News @ M-Media

Blog

  • အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ

    အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    nsr

    – ဖာဂူဆန်နှင့်တွေ့ဆုံခဲ့ပြီး မန်ယူနှင့်သို့ရောက်ရန် နီးစပ်ခဲ့သော်လည်း အာဆင်နယ်အသင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အကြောင်း ဖန်လာသောကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။

    အာဆင်နယ်၌ ကစားနေစဉ် နာဆရီမှာ ဖာဂူဆန်နှင့် ပြင်သစ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မန်ယူသို့ပြောင်းရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း၊ မန်စီးတီး၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

    `ကျွန်တော်တို့ ဖာဂူဆန်နဲ့ ပဲရစ်မှာတွေ့ဆုံခဲ့ပါတယ်။ ကောလဟာလတွေ ဖြစ်မလာအောင် လျှို့ဝှက်နေရာတစ်ခုမှာ တွေ့တာပါ။ ဒါပေမယ့် ပြဿနာတစ်ခု ရှိခဲ့ပါတယ်။ ဒါကတော့ မန်ယူကိုပြောင်းဖို့ အာဆင်နယ်နဲ့ အကြိတ်အနယ် ဆွေးနွေးခိုင်းတာပါပဲ။ ဒီလိုလုပ်ဖို့ မဖြစ်ဖူးဆတိုတာ ကိုယ့်ကိုယ်ကို သိခဲ့ပါတယ်။ အထူးသဖြင့် အဆင်ဝင်းဂါးနဲ့ပေါ့ဗျာ´ ဟု နာဆရီက Beln Sports သတင်းစာသို့ ၀န်ခံပြောကြားခဲ့သည်။

    ထို့ပြင် မန်စီးတီး၏ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး မန်စီနီကလည်း နေ့စဉ်နေ့တိုင်း ဖုန်းခေါ်ခဲ့ကြောင်း၊ ထို့နောက် မိမိအနေဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အဆင်ဝင်းဂါးကိုယ်တိုင်က နာဆရီမှာ ငွေကြေးမက်လုံးကြောင့် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။ မန်စီးတီးသို့ ရောက်ရှိခဲ့သည့် နာဆရီမှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်နှင့် လိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည်။

    Ref : goal.com

  • ဒုတိယရာသီဝက်တွင် မိမိတို့အသင်း ပိုကောင်းလာမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို

    ဒုတိယရာသီဝက်တွင် မိမိတို့အသင်း ပိုကောင်းလာမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    rdg

    – မိမိတို့အသင်းအနေဖြင့် ယခုလက်ရှိတွင် အနေအထားကောင်း၌ ရှိနေပြီး ဒုတိယရာသီဝက်အတွင်း အမှတ်ပေးဇယား၌ ပိုမိုကောင်းမွန်သော အဆင့်ကို ပြန်လည် တက်လှမ်းလာနိုင်မည်ဟု ခံစားရကြောင်း လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက
    ပြောကြားလိုက်သည်။

    စနေနေ့က ကစားခဲ့သည့် ဆန်းဒါးလန်းနှင့်ပွဲတွင် လီဗာပူးလ်မှာ ကစားပုံကောင်းခဲ့ပြီး တစ်ယောက်လျော့ ဆန်းဒါးလန်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ပြင် အသင်းရှိ အားထားရသည့် ကွင်းလယ်ကစားသမား စတာလင်မှာ လာမည့်တစ်ပတ်
    အက်စတွန်ဗီလာနှင့်ပွဲတွင် ပါဝင်နိုင်မည်ဖြစ်ပြီး တိုက်စစ်မှူး စတားရစ်ခ်ျမှာလည်း ယခုလအတွင်း ဒဏ်ရာမှ ပြန်ကစားနိုင်မည်ဖြစ်သည်။

    ဒဏ်ရာရနေသည့် အဒမ်လာလနာကလည်း မကြာမီ ပြန်ကစားနိုင်တော့မည် ဖြစ်သောကြောင့် ရော်ဂျာက အသင်း၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ယုံကြည်မှုအပြည့် ရှိနေသည်။

