News @ M-Media

Blog

  • ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူများအား အသေဖမ်းမိ

    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူများအား အသေဖမ်းမိ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၅
    M-Media

    Hostages after an hold-up in a jewelery in Southern France

    – ဗုဒ္ဓဟူးနေ့က ပဲရစ်မြို့ရှိ Charlie Hebdo မဂ္ဂဇင်းတိုက်အား သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည်ဟု ယုံကြည်ရသည့် ညီအကို ၂ ဦးအား ပြင်သစ်ရဲတပ်ဖွဲ့ အသေ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်မှုဖြစ်ပွားပြီး ၂ ရက်ကြာ လွတ်မြောက်နေခဲ့သည့် အသက် ၃၂ နှစ်အရွယ်ရှိ စအစ် ကောက်ချီနှင့် ၃၄ နှစ်အရွယ်ရှိ ချရစ်ဖ်ကောက်ချီတို့ နှစ်ဦးမှာ ပဲရစ်မြို့မြောက်ဘက် ပုံနှိပ်တိုက်တစ်ခုအတွင်း ဓားစာခံတစ်ဦးကို ဖမ်းဆီးကာ ပုံးအောင်းနေခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါပုံနှိပ်တိုက်အား ၀န်းရံထားပြီးနောက် ထိုညီအကိုနှစ်ဦးနှင့် ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့က ပုံးအောင်နေရာမှ ထွက်လာကာ ပစ်ခတ်သောကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဖမ်းဆီးထားသည့် ဓားစာခံမှာ ထိခိုက် ဒဏ်ရာရခြင်း မရှိချေ။

    ထိုညီအကိုနှစ်ဦးနှင့် ဆက်စပ်နေသည့်ဟု ယူဆရသည့် လူတစ်ဦးကလည်း ယမန်နေ့ နံနက်ပိုင်းတွင် ပေါ်တီ ဒီ ဗင်ဆန်နက်စ်ဒေသရှိ ဆူပါမားကတ်တစ်ခုသို့ ၀င်ရောက်၍ ဓားစားခံများပြန်ပေးဆွဲခဲ့ပြီး ညီအကိုနှစ်ဦးအား လွှတ်ပေးရန် ရဲတပ်ဖွဲ့အား တောင်းဆိုခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့က ဆူပါမားကတ်အား ၀င်ရောက်စီးနင်းခဲ့ရာတွင် အဆိုပါ ပြန်ပေးသမားနှင့်အတူ ဓားစာခံ အနည်းဆုံးလေးဦး သေဆုံးခဲ့သည်။ ဓားစာခံများ ကမူ ရဲတပ်ဖွဲ့မှ ၀င်ရောက်စီးနင်းခြင်းမပြုမီ သေဆုံးခဲ့ပုံရသည်ဟု ပြင်သစ် တရားသူကြီး ဖရန်ကော့စ် မိုလင်က ပြောကြားခဲ့သည်။

    Charlie Hebdo မဂ္ဂဇင်းမှာ အစ္စလာမ်သာသနာနှင့် တမန်တော်မိုဟမက်တို့အား စော်ကားလှောင်ပြောင်သည့် ကာတွန်းများကို အကြိမ်ကြိမ် ရိုက်နှိပ်ဖော်ပြခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုမှာ ထိုအတွက် လက်စားချေခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

    Ref: aljazeera

  • နာရီတွေကို မုန်းတယ်

    နာရီတွေကို မုန်းတယ်

    ဇန်နဝါရီ ၉ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင်ရေးသည်။

    4413755617_smashing_alarm_clock_300x200_answer_2_xlarge

    “နာရီတွေကို မုန်းတယ်” လို့ ကျွန်မရဲ့စာရေးဖော် တစ်ယောက်ကပြောဖူးတယ်။ မုန်းဆို သူ့အကြောင်းနှင့်သူကိုး။ သူပြန်ပြောပြ သလောက် အရဆို…..

