News @ M-Media

Blog

  • မက်ဆီမှာ အနားယူသည်အထိ ဘာကာတွင်သာ ရှိနေမည်ဟု ဥက္ကဌ ဘာတိုမြူ  ပြော

    မက်ဆီမှာ အနားယူသည်အထိ ဘာကာတွင်သာ ရှိနေမည်ဟု ဥက္ကဌ ဘာတိုမြူ ပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၅
    M-Media

    mes

    – တိုက်စစ်မှူး မက်ဆီ အသင်းမှထွက်ခွာမည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိဘဲ အသင်းတွင်သာ ကစားသမားဘ၀ကို ကုန်ဆုံးသွားမည်ဟု ဘာစီလိုနာဥက္ကဌ ဘာတိုမြူက ပြောကြားလိုက်သည်။

    အသက် ၂၇ နှစ်အရွယ်ရှိ မက်ဆီမှာ အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ချယ်ဆီး၊ မန်စီးတီနှင့် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်။

    သို့သော်လည်း ဘာတိုမြူကမူ မက်ဆီမှာ ဘာစီလိုနာတွင် ပျော်ရွှင်နေပြီး အသင်းမှထွက်ခွာခြင်းမှာ ၎င်း၏ ရွေးချယ်မှုမဟုတ်ကြောင်း ပြောကြားခဲ့သည်။

    `ကျွန်တော် မက်ဆီနဲ့ အဆက်အသွယ်ရှိပါတယ်။ သူ ဒီမှာ ပျော်ရွှင်နေပြီး အောင်ပွဲတွေရဖို့ ကြီးမားတဲ့ ရည်မှန်းချက်၊ ဆန္ဒတွေလည်း ရှိနေပါတယ်။ သူက သူရဲ့ကစားသမားသက်တမ်းကို ဘာကာမှာပဲ ကုန်ဆုံးချင်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ပြီးတော့ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ အာရုံစူးစိုက်မှုက အမြင့်ဆုံးမှာ ရှိနေပါတယ်´ ဟု ဘာတိုမြူက Catalunya Radio သို့ ပြောကြားခဲ့သည်။

    ကောလဟာလများနှင့် ပတ်သက်၍လည်း ဘာတိုမြူက မက်ဆီ၏ အနာဂတ်အတွက် ငြင်းခုံဆွေးနွေးမှုများ မရှိကြောင်း၊ မက်ဆီအနေဖြင့် လက်ရှိတွင် အသင်းနှင့် စာချုပ်ရှိနေပြီး ၎င်းကိုယ်တိုင်ကလည်း အသင်းတွင် ဆက်လက်၍ နေချင်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနှစ်အတွင်း ပြိုင်ပွဲပေါင်းစုံတွင် အသင်းအတွက် ၂၅ ဂိုး သွင်းယူပေးထားသည့် မက်ဆီမှာ ဘာစီလိုနာအသင်းနှင့် ၂၀၁၈ ခုနှစ်အကုန်အထိ စာချုပ်သက်တမ်း ရှိနေသည်။

    Ref: Goal.com

  • စည်သူအောင်မြင့် : “သင့်ကြောင့် ဘာသာရေး လူမျိုးရေး မုန်းတီးမှု မဖြစ်ပါစေနဲ့ “

    စည်သူအောင်မြင့် : “သင့်ကြောင့် ဘာသာရေး လူမျိုးရေး မုန်းတီးမှု မဖြစ်ပါစေနဲ့ “

    စည်သူအောင်မြင့်ရေးသည်။
    ဇန်နဝါရီ ၁၆ ၊ ၂၀၁၅
    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။
    2015-01-16_14.33.49
    ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက် သတင်းတွေ ထဲမှာ ဘာသာရေး လူမျိုးရေးနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ် စရာကောင်းတဲ့ သတင်း တစ်ပုဒ် ဖော်ပြပါ ရှိလာပါတယ်။ သတင်းမှာ ဖော်ပြထားတာက ဆော်ဒီအာရေး ဗီးယား အလံ စတစ်ကာတစ်ခုကို အိမ်စီးကားမှန် မှာကပ်ပြီး မောင်းနှင်နေတာကို အကြမ်းဖက် တံဆိပ် ဖြစ်တယ်ဆိုပြီး အင်တာနက် Facebook စာမျက်နှာမှာ ဖော်ပြ ပျံ့နှံ့ခဲ့တာကို အကြောင်းပြုပြီး အဲဒီကားကို ယာဉ်ထိန်းရဲက ဖမ်းဆီးစစ်ဆေးခဲ့တယ် ဆိုတဲ့ သတင်းပါပဲ။ အဲဒီပြဿနာ ဘယ်လို ဖြစ်ရတာ ပါလဲ၊ ပြဿနာ ဘယ် လောက်အထိ ကြီးကျယ်သွားပါသလဲ၊ အကိုင်အတွယ် မတတ်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တင်ပြသွားပါ့မယ်။

