအကြိမ်မြောက် ပညာဒါန သင်တန်းဆင်းပွဲ
    ဇန်နဝါရီ ၁၇၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ မှ လူမျိုး ဘာသာ မရွေး သင်ကြားနိုင်ရန် ဖွင့်လှစ်ထားသော ပညာဒါန သင်တန်းကျောင်းတွင် သင်တန်းသူ သင်တန်းသား ၃၀၀၀ နီးပါးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်
    DSC00052
    ရန်ကုန်။      ။ ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်တွင် ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ မှ လူမျိုးဘာသာ မရွေးသင်ကြားနိုင်ရန် ဖွင့်လှစ်ထားသော ပညာဒါနသင်တန်းကျောင်းတွင် သင်တန်းသူ သင်တန်းသား ၃၀၀၀ နီးပါးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း န၀မအကြိမ်မြောက် သင်တန်းဆင်းပွဲတွင် ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ မှ စာရင်းစစ်မှူး ဦးလှရွှေကပြောဆိုခဲ့သည်။
    ယင်းမှ ဆက်လက်ပြီး “သင်တန်းကို အတတ်နိုင်ဆုံး ပြည့်စုံအောင် သင်ထောက်ကူ ပစ္စည်းတွေ စုံလင်အောင်လည်း ဖြည့်ဆည်း ပေးထားပါတယ်။ အလှူရှင်များရဲ့ ပံ့ပိုးကူညီမှုနဲ့ ပညာလိုလားတဲ့ လူငယ်တွေ အတွက် အခွင့်အလမ်းတွေ ရရှိအောင် အခုလိုသင်တန်းတွေကို ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်” ဟု သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ဆက်လက်ပြောဆိုခဲ့သည်။
    ယင်းသင်တန်းကျောင်းတွင် ကွန်ပျူတာ သင်တန်း အခြေခံမှစတင်ကာ လုပ်ငန်းခွင် ဝင်နိုင်သည့် အတတ်ပညာများအထိ သင်ကြားပေးခြင်း၊ ထို့အပြင် စက်ချုပ်သင်တန်းအားလည်း အခြေခံမှစကာ ကိုယ်ပိုင်ဒီဇိုင်းမျာ တီထွင်ပြီး လုပ်ငန်း နယ်ပယ်တွင် ကျွမ်းကျင်သူများအဖြစ် ရပ်တည်နိုင်ရန်အတွက်မူ အဆင်မြင့် စက်ချုပ်ပညာများကိုပါ သင်ကြားပို့ချလျှက်ရှိသည်။ ၎င်းသင်တန်းများအပြင် အင်္ဂလိပ်စာ သင်တန်းများကိုလည်း စနစ်တကျ အခြေခံမှစကာ အဆင်မြင့်အတန်းများထိ ပို့ချလျှက်ကြောင်း သိရပါသည်။
    DSC00042
    “ကျွန်တော်အခုဒီသင်တန်းက ဆင်းပြီးတော့ လုပ်ငန်းခွင်ဝင်ဖို့ ကျွန်တော် ပညာတစ်ခုကို တတ်မြောက်နေပါပြီ။ ဒီမှာဆရာတွေကလည်း စိတ်ရှည်လက်ရှည်နဲ့ သင်ကြားပေးတယ်။ အခုလိုကျွန်တော်တို့ကိုပညာတွေ ဆည်းပူးခွင့်ပေးတဲ့ ဒီအဖွဲ့ကိုလည်း ကျေးဇူးတင်မိပါတယ်” ဟု နဝမအကြိမ်မြောက် သင်တန်းဆင်း ကွန်ပျူတာသင်တန်းမှ ကျောင်းသားတစ်ဦးက ပီတိစကားဆိုခဲ့သည်။
    ထိုသင်တန်းတွင် အင်္ဂလိပ်စာ သင်တန်းအား ပို့ချသင်ကြားလျှက်ရှိသော ဆရာဦးသန်းအောင်ကလည်း လူငယ်များအနေနှင့် ယနေ့ခေတ်တွင် ပညာရပ်တစ်ခုကို တတ်မြောက်မှ စိန်ခေါ်မှုရှိသည့် လူ့အဖွဲ့အစည်း အလယ်တွင် ရပ်တည်နိုင်မည်ဖြစ်ပြီး အခုလိုအထောက်အကူပြုတဲ့ သင်တန်းတွေကိုတက်ရောက်ပြီး လက်တွေ့နယ်ပယ်မှာ ကောင်းမွန်စွာ အသုံးချနိုင်ရင် အလွန်ကောင်းမွန်ကြောင်း ပြောပါသည်။