    “ငါ့အိမ်မှာနာရီတွေထားရတာ များပြောပါတယ်။ အိမ်ရှေ့ ဧည့်ခန်း နံရံမှာ တစ်လုံး၊ အိမ်ရှေ့ခန်းနဲ့ အိမ်ထဲအကူးမှာ တစ်လုံး၊ ကုတင်ဘေးကစားပွဲမှာ နိုးစက် နာရီ တစ်လုံး၊ နောက်ဆုံးဟယ် မီးဖိုခန်းနံရံမှာ တစ်လုံး၊ ဒါတောင် ငါတို့ မိသားစုလေးယောက် ပတ်တဲ့ နာရီတွေ မပါသေးဘူး။ ငါ့မှာအချိန်ကို အဲဒီလောက်ကိုးကွယ်ရတာလေ”

    “မိုးမလင်းသေးဘူး နှိုးစက်နာရီကထမြည်ပြီ။ အိပ်ရာထဲ ဇိမ်နဲ့နှပ်ဖို့တော့ လုံးလုံးစိတ်မကူးလေနဲ့။ အိပ်ရာကနေဝုန်းကခနဲထရတာ။ အင်း… အိပ်ယာထတဲ့အချိန်ကိုလည်းကြည့်ဦး၊ မိုးမလင်းသေးဘူလေ။ ကျီးမြီးဆွဲထရတာလို့ အမေပြောသလိုပြောလိုက်မယ်။ မျက်နှာသစ်၊ သွားကပျာကယာတိုက်၊ ဘုရားကိုပုဆိန်ပေါက်ရှစ်ခိုး၊ အဲ..ပြီးတော့နဲ့မီးဖိုခန်းကို တန်းဝင်ပေတော့ပဲ။ ပထမနှစ်ကျောင်းသား အကြီးကောင် အတွက် ထမင်းဘူး၊ ပြီးတော့ ငါ့ရဲ့အိမ်ဦးနတ်ကြီး အတွက် ထမင်းချိုင့်၊ နောက်ဆုံးတော့ ငါ့အတွက် ထမင်းချိုင့်၊ တန်းစီပြီး ချက်ရတယ်။ အသားမစားတဲ့သူ၊ ငါးမကြိုက်တဲ့သူ၊ အို…ဇီဇာကြောင်ကြတဲ့ တို့မိသားစုလေးယောက် အတွက် သယဇာတဖြစ်မဲ့ ဟင်းတွေကို အမြန်နှုန်းဖြင့် ချက်ရတာ။ ဟင်းအစီအစဉ်ကိုတော့ ငါ့ရုံးမှာ စာရင်းဇယားဆွဲသလို တစ်ပတ်ရေးမှတ်ထားရတယ်ဆိုရင် နင်အံ့သြမလား”

    “လူကသာမီးဖိုနားမှာချက်ပြုတ်နေတာ မျက်လုံးတွေ ကတော့ နံရံပေါ်က နာရီတွေဆီရောက်နေရတာ။ အိမ်ကထွက်ချိန်တွေ မတူကြပေမယ့် အားလုံးအတွက် မနက်စာကတော့ တစ်ချိန်တည်းစီစဉ်ရတာဆိုတော့ ပဲပြုတ်ထမင်းကြော်ကို နှစ်အတော်ကြာအောင် မရိုးမအီဘဲစားကြရတာ။ ပဲပြုတ်ကလည်း တစ်ရက်ကြိုဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရတာ၊ ဒါကလည်း အချိန်နဲ့ ဝယ်ရတာနော်။ နေနည်းနည်းမြင့်သွားလို့ကတော့ လမ်းထိပ်ကပဲပြုတ်သည် ခြင်းတောင်းသိမ်းလို့ အိမ်ပြန်ပြီ။ သားနှစ်ယောက်ရော သူ့အဖေပါ အိမ်အလုပ်တွေဝိုင်းကူကြပါတယ်။ ချက်ရေးပြုတ်ရေးကတော့ ငါပဲအဓိက တာဝန်ယူရတာပေါ့။ ငါတို့လည်းမနက် ၈ နာရီမခွဲခင် နာရီတကြည့်ကြည့်နဲ့အလုပ်တွေ လက်စသတ်ကြရတာ။ ပြီးရင်ရေမိုးချိုးပြီး ရုံးသွားဖို့ပြင်ဆင်ရရော။ ဒီတော့လေ မှန်ရှေ့မှာဘီးလေးကို ကိုင်ကာရယ် ဆိုတဲ့ငါတို့င်ငယ်ကသီချင်းလေးတစ်ပုဒ်လို အချိန်ယူပြီးအလှပြင်နေမအားဘူးဟယ်၊ သနပ်ခါးကဗျာကယာလိမ်း၊ လမ်းလျှောက်နဲ့အခါ လေတိုးခံနိုင်မဲ့ အာမခံဆံထုံးကို ခိုင်ခိုင်ထုံး ရုံးယူနီဖောင်းဝတ်ပြီး တက်သုတ်ရိုက်နေကျ”