    `စိတ်လှုပ်ရှားစရာကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့ဟာ အလုပ်ရဲ့ အဆုံးပိုင်းဖြစ်တဲ့ ဒုတိယရာသီဝက်မှာ အမြဲတမ်း ပိုကောင်းပါတယ်။ စတာလင် လန်းလန်းဆန်းဆန်း ပြန်လာမယ်။ အဒမ် လာလနာကလည်း ပြန်ကစားနိုင်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်´ ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    လီဗာပူးမှာ အလက်ရှိအချိန်တွင် ရမှတ် ၃၂ မှတ်ဖြင့် အဆင့် ၈ နေရာတွင်ရှိနေပြီး အဆင့် ၄ မှ မန်ယူနှင့် ၅ မှတ်ကွာဟနေသည်။

    Ref: goal

  • ပဲရစ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် ချီတက်လမ်းလျှောက်မှု လူသန်းချီပါဝင်

    ပဲရစ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် ချီတက်လမ်းလျှောက်မှု လူသန်းချီပါဝင်

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    prs

    – ပြီးခဲ့သည့် သီတင်းပတ်က ပဲရစ်မြို့အတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုနှစ်ခုတွင် သေဆုံးသွားခဲ့ရသူများနှင့် တစ်သားတည်းရှိမှုကို ပြသသည့် ချီတက်မှုများအတွင်း ကမ္ဘာ့ခေါင်းဆောင်များ အပါအ၀င် လူပေါင်းသန်းချီ ပါဝင်ခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ချီတက်မှုတွင် ပဲရစ်မြို့တစ်ခုတည်း၌ပင် လူပေါင်း ၁.၆ သန်း ပါဝင်ခဲ့ကြသည်။ Charlie Hebdo သတင်းစာတိုက် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော ၀န်ထမ်းများ၏ မိသားစုများပါ ပါဝင်သည့် အဆိုပါ လူအုပ်ကြီးမှာ ပဲရစ်မြို့ရှိ သမိုင်းဝင် Place de la Republique နေရာ တွင် စုရပ်လုပ်ကာ ၃ ကီလိုမီတာဝေးသော မြို့အရှေ့ပိုင်းရှိ Republique to Place de la Nation နေရာသို့ ချီတက်ခဲ့ကြသည်။

    အဆိုပါ ချီတက်ပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်၊ စပိန်ဝန်ကြီးချုပ် မာရီယာနိုတို့ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် များလည်း တက်ရောက်ခဲ့ကြပြီး၊ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်၊ ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ နှင့် မိဖုရားတို့ အပါအ၀င် မွတ်စလင်နိုင်ငံများမှ ခေါင်းဆောင် တစ်ဒါဇင်ကျော် ပါဝင်ခဲ့ကြသည်။

    ထိုကဲ့သို့ ချီတက်ပွဲများကို ပြင်သစ်နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြပြီး စုစုပေါင်း ပါဝင်သူဦးရေ ၃.၇ သန်းခန့်ရှိကာ ပြင်သစ်မွတ်စလင်များ ကလည်း အင်တိုက် အားတိုက် ပါဝင်ခဲ့ကြသည်။

    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော သတင်းစာတိုက် တိုက်ခိုက်မှုတွင် မွတ်စလင်ရဲအရာရှိပါအ၀င် ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ သတင်းစာ တိုက်မှ ၀န်ထမ်း ၁၀ ဦး စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ပြီး၊ ၂ ရက်အကြာ ပဲရစ်မြို့ ဆူပါမားကတ်တစ်ခုတွင် ဖြစ်ပွားခဲ့သော အပိုင်စီးမှု တစ်ခုတွင်လည်း လူ ၅ ဦးသေဆုံးခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဂျာနယ်လစ် ၁၇ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သော အစ္စရေး၏ ကျူးကျော်စစ်အတွင်း ဝေဖန်ခံနေရသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုလည်း ပဲရစ်တွင်ပြုလုပ်ခဲ့သည့် ချီတက်မှုတွင် ပါဝင်ခဲ့သည်။