    ကျူလီယာမွတ်စလင်သာသနာ့ရန်ပုံငွေအဖွဲ့မှ ထိုသင်တန်းများအား သုံးလတစ်ကြိမ် ဖွင့်လှစ်လျှက်ရှိပြီး တစ်ကြိမ်တွင် သင်တန်းသူ သင်တန်းသားများ ၃၀၀ နီးပါးတက်ရောက်၍ ပညာများကိုဆည်းပူးလေ့ရှိကြောင်း သိရသည်။
  • အစ္စလာမ် ဘာသာဝင်များ အခြား ဘာသာဝင်များနှင့် ထိမ်းမြားခြင်း မပြုရန် ဧရာဝတီတိုင်းဒေသကြီး အိုလမာ အစ္စလာမ်အဖွဲ့ ဆုံးဖြတ်
    အစ္စလာမ် ဘာသာဝင်များ အခြား ဘာသာဝင်များနှင့် ထိမ်းမြားခြင်း မပြုရန် ဧရာဝတီတိုင်းဒေသကြီး အိုလမာ အစ္စလာမ်အဖွဲ့ ဆုံးဖြတ်
    ဇန်နဝါရီ ၁၆ ၊ ၂၀၁၅
    994439_1578761459002623_7827520176818433305_n
    ဧရာဝတီတိုင်း ဒေသကြီးတွင် အစ္စလာမ် ဘာသာဝင်များအား အခြား ဘာသာဝင်များနှင့် လက်ထပ် ထိမ်းမြားခြင်း မပြုရဟု ဆုံးဖြတ်ထားကြောင်း တိုင်းဒေသကြီး အိုလမာ အစ္စလာမ် အဖွဲ့မှာ ဥိးကိုလတ်က ပြောသည်။
    ” ဘာလို့ အဲဒီလို ဆုံးဖြတ်ရသလဲဆို မြောင်းမြမှာ အစ္စလာမ် ဘာသာဝင် ယောက်ျားလေး တစ်ယောက် မြန်မာမိန်းကလေးတစ်ယောက်နဲ့ ထိမ်းမြားလိုက်တယ်။ လယ်ကွင်းထဲမှာ သာမာန်သေသွားတာကိုပဲ အစ္စလာမ်ဘာသာဝင်က နေ ဗုဒ်ဓဘာသာကောင်မလေးကို ရိုက်သတ်တဲ့ ပုံစံဖြစ်သွားတာကို အကြောင်းခံပြီး ဒီလို ဆုံဖြတ်ထားတာပါ ” ဟု ၄င်းက ဆိုသည်။
    ဇန်နဝါရီ (၁၁) ရက် နေ့က ပြုလုပ်သော ပြည်သူ့ ဗဟိုပြု လုပ်ငန်းစဉ် အပတ်စဉ် ဆွေးနွေးပွဲအပြီးတွင် ဦးကိုလတ်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ။ ဇန်နဝါရီ လ (၄) ရက် မှ (၇) ရက်နေ့ အထိ တွေ့ဆုံဆွေးနွေးခဲ့သည့် ဧရာဝတီတိုင်း တစ်တိုင်းလုံးရှိ ဗလီဆရာများ အိုလမာအစ္စလာမ် အဖွဲ့ချူပ်မှ တာဝန်ရှိသူများ သဘောတူ ဆုံးဖြတ်ချက်ဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကိုလတ်က ဆက်လက်ပြောသည်။
    ” အစ္စလာမ် တရားတော်က မိမိဘာသာဝင်ပဲ လက်ထပ်ရမယ်။ လက်ထပ်တဲ့နေရာမှာ နှစ်ဦးသဘောတူရမယ်။ နှစ်ဦးသဘောတူကြောင်း သက်သေရှိရမယ်။ ဒါဟာ အစ္စလာမ်တရားတော်ရဲ့ အခြေခံသဘောတရားပေါ့၊ သဘောတရားအရ အစ္စလာမ် ဘာသာဝင်တွေဟာ မိမိဘာသာဝင်ပဲ လက်ထပ်ကြတယ်ပေါ့။ ဘာသာရေး ကတော့ ဘာသာဝင်တိုင်း တားမြစ်ထားတဲ့ ဥပဒေတွေ စည်းကမ်းတွေကို လိုက်နာရမှာပေါ့။ ကျန်တဲ့ ကိစ္စတွေကတော့ တစ်ဦးချင်း ဆန္ဒတွေ့ပေါ့” ဟု မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီမှ ဦးကျော်ခင် က ပြောသည်။
    “အစ္စလာမ် ဘာသာဝင်များ အနေဖြင့် အခြားဘာသာဝင်များနှင့် လက်ထပ်ခွင့်မပြုခြင်းသည် အယူအဆမတူများကြောင့် ပြဿနာများ ပိုမိုမဖြစ်ပေါ်စေရန် ရည်ရွယ်သည်ဟု ပြည်ထောင်စုသား မြန်မာမွတ်စလင်များ ဗဟိုညီလာခံ ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ” အယူမတူမှုတွေမှာ ပြဿနာမဖြစ်ဘူး ဆိုရင်တော့ ယူခွင့်ပေးထားပါတယ်။ အယူတစ်ခုကြောင့်ပဲ အိမ်ထောင်ရေးထိခိုက်မှာ စိုးတယ်။ အမှန်တကယ် ကတော့ သူရဲ့မေတ္တာ နေထိုင်တဲ့နေရာနဲ့ အနေနီးစပ်မှုမှာ အိမ်ထောင်ကျ ကျတာပဲ။ အကယ်၍ မြန်မာနိုင်ငံမှာနေရင် နီးစပ်မှုကြောင့် အိမ်ထောင်ကျနိုင်တာပဲ။ အခြားနိုင်ငံကို သွားရင်လဲ ကျမှာပဲ။ အိမ်ထောင်ကျခြင်းဟူသည် လူသားချင်းအပေါ်တွင်ထားသော သံယောဇဉ် မေတ္တာတရားနဲ့ ဆိုင်တယ်။ ဘာသာတရားနဲ့ တော့ မဆိုင်ဘူး။ ” ဟု ပြည်ထောင်ထောင်သား မြန်မာမွတ်စလင်များ ဗဟိုညီလာခံ ကွန်ရက်မှ ကိုလွင်မင်းရှိန်က ပြောသည်။
    အစ္စလာမ်ဘာသာဝင်များ အနေဖြင့် အုပ်ထိန်းသူများက သဘောတူသည်ဆိုပါကလည်း လက်ခံမည်မဟုတ်သလို၊ ရှေးယခင်ကတည်းက ဗလီဆရာများကလည်း အခြားဘာသာဝင်များနှင့် လက်ထပ်ထိမ်းမြားရန် တိုက်တွန်းခဲ့ခြင်း မရှိကြောင်း ၊ အခြားဘာသာဝင်များနှင့် လက်ထပ် ထိမ်မြားမည်ဆိုပါက မိမိတို့ကိုယ်တိုင် သက်ဆိုင်ရာကို အကြောင်းကြားပြီ အရေးယူနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြိး အိုလမာ အစ္စလာမ်အဖွဲ့မှာ ဦးကိုလတ်က ပြောသည်။
    အစ္စလာမ်ဘာသာသည် အများထင်သလို မျိုးဆက်ပြန့်ပွားခြင်းဖြင့် လူမျိုးရေးကို အခြေမခံကြောင်း၊ တမန်တော်အလိုအရ မိမိမွေးဖွားနေထိုင်ရာ နိုင်ငံကို သစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ ဘာသာရေးအရ ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိပြီး အကြမ်းဖက်မှုကို ရှုတ်ချကြောင်း မြန်မာမွတ်စလင်များ ဗဟို ညီလာခံကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    ၁၉၊ ၁ ၊၂၀၁၅ ရက်စွဲဖြင့်ထုတ်ဝေသည့် Messenger ဂျာနယ် Vol.5 No.34 စာမျက်နှာ ၇ မှ ဖော်ပြထားသည့် သတင်းအား ကောက်နှုတ်ဖော်ပြသည်။
  • အစ္စလာမ်ကြောက်ရောဂါကို တွန်းလှန်ရန် အမေရိကန်ရှိ အကြီးဆုံးမွတ်စလင်အဖွဲ့တစ်ခုက  လှုပ်ရှားမှုများ စတင်
    အစ္စလာမ်ကြောက်ရောဂါကို တွန်းလှန်ရန် အမေရိကန်ရှိ အကြီးဆုံးမွတ်စလင်အဖွဲ့တစ်ခုက လှုပ်ရှားမှုများ စတင်
    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media
    cair
    – အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့နေမှုကို တွန်းလှန်ရန်နှင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများကို သိရှိစေရန်ရည်ရွယ်၍ အမေရိကန်ရှိ ထင်ရှားသော မွတ်စလင် လူ့အခွင့်အရေးအဖွဲ့ CAIR က မွတ်စလင်မဟုတ်သူများအား အသိပညာပေးရေး
    လှုပ်ရှားမှုနှစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့်သီတင်းပတ်က ပြင်သစ်ရှိ Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံခဲ့ရပြီး သေနတ်သမားများက တမန်တော်မိုဟာမက်အား လှောင်ပြောင်စော်ကားသည့်အတွက် လက်စားချေခြင်းဖြစ်သည်ဟု ဟစ်အော်ခဲ့ကြသည်။ ထို့ကြောင့် အစ္စလာမ်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့ပြီး အစ္စလာမ်ကြောက်ရောက်ဂါမှာလည်း အရှိန်မြင့်လာခဲ့သည်။