    “နာရီကိုမော့မော့ကြည့်ရလွန်းလို့ ငါ့လည်ပင်းရှည် ထွက်လာကြေးဆိုရင်တော့ ဌက်ကြီး ဝန်ပိုဖြစ်လောက်ပြီ။ ၈ နာရီခွဲတိတိဆိုရင် အိမ်တံခါး သော့ခတ်ပြီးသားဖြစ်ရတယ်လေ။ ဒါမှ သားအဖသုံးယောက်က အိမ်ကကားနဲ့ ထွက်သွားကြ၊ ငါကတော့အိမ်နဲ့ရုံးက နီးတော့ ခြေလျင်ပေါ့။ အင်း… ငါ့စိတ်ထဲမှာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ဖြစ်တယ်လို့ပဲ မှတ်လိုက်တယ်။”

    “ညနေခင်းမှာမိသားစု ဆုံချိန်ကျတော့လည်း မထူးပါဘူး။ နာရီ တကြည့်ကြည့်နဲ့ပါပဲ။ နောက်တစ်နေ့အတွက် ဟင်းရွက်သင်ရင်း၊ ကြက်သွန်ခွာရင်းကနေ အငယ်ကောင်ကိုစာရှင်းပြရသလို အကြီးကောင်ကလည်း မကြာမကြာဆိုသလို နားမလည်နိုင် တာတွေမေးပြန်ရော။ အဲ.. အလုပ်ပြီးတော့ နားတော့မယ်ဆိုပြီး တီဗီရှေ့ရောက်တော့ မိနစ်ပိုင်းတောင်မကြာပါဘူး။ မျက်လုံးတွေစင်းပြီး အိပ်ပျော်သွားရော။ ဒါပေမယ့် ည ၁၀ နာရီကျော်ပြီဆိုရင်တော့ အိပ်ရာဝင်ချိန်ဆိုတာ ပုံသေဖြစ်နေတယ်။ ကဲ.. ငါ့ဘဝမှာနေထွက် ကနေ နေဝင်အထိ အချိန်နာရီတွေနှင့် နှစ်ပါးသွားနေရတာ နင်သိပြီမဟုတ်လား။ ခတ်တာက အဲဒီနာရီတွေကိုပစ်လို့လည်း မရပြန်ဘူး။ အင်းလေ… တစ်ချိန်ချိန်မှာတော့ နာရီတွေကိုကြည့်နေရမှာမလိုတဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကိုရလာဦးမှာပါ။ အလုပ်ကနားတဲ့ အငြိမ်းစားယူချိန်ပေါ့။ အဲဒီအခါကျရင်တော့ ငါထင်ပါတယ်။ ဘယ်အချိန်မှာ ဘာကိုအပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ဖိစီး တင်းကျပ်နေတာတွေ မရှိသလောက်တော့ပါဘူးနော်။ အခုချိန်မှာတော့လေ ငယ်သူငယ်ချင်းဖြစ်တဲ့ နင့်ကိုပြောလိုက်မယ်။ နာရီတွေကိုမုန်းတယ်လို့ ”

    “ပြောရဦးမယ်။ နင်စာရေးသူတစ်ယောက်ဆိုတော့ ငါပြောသမျှ ဒိုင်ခံ နားထောင်ပေးမယ်လို့ ငါယုံကြည်တယ်။ နောက်ပြီးကောင်းကောင်း အကြံညဏ်ကလေးတွေ ရှိရင်လည်းပေးပါဦးဟာ။ အထူးသဖြင့် အိပ်ရာနိုးချိန်မှာ စိတ်တင်းကျပ်နေတာကိုပေါ့” လို့သူငယ်ချင်းက ရင်ဖွင့်ပြောလာတာမို့၊ မှတ်ဖတ် ဖူးသမျှထဲက ကောင်းနိုးရာရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