    ဖြစ်စဉ်အစက ဒီလိုပါ။ အင်တာနက် Facebook မှာ “အဘဇိုးအောင်ရင်” အမည် နဲ့ အကောင့်ဖွင့်ထား သူ က ကားနံပါတ်ပါ ပီပီပြင်ပြင် မြင်ရ တဲ့ ဓာတ်ပုံတစ်ပုံနဲ့ ခုလို ပို့စ်တစ်ခု တင်ပါတယ်။ “အစွန်းရောက် ဂျီဟတ် အလံကို ကားစတေကာကပ်ထားပြီး ရန်ကုန်မြို့မှာ ပတ်မောင်းနေ တယ်။ ယာဉ် ထိန်းရဲတွေ တွေ့ရင် ဖမ်းပစ်ပါဗျာ … ပြဿနာကိုမီးမွှေးရှာပြီး ယားနေတဲ့ကောင်။ ကားနံပါတ်ပါ မဖျက်ဘဲ တင်ပေးလိုက်တယ်” လို့ ဖော်ပြထားပါတယ်။ ပူးတွဲဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာ ကားနောက်မှန်မှာ အာရဗီ ဘာသာစကားနဲ့ စတစ်ကာတစ်ခု ကပ်ထား တာ တွေ့ရပါတယ်။ နောက်ကားပုံနဲ့ တစ်ပြိုင်နက်တည်း ဖော်ပြထားတာက အဲဒီ အာရဗီ စာပိုဒ်၊ ဘေးနှစ်ဖက်မှာ အေကေ ၄၇ မောင်းပြန် ရိုင်ဖယ် နှစ်လက်၊ အနက် ရောင်နောက်ခံနဲ့ ကမ္ဘာ့မြေပုံပဲ ဖြစ်ပါတယ်။

    အဘဇိုးအောင်ရင်ဆိုသူ တင်ထားတဲ့ စာသားတွေကို အထူးအထွေ အနက် အဓိပ္ပာယ်ဖွင့်ဖို့ လိုမယ် မထင် ပါဘူး။ အစွန်းရောက် ဂျီဟတ်ဆိုပြီး စွတ်စွဲတယ်၊ ပြဿနာ ရှာချင်လို့ ကားကို ပတ်မောင်းနေတယ်၊ ယာဉ်ထိန်း ရဲတွေတွေ့ရင် ဖမ်းပစ်၊ ဒါကြာင့် ကားနံပါတ်ကို ပါ ဖော်ပြပေးလိုက် တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲဒီပို့စ်တင် သူ အဘဇိုးအောင်ရင်ရဲ့ ပရိုဖိုင်းမှာတော့ ရန်ကုန်မှာနေတယ်၊ ဒဂုံတက်္ကသိုလ်မှာ ပညာဆည်းပူးတယ်၊ DVB သတင်းဌာနက ဗီဒီယိုဂျာနယ်လစ် ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ သူတင်တာ ဇန်န၀ါရီ ၁၄ ရက်ခန့်မှန်း နေ့လယ် ၁၁ နာရီပါ။

    တကယ်တော့ အဲဒီဂျာနယ်လစ်ဆိုသူဟာ အာရဗီ ဘာသာစကားနဲ့ စတစ်ကာ ကပ်ထားတဲ့ ကားကို တွေ့တယ်ဆိုရင်၊ တကယ် သတင်းထောက်လည်း ဖြစ်တယ်ဆိုရင် ဘယ်လိုစာသားတွေ ရေးထားတယ်၊ ဘာ အဓိပ္ပာယ်ရှိတယ် အရင်လေ့လာစူးစမ်း ကြည့်ဖို့ လိုပါတယ်။ ကောင်းပါပြီ၊ အဲလို လေ့လာစူးစမ်းကြည့်ဖို့ အသိဉာဏ် ဗဟု သုတ မပြည့်ဝသူ ဖြစ်နေရင်၊ အစွန်းရောက်တွေရဲ့ ဘေးရန် ကလည်း ကာကွယ်ချင်စိတ် ပြင်းလွန်းတယ်ဆိုရင် အဲဒီနံပါတ်နဲ့ တကွရိုက်ကူးထားတဲ့ဓာတ်ပုံ ရဲတပ်ဖွဲ့ဆီသွားပြ၊ သတင်းပေး တိုင်တန်းနိုင်ပါတယ်။ အဲဒီအခါ ရဲတပ်ဖွဲ့က လိုအပ်တာ ဆက်လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ သတင်း ထောက်ဟာ အဲဒီလိုဆက်ပြီး လေ့လာ စူးစမ်းဖို့လည်း စိတ်မကူး Facebook ကို တင်လိုက်ရင် ဘာဖြစ် လာနိုင်မလဲ ဆိုတာကိုလည်း မတွက်ဆဘဲနဲ့ လက်မြန်ခြေမြန် တင်လိုက်တာ ဖြစ်ပါတယ်။