    `စော်ကားမှုတွေ၊ လှောင်ပြောင်မှုတွေကို ငြိမ်းချမ်းစွာ တုံ့ပြန်ဖို့၊ အဲဒီလို လှောင်ပြောင်စော်ကားသူတွေနဲ့ ပတ်သက်ပြီး ဆုမွန်ကောင်းတောင်းပေးဖို့ မွတ်စလင်တွေကို ညွှန်ကြားထားတဲ့ ပါဒတော်တွေ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ထင်ထင်ရှားရှား အတိအကျကို ရှိနေပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ အစ္စလာမ့်ရဲ့ အနှစ်သာရတစ်ခုပါ´ ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ နီဟဒ် အ၀ဒ်က ပြောကြားခဲ့သည်။
    ထို့ကြောင့် အစ္စလာမ်နှင့်ပတ်သက်သည့် စစ်မှန်သော သတင်းစကားများ ပြန့်နှံ့စေရန်အတွက် CAIR မှာ `Shard the Quran´ (ကုန်အာန်ကျမ်းတော်မြတ် မျှဝေကြစို့) လှုပ်ရှားမှုတစ်ခုကို ယခုနှစ်ပတ်အတွင်း စတင်ခဲ့ပြီး ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်များ တောင်းဆိုကြသော အမေရိကန်မှ အခြားသော ဘာသာဝင်များအား ဖြန့်ဝေပေးခဲ့ကြသည်။
    CAIR မှ ဖြန့်ဝေပေးသော အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်တွင် အာရဘီမူရင်းနှင့် အင်္ဂလိပ်ဘာသာပြန်တွဲထားပြီး ပါဒတော် တစ်ခုချင်းစီအတွက် ရှင်းလင်းချက်ကိုလည်း အောက်ခြေမှတ်စုအဖြစ် ထည့်သွင်းထားသည်။ ထို့ပြင် သိလိုသည့်အကြောင်းအရာများကို အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် အမျိုးသမီးများ၏ အခွင့်အရေး၊ လူမှုရေးဆိုင်ရာ တရားမျှတမှု၊ အခြားဘာသာဝင်များအား လေးစားခြင်း စသည့်ခေါင်းစဉ်များကို မာတိကာတွင် ဖော်ပြထားပြီး သက်ဆိုင်သည့် ကျမ်းချက်များကိုလည်း ညွှန်းဆိုထားသည်။
    မီဒီယာလမ်းညွှန်
    ကုရ်အာန်ကျမ်းတော်မြတ်အား အခမဲ့ ဖြန့်ဖြူးခြင်းအပြင် CAIR မှာ အစ္စလာမ်သာသနာနှင့် ပတ်သက်၍ ပရော်ဖက်ရှင်နယ် မီဒီယာသမားများ နားလည်စေရန်အတွက် အစ္စလာမ်သာသနာ၊ မွတ်စလင်တို့နှင့် ပတ်သက်သည့် လမ်းညွှန်စာအုပ် တစ်အုပ်ကိုလည်း ဖြန့်ဖြူးခဲ့သည်။
    အဆိုပါစာအုပ် ကို “American Muslims: A Journalist’s Guide to Understanding Islam and Muslims” ဟု အမည်ပေးထားပြီး အစ္စလာမ်၊ မွတ်စလင်တို့နှင့် ဆက်စပ်နေသော နောက်ခံသမိုင်းကြောင်းများ၊ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း ကျင့်သုံးမှုများ၊ သတင်း၊ အာဒီတာ့အာဘော်များတွင် မကြာခဏ အသုံးပြုသော အစ္စလာမ့်ဝေါဟာရများ၏ အဓိပ္ပါယ်သတ်မှတ်ချက်များ စသည်တို့ ရှင်းလင်းဖော်ပြထားသည်။
    ထို့အပြင် အစ္စလာမ်နှင့်ပတ်သက်၍ များသောအားဖြင့် နားလည်မှုလွဲမှားသော အကြောင်းအရာများဖြစ်သည့် အစ္စလာမ်နှင့် ဒီမိုကရေစီ၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ အစ္စလာမ်ကပြောသည့် အမျိုးသမီးအခွင့်အရေးနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေး စသည့်
    အကြောင်းအရာများလည်း ပါဝင်သည်။