    တစ်နေ့လုံးလှုပ်ရှားသွားနေရတဲ့ လူတိုင်းဟာလုံလောက်တဲ့ အိပ်ချိန်အပြည့်အဝရှိဖို့လိုတယ်။ တစ်ချိန်လုံးလုံး ခပ်သုံးထားတဲ့ ရေတွင်းများလို ညအချိန်မှာ အနားပေးထားရင်၊ မိုးလင်းတာနှင့် ရေတွေပြန်ပြီးပြည့်လာသလိုပါပဲ။ လူတစ်ယောက် အတွက်လည်း အိပ်ရေးဝဝအိပ်ပြီး နိုးလာတဲ့အခါနောက်တစ်နေ့မှာ လှုပ်ရှားရုန်းကန်ဖို့ခွန်အားတွေပြည့်ဝလာပါတယ်။ အိပ်မောကျနေတုန်းမှာ ကြားလိုက်ရတဲ့ နာရီနှိုးစက်သံဟာ တကယ့်ကို ငှက်ဆိုးထိုးသံအတိုင်းပဲလို့ပြောကြတယ်။ အဲဒီအခါကြွက်သားတွေတောင့်တင်း သွားပြီး အားအင်ကုန်ခန်းသလို စိတ်ရှုပ်ထွေးပြီး အိပ်ရာကနေနိုးလာပါတယ်။ ဒါကြောင့် နှိုးစက်နာရီကို မသုံးမဖြစ် သုံးရမယ်ဆိုရင်လည်း နိုးရမယ့် အချိန်ထက် ၁၅ မိနစ်လောက်ဖြစ်ဖြစ်ကြိုထပါ။  ဒါဆိုရင် နှိုးစက်သံကြားကြားချင်း အိပ်ရာကနေ အလူးအလဲထစရာ မလိုတော့ပါဘူး။ ခဏလေးမှိန်းနေလို့ရပြီး မျက်လုံးတစ်ဝိုက်၊ နားထင်နှင့် နဖူးတစ်လျှောက် ဖြည်းဖြည်း သာသာလေးနှိပ်ပေးပါဆိုတဲ့ ရှေးပညာရှင်တစ်ဦးရဲ့ အကြံပြုတာကို လက်တွေ့ကျင့်သုံးကြည့်နိုင်ပါတယ်။

    လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး ပူနွေးလာတဲ့အခါ မျက်စိမှိတ်ထားတဲ့ မျက်ခွံတွေပေါ်မှာ အသာအယာဖိကပ်ထားခြင်းဟာလည်း မျက်လုံးတစ်ဝိုက်သွေးလှည့်ပတ်သွားလာခြင်းကို ကောင်းမွန်စေတယ်။ မျက်လုံးတွေကို မဖွင့်ခင်အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ ပြီးမှ ခပ်ဖြည်းဖြည်းလေး ရှုထုတ်တာကို အကျင့်တစ်ခုလိုလုပ်ပေးရင် ဦးနှောက်နှင့် နှလုံးအတွက် အကျိုးရှိလှပါတယ်လို့ ဆိုတယ်။ အိပ်ရာကမထခင် ကိုယ်လက် လှုပ်ရှားတဲ့ သဘောမျိုးလေးတွေကို တစ်ခဏလောက်လုပ်ပေးတာဟာ လူရေစိတ်ပါ အပန်းဖြေစေနိုင်တဲ့ နည်းလမ်းကောင်းပါပဲလို့ ပညာရှင်ကအဆိုပြုထားပါတယ်။  ဖြစ်နိုင်ရင်တော့ နှိုးစက်မကူရအောင် အိပ်ရာကစောစော ဝင်ပြီး ခပ်စောစောလေး အိပ်ယာကထနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ရာကနေငေါက်ခနဲ ထထိုင်လိုက်တာမျိုး မဟုတ်ရင်တော့ စိတ်သက်သက်သာသာရှိမှာ အမှန်ပါပဲ။

    စာကြွင်း — နာရီတွေကိုမုန်းတယ်ဆိုတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်း “မမူ” ဖတ်မိပါစေလို့။

    နှင်းဆီခင်

  • ပါလက်စတိုင်း အနာဂတ် အတွက် တံခါး တစ်ချပ် သို့မဟုတ် Dar Issaf alNashashibi စာဖတ် အသင်း

    ပါလက်စတိုင်း အနာဂတ် အတွက် တံခါး တစ်ချပ် သို့မဟုတ် Dar Issaf alNashashibi စာဖတ် အသင်း