    Ref : aljazeera

  • မဟာပညာရှိ ဂျာရစ်နှင့် အမေးအဖြေ

    မဟာပညာရှိ ဂျာရစ်နှင့် အမေးအဖြေ

    ဇန်နဝါရီ ၁၂ ၊ ၂၀၁၅
    M-Media

    မေး။    ။ ဦးဂျာရစ်ရေ အခုဆိုမြန်မာနိုင်ငံရဲတပ်ဖွဲ့တွေနဲ့ မြန်မာပြည်ကရဲတွေ အရမ်းတော်လာတာကို တွေ့ရတယ်နော်။ ကျုပ်တို့ငယ်ငယ်ကဆို ရဲတွေသေနတ် မသုံးရတာကြာလွန်းလို့ ရဲကိုင်တဲ့သေနတ်ဆို သံချေးတောင်တက်ဆိုပဲ၊ ပစ်မှတ်ဆိုလဲ လွဲမှလွဲပဲဗျို့။
    ဦးတုတ်ပေါ (တောင်ငူ)

    ဖြေ။    ။ ဦးတုတ်ပေါရေ အခုခေတ်မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေ တော်လာတာတော့ မှန်တယ်ဗျို့။သတင်းတစ်ခုဆို ချက်ခြင်းသိ ချက်ခြင်းလိုက်ပဲ အဲ လွဲတာလေးတစ်ခုက တရားခံစစ်စစ်ကို မမိလိုက်ပဲ လွတ်လွတ်နေတတ်တာလေး တစ်ခုနဲ့ ခြေထောက်ပိုင်းကို ပစ်ရင် ခေါင်းကိုထိမိတာလေး တစ်ခုပါပဲ ဟဲ…ဟဲ။

    မေး။    ။ ကျွန်မက အနုပညာဝါသနာပါသူမို့ ဦးဦးကို အနုပညာနဲ့ ပတ်သက်တာလေး တစ်ခုမေးပါရစေရှင့်။ ဒီနှစ် အကယ်ဒမီပေးပွဲမှာ ဆုတွေပေးတာ နည်းနေသလိုပဲ။ တစ်နှစ်ထက် တနှစ်ဆုပေးတာတွေ လျှော့လျှော့လာ တာမြင်ရတော့ ဒီလိုတောင်တွေးမိတယ်။ နောက်ဆို မင်းသမီးနဲ့မင်းသားကိုပဲ ပေးတော့မှာလား မသိဘူးနော်လို့။
    နန်းခင်မူ (ကသာ)

    ဖြေ။    ။ ရူးတိုးတိုးနန်းရေ အလိုလိုကမှ အလိုလိုရယ်ကွယ်။ နန်းပြောတာများကြားသွားရင် ဦးဦးဖြင့် တွေးတောင် မတွေးရဲလောက်အောင် ရင်တုန်မိပါ့။

    မေး။    ။ ၂၀၁၅ ခုနှစ်ဦးပိုင်းမှာ ကြောက်စရာကောင်းလောက်အောင်ကိုပဲ လူလူချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုတွေဖြစ်ပေါ်နေတယ်နော်။ မုဒိန်းမှုတွေနည်းပြီး လူသတ်မှုတွေပိုများလာသလိုပဲနော်။ အဲဒါဘာသဘောလဲဗျာ။
    အငယ်လေး (မကွေး)

    ဖြေ။    ။ ဟုတ်ပါပေ့ မောင်အငယ်လေးရေ လူတွေလဲ ဘာတွေဖြစ်ကုန်မှန်းကို မသိပါဘူးကွယ်။ ဒီမိုကရေစီကို ခုတုန်းလုပ်ချင်တဲ့သူနဲ့ ကျပ်တည်းမှုကို အကြောင်းပြချင်တဲ့သူနဲ့ ဦးဦးတစ်ခု စဉ်းစားမိနေတာကို ပြောရရင် တရားဥပဒေနဲ့ပြစ်ဒဏ် ချမှတ်မှုရော့ရဲခြင်းတွေ အပေါ် တည်မလား ဆိုတာပါပဲ။ လူတွေကြမ်းတမ်းနေကြ တာကတော့ သိကြားမင်းက ဂဠုန် စီးပြီးဆင်းတာကိုးကွဲ့။