    နာရီ ၂၀ အတွင်း အဲဒီပို့စ်ကို ဖြန့်ဝေသူ (Shares) လုပ်သူ ၉၇ ဦး၊ ထပ်ဆင့်ဖြန့် ဝေသူတွေလည်း ရှိခဲ့တာမို့ ဘယ်လောက် အတိုင်းအတာ အထိ ပျံ့နှံ့သွားမလဲ ခန့်မှန်းနိုင်ပါတယ်။

    ထုံးစံအတိုင်း အဲဒီပို့စ်နဲ့ ပတ်သက်ပြီးထဲမှာ ပွဲအတော်ဆူသွားပါတယ်။ ထုံးစံအတိုင်း ဘာမှ နားမလည် သူတွေက ဆက်ပြီး စွပ်စွဲ၊ ဆက်ပြီးဆဲဆို၊ ဆက်ပြီးလှုံ့ဆော် ဆက်ပြီး အမုန်းစကားတွေပွား ကြပါတယ်။ တချို့ကတော့ အဲဒီ အာရဗီ စာသားကို ကောင်းကောင်းမွန်မွန် အဓိပ္ပာယ် ပြန်ဆိုပေးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာပိုင်တွေဟာ အဲဒီမောတော်ကားနဲ့ ကားပိုင်ရှင်ကို ရှာဖွေ ဖမ်းဆီးခဲ့ကြပါတယ်။ ဒီစတစ်ကာမှာ ဖော်ပြထားတဲ့ စာသား အဓိပ္ပာယ်က “အလ်္လာအရှင်မြတ်မှ တစ်ပါး အခြား ခ၀ပ် ကိုးကွယ် ရာမရှိ၊ တမန်တော် မိုဟာမက်သည် အလ်္လာအရှင်မြတ်၏ တမန်တော် ဖြစ်တော်မူ၏” ဆိုတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ခရိုင်အဆင့် အရာရှိတစ် ယောက်က ဘာသာရေး စတစ်ကာ အလံ ကပ်တာ ကို ဆိုပြီး ဖွလို့စစ်ဆေးရတာပါ ဆိုပြီး ဆဲဗင်းဒေး သတင်းစာကို ဖြေထားပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ကားပိုင်ရှင်ကို ယာဉ်ထိန်းရဲစခန်းက မဆီမဆိုင် မော်တော်ယာဉ် အက်ဥပဒေနဲ့ အရေးယူထားပါပြီ။ အဲဒီ အဘဇိုးအောင်ရင် ဆိုသူဟာ သူ့ပို့စ် တင်ပြီး ၁၄ နာရီအကြာ ဇန်န၀ါရီ ၁၅ ရက်၊ နံနက် ၁ နာရီလောက်မှာတော့ ခုလို ပို့စ်ကို ပြန်တင်ခဲ့ပါတယ်။

    “အစ္စလာမ် ဘာသာရေး အလံကို ကျွန်တ်ာအစွန်းရောက် ဂျီဟတ်အလံလို့ သုံးနှုန်းမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် ရဲ့ လေ့လာမှုအားနည်းတာလည်း ဝန်ခံပါတယ်။ တွေသုံးနေတဲ့ အလံကိုပဲ မျက်စိ ထဲ မြင်ဖူးနေတော့ ကျွန်တော် မဖြစ်သင့်တာ ဖြစ်မှာစိုးလို့ အသိပေးတဲ့ အနေနဲ့ပဲ အဲ့ကားပုံ တင်လိုက်တာပါ။ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာမဟုတ်ဘူးဆိုတာတော့ နားလည်စေချင်ပါတယ်။ ပြီးတော့ ဒီ အကောင့်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူ အဆတွေအမြင်တွေကို တင်တာဖြစ်တဲ့ အတွက် ကျွန်တော့် အလုပ်နဲ့ ဘာမှပတ်သက်မှုမှူ မရှိပါဘူး။ ကျွန်တော့် အယူအဆ တွေ အမြင်တွေကို မကြိုက်ရင် ကျော်ဖတ် လို့ရပါတယ်။ ကျွန်တော် မှားတာ ရှိရင်လည်း ထောက်ပြနိုင် ပါတယ်။ ဒါပေမဲ့ အကောင့် ထဲက ကောင် တွေ ကို ပြောချင်တာက…၀ါးလုံးရှည်နဲ့ အကုန်ပတ်မရမ်းနဲ့ ဆိုတာပါပဲ … ။ ဘာသာအလံကိစ္စနဲ့ ပတ်သက်ပြီး ထပ်ပြီး တောင်းပန်ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။ အဲဒါကို ပြန်လည် ဖြန့်ဖြူးသူကတော့ ငါးယောက်ပဲ ရှိပါ တယ်။ မမှန်တာဖြန့်သူ အရေအတွက်နဲ့ နှိုင်းယှဉ် နိုင်ပါတယ်။

    အခုနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု အဓိ ကရုဏ်း ဖြစ်စဉ် တွေကိုကြည့်ရင် ဘာမဟုတ်တဲ့ ရောင်းမှား ၀ယ်မှား ရန်ဖြစ်ကြတာမျိုး၊ ကိုရင်လေးနဲ့ အစ္စလာမ် ဘာသာဝင်စက်ဘီးနဲ့ တိုက်မိ တာမျိုးလောက်က စခဲ့တာ တွေ့နိုင်ပါတယ်။ မန်္တလေး အကြမ်း ဖက်မှုမှာတော့ အင်တာနက် လူမှုကွန်ရက် Facebook စာမျက်နှာ ကနေတစ်ဆင့် စနစ်တကျ အမုန်း တ ရား ပြန့်ပွားအောင်လုပ်၊ အကြမ်းဖက်မှု ဖြစ် အောင်စနစ်တကျ လှုံ့ဆော်ခဲ့တာပါ။ အခု ပြဿနာဟာ DVB ထောက်လို့ ကိုယ့်ကိုယ်ကိုယ်ဆိုထား သူတစ်ယောက် DVB မဆင်မခြင် ရေးသားခဲ့လို့ ကားပိုင်ရှင် အရေးယူခံနေရပါပြီ။ နစ်နာ သွားပါပြီ။ ဒီထက် ဆိုးတာက Facebook ထဲကနေတစ်ဆင့် အမုန်းတရား အတော့်ကို ပျံ့နှံ့သွားခဲ့ပါပြီ။ သတင်းစာ မဖတ်ရတဲ့ တောရွာကျေးလက် က ပြည်သူတွေစိတ်ထဲ ဘယ်လိုဖြစ်မယ် မခန့်မှန်းနိုင်ပါဘူး။ ဒီအတွက် သတင်းထောက်ဆိုသူ တွေဆင်ခြင်ကြပါ၊ သက်ဆိုင်ရာ သတင်းဌာန တာဝန်ခံတွေကလည်း ကိုယ့်ဝန်ထမ်းကို ပညာပေးကြပါ။ အသိရှိရှိနဲ့ဖြစ်စေ၊ မသိဘဲလည်းဖြစ်စေ အမုန်းတရားဖြန့်ဖြူးတာတွေ တိုင်းပြည် မီးလောင်မယ့် ကိစ္စတွေ မလုပ်ကြပါနဲ့။

    http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/37101-2015-01-16-01-12-51

    Image- “အဘဇိုးအောင်ရင်” အမည် Facebook အကောင့်ပိုင်ရှင် တင်ခဲ့သည့်ပိုစ် Screen Shoot ဖြစ်ပါတယ်။ (ယခုတိုင်ပိုစ်ကို ဖျက်သိမ်းချင်း မရှိသေးပါ)

  • နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များအား ကာကွယ်ပေးသွားမည်ဟု ပြင်သစ်သမ္မတ ပြော

    နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များအား ကာကွယ်ပေးသွားမည်ဟု ပြင်သစ်သမ္မတ ပြော

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    APTOPIX France Newspaper Attack

    – အကြမ်းဖက်တိုက်ခိုက်မှုများ၏ ပထမဆုံး သားကောင်များမှာ မွတ်စလင်များသာဖြစ်ပြီး ပြင်သစ်အနေဖြင့် အစ္စလာမ်သာသနာနှင့် အစ္စလာမ်ဘာသာဝင်များကို လေစားကာ ကာကွယ်ပေးသွားမည်ဟု ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးက ပြောကြားလိုက်သည်။