    ဇန်နဝါရီ ၉၊ ၂၀၁၅
    M-Media
    bc87cb2d-834c-4de5-894e-51f6fd3f6213_16x9_600x338
    – သွေးထွက်သံယိုမှုများနှင့် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့သောကြောင့် မကြာသေးမီ လများအတွင်းကပ `အကြမ်းဖက်တိုက်ခိုက်မှု´ နှင့် `ဂျေရုစလင်´ ဟူသည့် စကားလုံးများမှာ သဘောသဘာဝ တူညီခဲ့ကြသည်။ သို့သော်လည်း အခြေအနေများ တည်ငြိမ်သွားသည့်နှင့် မီဒီယာများ၏ အဆိုပါမြို့အား စိတ်ဝင်စားမှုမှာ မှေးမှိန်ပျောက်ကွယ်ခဲ့လေတော့သည်။

    မည်သို့ပင်ဖြစ်စေကာမူ အရှေ့ဂျေရုစလင်အား အစ္စရေးက ၄၇ နှစ်ကြာ ကျူးကျော်သိမ်းပိုက်ထားမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ ဂယက်ရိုက်မှုများက ထိုဒေသတွင် နေထိုင်သည့် ၃ သိန်း ၆ သောင်းသော ပါလက်စတိုင်းပြည်သူများ၏ လူမှုဘ၀များကို ထိခိုက်လျက်ပင် ရှိနေလေသည်။

    `လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လှုပ်ရှားခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်တွေ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ဟာ အကျဉ်းထောင်ကြီးတစ်ခုမှာ နေရသလိုပါပဲ´

    ထိုစကားမှာ ပါလက်စတိုင်းလူငယ်များ ပညာရေးတိုးတက်စေရန်အတွက် Dar Issaf alNashashibi စာဖတ်အသင်းကို တည်ထောင်ခဲ့သည့် အဟ်မဒ်က ၎င်းတို့၏ အခြေအနေကို ဖွင့်ဟခဲ့သော စကားပင်ဖြစ်လေ၏။

    `အစ္စရေးရဲ့ နောက်ထပ် အစီအစဉ် တစ်ခုက ပါလက်စတိုင်းတွေရဲ့ လူမှုဘ၀တည်ဆောက်မှုစနစ်ကို ပျက်ပြားစေဖို့ မနားမနေကြိုးစားခြင်းပဲ ဖြစ်ပါတယ်´ ဟု ဆိုကာ အရှေ့ဂျေရုစလင်ရှိ လူငယ်များအား မူးယစ်ဆေးစွဲအောင်လုပ်ခြင်းနှင့် ကလေးများအား ဖမ်းဆီးထိန်းသိမ်းခြင်း စသည့် အစ္စရေး၏ လုပ်ရပ်များကို အဟ်မဒ်က ထောက်ပြခဲ့သည်။

    ရှိခ် ဂျရာမှ ဒါရ်အစ်ဆာ့ဖ် နက်စ်ဟက်ရှ်ဟီဘီ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေစင်တာရှိ ဂျေရုစလင်၏ တစ်ခုတည်းသော ပြည်သူ့စာကြည့် တိုက်နှင့် ပူးပေါင်း၍ ပါလက်စတိုင်း လူငယ်များအား အသိပညာကြွယ်ဝစေရန်နှင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်းအတွင်း အသိပညာပေးရန်အတွက် အသက် ၂၅ နှစ်အရွယ် သွားဆရာဝန် အဟ်မဒ်က လွန်ခဲ့သည့် ၆ လကပင် အဆိုပါ စာဖတ်အသင်းအား ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။

    လက်ရှိအချိန်၌ ထိုစာဖတ် အသင်းတွင် မတူညီသော အသက်အရွယ်အလိုက် အုပ်စု ၂ ခု ရှိလာခဲ့လေပြီ။ အဓိကအုပ်စုမှာ အသက် ၂၂ နှစ်မှ ၃၀ အကြား လူငယ် ၁၅ ယောက်မှ အယောက် ၂၀ ကြား ပါဝင်သည့် အဖွဲ့ဖြစ်ပြီး၊ အခြားအုပ်စုတစ်ခုမှာတော့ အသက် ၃၀နှင့် အထက် အမျိုးသမီး ၁၀ ဦးပါဝင်သည့် အဖွဲ့ဖြစ်လေသည်။ ထိုမျှမက အဆိုပါ စာဖတ်အသင်း၏ အဖွဲ့ခွဲ တစ်ခုကိုလည်း ရာမာလာတွင် တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။