    တရားဝင်တွက်ချက်ထားခြင်း မရှိသော်လည်း အမေရိကန်ပြည်ထောင်စုတွင် အစ္စလာမ်ဘာသာဝင်
    ၆ သန်းမှ ၈ သန်းအထိရှိသည်။
    Ref : onislam
  • တမန်တော်မိုဟာမက်၏ ကာတွန်းပုံ မီဒီယာများတွင် ဖော်ပြမှုအား ရုရှားပိတ်ပင်
    တမန်တော်မိုဟာမက်၏ ကာတွန်းပုံ မီဒီယာများတွင် ဖော်ပြမှုအား ရုရှားပိတ်ပင်
    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media
    cjar
    – တမန်တော်မိုဟာမက်၏ ကာတွန်းပုံအား နိုင်ငံအတွင်း ဖြန့်ချီမှု မပြုလုပ်ကြရန်နှင့် ထိုသို့ ဖော်ပြခြင်းက နိုင်ငံ၏ဥပဒေ၊ ကျင့်ဝတ်စံနှုန်းများဖြင့် မညီညွတ်ဟု ရုရှားအစိုးရက ပြောကြားလိုက်သည်။
    `ရုရှားမီဒီယာတွေမှာ ဒါမျိုးဖော်ပြတာဟာ ပြီးခဲ့တဲ့ ရာစုနှစ်တွေကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့ မညီညွတ်ပါဘူး။ ဘာသာရေးသဘောပါဝင်တဲ့ ရုပ်ပြောင်တွေကို မီဒီယာမှာ ဖြန့်ဖြူးတာဟာ အဲဒီဘာသာတရား ယုံကြည်လိုက်နာတဲ့အုပ်စုကို အရှက်ရစေတာ၊ စော်ကားတာလို့ ယူဆနိုင်ပါတယ်။ ပြီးတော့ လူမျိုးရေးနဲ့ ဘာသာရေးအမုန်းတရားတွေကို လှုံ့ဆော်ပေးတဲ့ သဘောလည်း သက်ရောက်ပါတယ်´ ဟု ရုရှားအစိုးရ၏ မီဒီယာစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor ၏ ယမန်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ထိုရုပ်ပြောင်များ ဖော်ပြမှုမှာ ရုရှား မီဒီယာဥပဒေနှင့် အကြမ်းဖက်ဆန့်ကျင်ရေး ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် တမန်တော်မိုဟာမက်၏ ကာတွန်းပုံကို ဖော်ပြခြင်းမပြုရန်လည်း အဆိုပါကြေညာချက်တွင် မီဒီယာများအား သတိပေးထားသည်။
    ပြီးခဲ့သည့်တစ်ပတ်က ပဲရစ်မြို့ရှိ Charlie Hebdo မဂ္ဂဇင်းအား သေနတ်သမားများက ၀င်ရောက်ပစ်ခတ်ခဲ့ပြီး လူ ၁၂ ဦး သေဆုံးခဲ့ကာ ထိုပစ်ခတ်မှုမှာ တမန်တော်မိုဟာမက်အား စော်ကားသော ကာတွန်းပုံကို ဖော်ပြမှုကြောင့် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု သေနတ်သမားများက ဟစ်အော်ခဲ့ကြသည်။
    သို့သော်လည်း ထိုတိုက်ခိုက်မှုအပြီးတွင် ထုတ်ဝေခဲ့သော Charlied Hebdo ၏ မဂ္ဂဇင်းအသစ်တွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံကို ထပ်မံ ထည့်သွင်းဖော်ပြခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ သတင်းစာများနှင့် မဂ္ဂဇင်းများကလည်း ထိုပုံကို ထပ်ဆင့်ဖော်ပြခဲ့ကြသည်။
    ပဲရစ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားခေါင်းဆောင်ပိုင်းက ရှုတ်ချခဲ့ကြပြီး အကြမ်းဖက်မှုဆန့်ကျင်သော ချီတက်မှုတွင်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယို လာဗရော့က ပါဝင်ခဲ့သည်။ သို့သော်လည်း ရုရှားမီဒီယာများကမူ Charlie Hebdo ၏
    ကာတွန်းပုံက ထိုတိုက်ခိုက်မှုအား လှုံ့ဆော်ပေးခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။
    Ref: alarabiya