    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုအပြီး တစ်ပတ်အကြာ ယမန်နေ့က ပြင်သစ်ရှိ မွတ်စလင်အသင်းအဖွဲ့တစ်ခုဖြစ်သော Institute of the Arab World နှင့် တွေ့ဆုံစဉ်အတွင်း ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ၃ ရက်အတွင်း တိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များမှာ တိုက်ခိုက်မှုအချို့ကို ခံခဲ့ရပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ဗလီဝတ်ကျောင်းတော် များအား စောင့်ကြပ်ပေးထားသည်။

    `အစ္စလာမ်သာသနာဟာ ဒီမိုကရေစီနဲ့ သဟဇာတဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုရှုပ်ထွေးမှုမျိုးကိုမဆို ကျွန်တော်တို့ ငြင်းဆန်ရပါလိမ့်မယ်။ နိုင်ငံအတွင်းမှာရှိတဲ့ အခြားနိုင်ငံသားတွေလိုပဲ ပြင်သစ်မွတ်စလင်တွေမှာလည်း အခွင့်အရေးတွေ၊ တာဝန်တွေ ရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့အခွင့်အရေးကို လေးစား၊ ကာကွယ်ပေးရမှာဖြစ်ပြီး၊ သူတို့ကလည်း တိုင်းပြည်ကို လေးစားရပါမယ်´ ဟု ဟော်လန်ဒေးက ထည့်သွင်းပြောကြားခဲ့သည်။

    ဟော်လန်ဒေးမှာ တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့သည့် ရဲအရာရှိ ၃ ဦး၏ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ပြီး ထိုအရာရှိများအား နိုင်ငံ၏ အမြင့်ဆုံး သူရဲကောင်း ဆုတံဆိပ်ကို အပ်နှင်းပေးခဲ့သည်။

    ထိုအရဲရာရှိ ၃ ဦးမှာ လူမည်းတစ်ဦး၊ လူဖြူတစ်ဦးနှင့် အာရပ်နွယ်ဖွား အစ္စလာမ်ဘာသာဝင်တစ်ဦးတို့ ဖြစ်ကြပြီး ဟော်လန်ဒေးက ၎င်းတို့ ၃ ဦးမှာ ဘာသာစုံလူမျိုးစုံရှိသော ပြင်သစ်နိုင်ငံ၏ ပြယုဂ်ကို ဖော်ကြူးနေသည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သော ဈာပနအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    ပဲရစ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စလာမ်ဘာသာဝင်များမှာ ထိုတိုက်ခိုက်မှုများအား အရင်ဆုံးရှုတ်ချခဲ့ပြီး၊ ပဲရစ်မြို့၌ ပြုလုပ်ခဲ့သည့် အကြမ်းဖက်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှုတွင်လည်း မွတ်စလင်နိုင်ငံများမှ ခေါင်းဆောင်များအပါအ၀င် အစ္စလာမ်ဘာသာဝင်ပေါင်း မြောက်များစွာ ပါဝင်ခဲ့ကြသည်။

    Ref: aljazeera

  • လွတ်လပ်စွာပြောဆိုခွင့်မှာ အကန့်အသတ်ရှိသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆို

    လွတ်လပ်စွာပြောဆိုခွင့်မှာ အကန့်အသတ်ရှိသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆို

    ဇန်န၀ါရီ ၁၆၊ ၂၀၁၅

    M-Media

    pop

    – ဘုရားသခင်၏အမည်နာမကို အသုံးပြု၍ သတ်ဖြတ်ခြင်းကို ရှုတ်ချပြီး၊ ဘာသာတရားများကိုလည်း စော်ကား၍မရဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောကြားလိုက်သည်။

    အာရှရှိ ကက်သလစ်အမာခံနိုင်ငံဖြစ်သော ဖိလစ်ပိုင်သို့ ၅ ရက်ကြာ သွားရောက်လည်ပတ်ရန် သီရိလင်္ကာမှ မထွက်ခွာခင် လေဆိပ်၌ ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သော ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် ပုပ်ရဟန်းမင်းကြီးက သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    `ဘုရားသခင်ရဲ့နာမတော်ကို အသုံးပြုပြီး သတ်ဖြတ်နေတာတွေဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ပါ´ ဟု
    ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

    ထို့ပြင် ပုပ်ရဟန်းမင်းကြီးက ဘာသာတရားတစ်ခုစီတိုင်းတွင် ဂုဏ်သိက္ခာရှိကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်တွင်လည်း အကန့်အသတ်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    `သူငယ်ချင်းကောင်းတစ်ယောက်က ကျွန်တော့်မိခင်ကို စော်ကားပြောဆိုမယ်ဆိုရင် ဒီလူဟာ အထိုးခံရဖို့ ကျိန်းသေပါပဲ။ ဒါဟာ သဘာဝပါ။ အခြားသူတစ်ဦးရဲ့ ဘာသာတရားကို ခင်ဗျားတို့က ရန်စတာမျိုး၊ စော်ကားတာမျိုး၊ လှောင်ပြောင်တာမျိုး မလုပ်ရပါဘူး´