    အဆိုပါ စာဖတ်အသင်းတွင် ပြည်သူများ၏ မဲပေးရွေးချယ်မှုကို အခြေခံ၍ အမျိုးအစားအလိုက်၊ စာရေးဆရာ အလိုက် စာအုပ်အများအပြား ရှိလေသည်။

    ဟီဘရူးတက္ကသိုလ်မှ အသက် ၂၅ နှစ်အရွယ် ဓာတုဗေဒ ကျောင်းသူ ရီဟမ် အဘူဂိုရှ့်က အဆိုပါ စာဖတ်အသင်းသို့ ဆက်သွယ်ရသည့် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုမှာ စာဖတ်ခြင်းက လူ့စွမ်းအားမြှင့်တင်ပေးရာ နည်းလမ်းဖြစ်သည်ဟု  လူ့အဖွဲ့အစည်းက ရှုမြင်လာစေရေး တိုက်တွန်းအားပေးရန်ဟု ပြောကြားခဲ့သည်။

    `ကျွန်မတို့ ပိုင်ဆိုင်တာဆိုလို့ စိတ်နှလုံးသားပဲ ရှိပါတယ်။ အသိပညာပေးခြင်းနဲ့ ဗဟုသုတတွေကနေ တစ်ဆင့် အပြောင်းအလဲကို ဖန်တီးနိုင်ပြီး ကျွန်မတို့ ရည်ရွယ်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါလိမ့်မယ်´ ဟု အဘူဂိုရှ့်က အနာဂတ် လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံတော်အတွက် ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

    အဆိုပါ စာအုပ်အသင်းက မကြာမီရောက်ရှိလာတော့မည့် အနာဂတ်၌ လူလားမြောက်လာကြမည့် အသက် ၁၀ နှစ်မှ ၁၈ နှစ်အရွယ် လူငယ်လေးများကို ပစ်မှတ်ထားရန် မျှော်လင့်ထား၏။

    `သူတို့မှာ လွတ်မြောက်ဖို့ ဒါမှမဟုတ် ရှင်သန်ဖို့ နေရာ မရှိပါဘူး။ သူတို့မှာ ကစားကွင်းတွေ မရှိဘူး၊ အားကစားလည်းမလုပ်ရပါဘူး။ အပန်းဖြေအသင်းအဖွဲ့တွေလည်း မရှိပါဘူး။ နောက်ပြီး သင်ရိုးညွှန်းတမ်းအပြင် အခြားလှုပ်ရှားမှုမျိုးတွေလည်း မရှိပါဘူး။ နောက်ဆုံး မှာတော့ ဒီလူငယ်လေးတွေဟာ လမ်းမပေါ်ရောက်ကုန်ပါတယ်၊ ပြီးတော့ သူတို့ဆီမှာရှိတဲ့ စွမ်းအားတွေကို စစ်သားတွေ ခဲနဲ့ပေါက်တဲ့နေရာပဲ အသုံးချလိုက်ကြပါတယ်´

    လူမှုဖူလှုံရေး ပြတ်တောက်ခြင်း

    အရှေ့ဂျေရုစလင် မြူနီစီပယ်အဖွဲ့မှ ဒါရိုက်တာဖြစ်သူ မိုဟာမက် အဘူကဖ်က ၎င်းတို့အဖွဲ့အနေဖြင့် အနုပညာစင်တာများ၊ အပန်းဖြေအသင်းအဖွဲ့များ စသဖြင့် လူ့အဖွဲ့အစည်းတိုးတက်ရေး လုပ်ငန်းများအား ဆောင်ရွက်ရန် ကြိုးစားသည့်အခါ အရှေ့နှင့် အနောက်ဂျေရုစလင်အကြား ဘက်ဂျက်ခွဲဝေမှုတွင် ကြီးမားသည့် ခြားနားချက်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဂျေရုစလင်ရှိ ၇၅.၃ ရာခိုင်နှုန်းသော ပါလက်စတိုင်းများမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူ ၃၆ ရာခိုင်နှုန်းမှာလည် ၁၂ နှစ်တက်ရမည့် အခြေခံပညာရေးကို အောင်မြင်ပြီးဆုံးခြင်း မရှိကြ။ အရှေ့ဂျေရုစလင်တွင် ကျောင်းထွက်မှုရာခိုင်နှုန်းမှာ ၂၀၁၃ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး အနောက်ဂျေရုစလင်တွင်တော့ ၁ ရာခိုင်နှုန်းသာရှိသည်။