    မေး။    ။ ဦးရေ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်ရဲ့ စေတနာက လေးစားလောက်တယ်ဗျာ။ “လယ်တွေကိုရောင်းချ လိုက်ယုံနဲ့ ခင်ဗျားတို့ ဘယ်လိုမှဆင်းရဲ သွားစရာ အကြောင်းမရှိပါဘူး။ ခင်ဗျားတို့ ရလာတဲ့ငွေတွေကို မစီမံတတ်ရင် ကျွန်တော့်ကိုပေး ကျွန်တော် စီမံပေးမယ်” ဆိုပဲနော်။ အပြောရဲရဲ အလုပ်ရဲရဲပဲဗျ။
    မောင်သိန်း (တာမွေ)

    ဖြေ။    ။ မောင်ရင့်နှယ် စေတနာကိုလေးစားရမှာပေါ့ကွယ်။ ရဲဆို သူတို့က မြန်မာပြည်သူပြည်သားတွေ ရဲ့ တစ်အိမ်လုံးသုံး စားစရိတ်ကို တစ်နေ့နှစ်ထောင်နှုန်းနဲ့ သတ်မှတ်ထားတာ မဟုတ်လားလို့ မောင်ရင်ရယ်။ ကျန်တာတော့ ကိုယ့်ဖာသာ ကိုယ်သာ တွက်ကြည့်ပေါ့ကွယ်။

    ပြည်သူ ပြည်သားအားလုံးကိုလေးစားတဲ့
    ဂျာရစ်

  • ကွာလာလမ်ပူတွင် တရားမ၀င် နေထိုင်နေသူ နိုင်ငံခြားသားများ စစ်ဆေးဖမ်းဆီး၊ မြန်မာနိုင်ငံသား ၆၀ အဖမ်းခံရ

    ကွာလာလမ်ပူတွင် တရားမ၀င် နေထိုင်နေသူ နိုင်ငံခြားသားများ စစ်ဆေးဖမ်းဆီး၊ မြန်မာနိုင်ငံသား ၆၀ အဖမ်းခံရ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    malay

    – ယမန်နေ့က မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း နေထိုင်ခွင့်ထောက်အထားများ မပြနိုင်သော နိုင်ငံခြားသား ၂၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှား အာဏာပိုင်များက ပြောကြားလိုက်သည်။

    ရဲတပ်ဖွဲ့၊ မြူနီစီပယ်နှင့် လူဝင်မှုကြီးကြမ်းရေးဌာနတို့မှ ပူးပေါင်းပြုလုပ်ခဲ့သည့် အဆိုပါ စစ်ဆင်ရေးအတွင်း နိုင်ငံခြားသား ၁၁၉၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ ၂၁၅ ဦးမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေအား ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ရကာ ကျန်လူများကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

    ကွာလာလမ်ပူမြို့တစ်ဝှမ်း နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်နေထိုင်မှု များပြားလာခြင်းနှင့် ပတ်သက်၍ ပြည်သူများက တိုင်ကြာမှုများ ပြုလုပ်သောကြောင့် ထိုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဇိုင်နဲလ် ဆမ်မာဟ်က ပြောကြားခဲ့သည်။

    `ပတ်ဝန်းကျင်မှာ နိုင်ငံခြားသားတွေ များလာတာကြောင့် ဒေသခံတွေက သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်တယ်လို့ ပြောကြပါတယ်။ ဒါ့ကြောင့် ဒီလို ပူးပေါင်းစစ်ဆင်ရေးဟာ ဒီဧရိယာအတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဖမ်းဆီးစစ်ဆေးမှုများကို ကိုတာရာယာ၊ မိုင်ဒင်း၊ ဆန်ထရဲလ်မားကတ်တို့အပါအ၀င် ကွာလာလမ်ပူ မြို့လယ်ကောင်ရှိ အထင်ကရ နေရာ ၁၀ ခုတွင် ယမန်နေ့နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    တရားဝင်အထောက်အထားများ မပြနိုင်သူ ၂၁၅ ဦးတွင် နီပေါမှ ၁၂၀ ဦး၊ မြန်မာမှ ၆၀ ဦးနှင့် ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် အိန္ဒိယတို့မှ ဖြစ်သည်ဟု ဇိုင်နဲလ်က ပြောကြားခဲ့သည်။

    Ref: thestar