    ပဲရစ်ရှိ တိုက်ခိုက်ခြင်းခံခဲ့ရသော Charlie Hebdo မဂ္ဂဇင်းမှာ အစ္စလာမ်ဘာသာ၊ တမန်တော်မိုဟာမက်အပါအ၀င် အခြားဘာသာတရားများအား စော်ကားသောကာတွန်းများကို အကြိမ်ကြိမ်ဖော်ပြခဲ့သည့် မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။ သေနတ်သမားများ၏ တိုက်ခိုက်မှုအတွင်း အယ်ဒီတာချုပ်အပါအ၀င် လူ ၁၂ ဦးသေဆုံးခဲ့ပြီး သေနတ်သမားများကမူ
    တမန်တော်မိုဟာမက်အတွက် လက်စားချေခဲ့သည်ဟု ဟစ်အော်ခဲ့သည်။

    တိုက်ခိုက်ခံရပြီးနောက် ပထမဆုံးထုတ်ဝေသော မဂ္ဂဇင်းတွင်လည်း Charlie Hebdo မှာ တမန်တော်မိုဟာမက်ပုံ ကာတွန်းကို ထည့်သွင်းဖော်ပြခဲ့သည်။

    `လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ အခွင့်အရေးတစ်ခုဖြစ်ပြီး တာဝန်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအခွင့်အရေးကို စော်ကားတာမျိုးမရှိဘဲ အသုံးချရပါမယ်´ ဟု ပုပ်ရဟန်းမင်းကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : channelnewsasia

  • “လွတ်လပ်မှုရဲ့စည်း” (Editorial)

    “လွတ်လပ်မှုရဲ့စည်း” (Editorial)

    ဇန်နဝါရီ ၁၅၊ ၂၀၁၅
    M-Media (အယ်ဒီတာ့ အာဘော်)
    letterbox
    ”လွတ်လပ်ရေးရပြီဆိုပြီး လမ်းမပေါ်မှာဆေးရိုးလှမ်းတယ်”လို့ ဗိုလ်ချုပ်အောင်ဆန်း ရှုံ့ချမိန့်ကြားခဲ့တာ ဟာ လွတ်လပ်မှုရဲ့စည်းကို မချိုးဖောက်ကြစေချင်တဲ့ ဆန္ဒလို့ နားလည်မိပါတယ်။

    ”စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ”လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မလိုအပ်ဘဲ ‘စည်းကမ်းပြည့်ဝ သော’ဆိုတဲ့ အထူးပြု ပုဒ်ပါနေရတာက ဒီမိုကရေစီတာ အလွှတ်မှာ လွတ်လပ်မှု အရှိန်လွန်မသွားဖို့ ‘စည်းကမ်း’နဲ့ slow down ခံပေးရတဲ့သဘောလို့ မှတ်ယူမိပါတယ်။

    ဟုတ်ပါတယ်။ တိုင်းတစ်ပါး ဖိနှိပ်အုပ်စိုးမှုအောက်မှာနေ လာရတော့ လွတ်လပ်မှုကို ဆာလောင် မွတ်သိပ်ခဲ့ကြတယ် မဟုတ်လား။ ရေဆာငတ်မွတ်သူက သောက်ရေလည်းရရော အငမ်းမရသောက်တော့ ရေသီးနိုင်တာပေါ့။ အာဏာရှင်ဖိနှိပ်မှုအောက်မှာ အချုပ်အနှောင်ဘ၀နဲ့ နေနေရတော့ ဒီမိုကရေစီဆိုတဲ့ အတုတ်အနှောင်ဖြည် လွှတ်ပေးခြင်း ခံရတဲ့အခါ ညောင်းညာနေတာတွေ ထုံကျဉ်အံသေနေတာတွေ ပြေလျော့ စေဖို့ ခြေလက်ဆန့်တန်း လှုပ်ခါခုန်ပေါက်ပြေးလွှားပြီး အညောင်းဖြေရင်း ဘေးလူကို ပုတ်ခတ် မိနိုင်တာလည်း သဘာဝပါပဲ။ အရှိန်လွန်တဲ့ကိစ္စဟာ ပျော်တာတောင် မကောင်းဘူး မဟုတ်လား။ ထီသိန်း တစ်ထောင်ဆု ပေါက်ပေမဲ့ အပျော်လွန်ပြီး နှလုံးရပ်သေသွားရင် ဘာမှသုံးလိုက်ရမှာ မဟုတ်ဘူးလေ။ ဒါကြောင့် လွတ်လပ်မှု၊ အခွင့်အရေးဆိုတာမျိုးတွေကို စည်းခတ်ထားဖို့တော့ လိုအပ်ပါတယ်။

