ဇန်န၀ါရီ ၁၁၊ ၂၀၁၅
M-Media

– မိမိကိုယ်ကိုသတ်သေခြင်းမပြုမီ နောက်ဆုံးနေ့ရက်များအတွင်း ဟစ်တလာနေထိုင်ခဲ့သော ဘာလင်မြို့ရှိ ဘန်ကာအား ပုံတူထုလုပ်ကာ ဂျာမနီရှိ ပြတိုက်တွင် ပြသသွားမည်ဟု သိရသည်။
Fuhrerbunker ဟု အမည်ရသည့် အဆိုပါဘန်ကာကို ဟစ်တလာလက်ထက် ဘာလင်ရှိ ၀န်ကြီးချုပ်ရုံး အနီးတွင် ထုထည်ကြီးမားစွာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်နောက်ဆုံးလများအတွင်း မဟာမိတ်တို့၏ ထိုးစစ်ဆင်မှုကို အပြင်းအထန် ခံစားခဲ့ရသည့် နာဇီစစ်တပ်အား ထို ဘန်ကာထဲမှနေ၍ ဟစ်တလာက ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဘန်ကာ၏ ပုံတူကို ဘန်ကာအစစ်တည်ရှိရာနေရာနှင့် ကီလိုမီတာ ၄၈၀ ဝေးသော အိုဘာဟူဆန်ဒေသရှိ Top Secret ပြတိုက်တွင် လုပ်သွားမည်ဖြစ်ပြီး လာမည့်နှစ်နွေရာသီတွင် ပြသနိုင်ရန် စီစဉ်ထားသည်။
`ကျွန်တော်တို့ အစီစဉ်တွေဆွဲနေပြီး ဗိသုကာ ပညာရှင်တွေကလည်း ပါဝင်လုပ်ဆောင်နေပါတယ်´ ဟု ပြတိုက်အကြီးအကဲ အင်ဂို မာစ်မန်က ပြောကြားခဲ့သည်။
သို့သော်လည်း ဝေဖန်မှုများမခံရစေရန်နှင့် နာဇီလက်သစ်များ၏ အထွဋ်အမြတ်ထားရာနေရာ မဖြစ်လာစေရန်အတွက် ဒီဇိုင်းကို သေချာစွာဆောင်ရွက်နေပြီး ဘန်ကာရှိ ဟစ်တလာဓာတ်ပုံ ထားရှိရာနေရာတွင် အမည်းရောင်ဘောင်အလွတ်တစ်ခုကို ထားရှိသွားမည်ဖြစ်သည်။
ထို့ပြင် အဆိုပါဘန်ကာကို အစစ်နှင့်တူအောင် တည်ဆောက်ရန်အတွက် မြေပုံများ၊ သမိုင်းဝင်ဓာတ်ပုံများ၊ ဟစ်တလာ၏ နောက်ဆုံးနေ့ရက်များကို ရိုက်ကူးထားပြီး ၂၀၀၄ ခုနှစ်က ထွက်ခဲ့သော The Downfall ရုပ်ရှင် ဇာတ်လမ်းကို အသုံးပြုသွားမည်ဖြစ်သည်။
ဟစ်တလာမှာ ၁၉၄၅ ခုနှစ် ဧပြီလအတွင်း ဆိုဗီယက်တပ်များ ဘာလင်မြို့သို့ ၀င်ရောက်လာသည့်အချိန်တွင် ဇနီးဖြစ်သူနှင့်အတူ မိမိကိုယ်ကိုယ် အဆုံး စီရင်သွားခဲ့သည်။ ၎င်းတို့ ၂ ဦး၏ အလောင်းများကို ဆိုဗီယက်စစ်သားများက ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ကြပြီး ပြာများကို အနီးရှိ ဗုံးကျင်းထဲသို့ လောင်းချခဲ့သည်။
Ref : alarabiya