    တကယ်တော့ ကိုယ်ချင်းစာတရားဆိုတာရှိနေရင် ”လွတ်လပ်မှုရဲ့စည်း”ဆိုတာကို အထူးတလည် ဋီကာချဲ့၊ အဋ္ဌကထာဖွဲ့နေဖို့ မလိုအပ်လောက်ဘူးထင်ပါတယ်။ မလွတ်လပ်တာကို ငါမကြိုက်သလို သူလည်း ကြိုက်မှာမဟုတ်ဘူး။ အခွင့်အရေးဆုံးရှုံးတာကို ငါမကြိုက်သလို သူလည်း ကြိုက်မှာမဟုတ်ဘူး။ ကိုယ်မကြိုက် တာကို သူများအတွက်လည်း မကြိုက်ပေးတာ၊ ကိုယ်ကြိုက်တာကို သူများအတွက်လည်း ကြိုက်ပေးတာ ကိုယ်ချင်းစာစိတ်ပဲမဟုတ်လား။

    ကိုယ့်ဘုရားကျောင်းကန် သူများဖျက်ဆီးတာ မကြိုက်ရင် သူများ ဘုရားကျောင်းကန်လည်း ငါတို့ မဖျက်ဆီးဘူး။ ကိုယ့်ဘုရားကို သူများလှောင်ပြောင် စော်ကားတာမကြိုက်ရင် သူများဘုရားလည်း ငါတို့ လှောင်ပြောင်မစော်ကားဘူး။ ငါတို့ဘာသာကို ကဲ့ရဲ့ပုတ်ခတ်တာ မကြိုက်ရင် သူများဘာသာကိုလည်း ကဲ့ရဲ့ ပုတ်ခတ်တာမျိုး မလုပ်ဘူး။ ငါတို့အမျိုးကို သူများဒုက္ခပေးတာမကြိုက်ရင် သူများအမျိုးကိုလည်း ငါတို့ ဒုက္ခမပေးဘူး။ ငါတို့ကို လူ့အခွင့်အရေးဆုံးရှုံးအောင် ဖိနှိပ်တာ မကြိုက်ရင် သူများကိုလည်း လူ့အခွင့်အရေး ဆုံးရှုံးအောင် မဖိနှိပ်ဘူး။ ငါတို့ကို စော်ကားလို့ ဒေါသထွက်ရင် သူများကို စော်ကားရင်လည်း ဒေါသထွက်မှာပဲ။ ငါတို့ကို သတင်းမှား၊ သတင်းလိမ် ရေးတာ နာမိရင် သူများကို သတင်းမှား၊ သတင်းလိမ်ရေးတာလည်း နာပေးတတ်ရမှာပဲ။ ဒါက ကိုယ်ချင်းစာစိတ်ပဲ မဟုတ်လား။

    ဘုရားတည်ကျောင်းဆောက်တာ ငါတို့အတွက် အင်မတန်ထူးကဲတဲ့ ကုသိုလ်လို့ မြင်ပေမဲ့ သူများ ဘုရား ကျောင်းကန်ပြုပြင်တာ မြင် ရရုံလေးနဲ့ မစ္ဆရိယ စိတ်ပွားနေရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ ကိုယ့်ဘာသာတရားအထိမ်းအမှတ် တံဆိပ် လက္ခဏာကို မတော်တဆပဲဖြစ်ဖြစ် အရိုအသေတန်ပြုမူတာ လောက်ကို အလွန်အင်မတန် မကျေမချမ်းဖြစ်ရပေမဲ့ သူများဘာသာတရားအကြီးအကဲ၊ ကျမ်းစာ၊ အထိမ်းအမှတ်တွေကို မစားရ၀ခမန်း စော်ကားရတာကို စိတ်တွေ့နေရင်၊ ခုံမင်နေရင်၊ အကျေနပ်ကြီး ကျေနပ်နေရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ ကိုယ့်ကိုဝေဖန်တာကို စော်ကားတယ်မြင်ပေမဲ့ သူများကိုစော်ကားတော့ ဒါ-ဝေဖန်တာပါ၊ ဒါ-လွတ်လပ်မှုပါလို့ဆိုရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးဆိုတာ စော်ကားလိုသူတွေအတွက်၊ ဖိနှိပ်လိုသူတွေအတွက်ဖြစ်ပြီး အစော်ကားခံ၊ အဖိနှိပ်ခံတွေအတွက်တော့ လွတ်လပ်မှုမလိုဘူး၊ လူ့အခွင့်အရေးမလိုဘူးဆိုရင် ကိုယ်ချင်းစာစိတ်ကင်းတာပဲ မဟုတ်လား။ ကိုယ်ချင်းစာစိတ်ဟာ လွတ်လပ်မှုရဲ့ စည်းပါ။ စည်းကျိုးပျက်နေတဲ့ လူ့အသိုက်အမြုံဟာ မငြိမ်းချမ်းမှုတွေနဲ့ ပဋိပက္ခတွေရဲ့ စက်ရုံတစ်ခုပါ။

    လွတ်လပ်မှုရဲ့စည်း—–ဖြစ်တဲ့ ကိုယ်ချင်းစာစိတ် ကျွန်တော်တို့မှာ ရှိ၊မရှိသိရအောင် ဒီလိုလေး တွေးကြည့်ရအောင်ပါ။

     ချာလီဟာ ထင်လင်းဦး ဆိုပါစို့။
        ထင်လင်းဦးဟာ နေမျိုးဝေ ဆိုပါစို့။
        နေမျိုးဝေဟာ ဟန်နာဘိခ်ျ ဆိုပါစို့။
         ဟန်နာဘိခ်ျဟာ ချာလီ ဆိုပါစို့။
        ၇၈၆ ဟာ ၉၆၉ ဆိုပါစို့။
        ဦးဝီရသူဟာ ဘင်လာဒင် ဆိုပါစို့။
        Charlie Hebdo မဂ္ဂဇင်းဟာ V Gastro ဘားဆိုင် ဆိုပါစို့။
        မလေးရှားက အသတ်ခံဗမာတွေဟာ တောင်ကုတ်က အသတ်ခံမွတ်စလင် ၁၀ ဦး ဆိုပါစို့။

        ထိုင်းက လုယက်၊လူသတ်၊ မုဒိမ်းကျင့်မှု စွပ်စွဲခံ မြန်မာ ၂ ဦးဟာ တောင်ကြီးက အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ်နှစ်ရှည်တွေ ချခံလိုက်ရတဲ့ မွတ်စလင် ၂၀ ဦးဆိုပါစို့။

        မြန်မာပြည်က အစိုးရ အဖျက်ဆီးခံ ရမည်းသင်း ကံကြီးဗလီဟာ အာဖဂန်က တာလီဘန်တွေရဲ့ အဖျက်ဆီးခံ ဗုဒ္ဓရုပ်ပွားတော်ဆိုပါစို့။

        မိတ္ထီလာ အသတ်အဖြတ်ပွဲမှာ ဓားဆွဲ ခုတ်ထစ်နေတဲ့ သံဃာ တစ်ချို့ဟာ အစ္စလာမ် ဘာသာတရား အမည်ခံပြီး သောင်းကျန်း ဆိုးဝါးနေတဲ့ IS အဖွဲ့နဲ့ ဘိုကိုဟရမ် အဖွဲ့ဆိုပါစို့။

    အဲဒီလို ”ဆိုပါစို့”တွေမှာ မှန်တာမှားတာထက် သူ့ဘက်ကိုယ့်ဘက် ရှုထောင့်ပြောင်းမြင်တတ်တဲ့ စာနာခြင်းတရား၊ ကိုယ်ချင်းစာ စိတ်တွေ ထားကြည့်လိုက်ရင် ”လွတ်လပ်မှုရဲ့ စည်း”ကို ကျွန်တော်တို့ ထင်ထင် ရှားရှား မြင်လာနိုင်ပါလိမ့်မယ်။ ”ဆိုပါစို့”ဆိုတာ ကိုတောင် သည်းခံနိုင်စွမ်းမရှိဘူး၊ လက်မခံနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ကိုယ်ချင်းစာနိုင် စွမ်းကင်းမဲ့သူတွေ၊ ”လွတ်လပ်မှုရဲ့စည်း”ကျိုးပေါက်နေသူတွေဖြစ်တာ သေချာသလောက်ရှိပြီး ငြိမ်းချမ်းရေး ငတ်မွတ်ခေါင်းပါး ကျိန်စာသင့် ကပ်ဆိုက်နေ ရဦးမည့် သူများသာ ဖြစ်ကြောင်း ၀မ်းနည်းစရာအတိတ်ဆိုး နိမိတ်ဆိုးဖြစ်ပါတယ်။

    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။