    ၁၉၆၇ ခုနှစ် အစ္စရေးက အရှေ့ဂျေရုစလင်အား သိမ်းပိုက်ခဲ့ပြီးကတည်းက ဂျေရုစလင် မြူနီစီပယ်မှာ ဒေသအတွင်း၌ စာသင်ကျောင်းများ၊ ဆေးခန်းများအပါအ၀င် အရေးပါသည့် အခြေခံအဆောက်အဦးများတွင် ရင်းနှီးမြှပ်နှံနိုင်ခြင်းမရှိတော့ဟု အစ္စရေးရှိ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ BTselem က ၎င်းတို့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

    ထို့ပြင် မြို့တွင်းရှိ မိလ္လာစနစ်၊ လမ်းများ၊ လူသွားလမ်းများ၏ ၉၀ ရာခိုင်နှုန်းမှာ အစ္စရေး၏ အနောက်ဂျေရုစလင်တွင် ရှိနေပြီး ပါလက်စတိုင်း လူ့အဖွဲ့အစည်းကတော့ ထိုအရာများကို ဆုံးရှုံးနေလေ၏။

    ပြည်သူ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အလ်-မက်ဒီစ် အန်ဂျီအိုအဖွဲ့မှ စီမံကိန်းဒါရိုက်တာဖြစ်သူ အီဆမ် ဂျွေဟမ်က အရှေ့ဂျေရုစလင်တွင် မူးယစ်ဆေးစွဲနေသူနှင့် ရောင်းဝယ်ဖောက်ကားနေသူ ၂၀၀၀၀ ခန့် ရှိနေကာ အသက် ၁၇ နှစ်အရွယ် ကလေးများပင် ပါဝင်နေသည်ဟု ပြောခဲ့သည်။

    `စီလ်ဝမ်၊ ရွှာအက်ဖ်၊ အလ်တူရ်တို့က မူလတန်းကျောင်းတွေကို ကျွန်တော် သွားရောက် လည်ပတ်ခဲ့ပြီး ကလေးတွေကို မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။ သူတို့က မူးယစ်ဆေးကို ဘယ်ကနေရတယ်၊ ဘယ်သူ့ဆီကနေ ရတယ်ဆိုတာကို အတိအကျကို ပြောပါတယ်။ ပေါ်ပေါ်တင်တင်ပဲ သူတို့ရောင်းကြတယ်။ ဥပမာအားဖြင့် ပြောရရင် အစ္စရေးရဲတပ်ဖွဲ့၊ စစ်တပ်နဲ့နီးတဲ့ နေရာတွေမှာပါ။ မူးယစ်ဆေး သုံးစွဲနိုင်အောင် လုပ်ထားခြင်းက သူတို့အတွက် အကောင်းဆုံး အကျိုးကျေးဇူးတွေကို ရတာကြောင့် အစ္စရေးအစိုးရက ဒါကို တားဖို့ မကြိုးစားပါဘူး။ ဆေးစွဲနေတဲ့သူဟာ သူတို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ကာကွယ်ဖို့ မကြိုးစားတော့ဘူးလေ။ ဒီကိစ္စထက် ပိုပြီး ပူပန်ရမယ့် ပြဿနာတွေ သူတို့မှာ ရှိနေတာကိုး´ ဟု ပါလက်စတိုင်းပြည်သူများ နလန်မထူနိုင်ရေး အစ္စရေး၏ ဆင်ကြံကြံနေမှုကို ဂျွေဟမ်က ယခုကဲ့သို့ ဖွင့်ဟခဲ့လေ၏။

    ref:Al Arabiya News
    လေးမောင် ဘာသာပြန်ဆို တင်ပြသည်။

  • မိမိတို့အသင်းမှာ ထိပ်တန်းကစားသမားများ ခေါ်ယူရန် ခက်ခဲသည်ဟု လီဗာပူးလ်နည်းပြ ၀န်ခံ

    မိမိတို့အသင်းမှာ ထိပ်တန်းကစားသမားများ ခေါ်ယူရန် ခက်ခဲသည်ဟု လီဗာပူးလ်နည်းပြ ၀န်ခံ

    ဇန်န၀ါရီ ၉၊ ၂၀၁၅
    M-Media

    rg

    – စတီဗင်ဂျရတ်အား ရာသီကုန်တွင် စွန့်လွှတ်ရတော့မည့် မိမိတို့အသင်းအနေဖြင့် နာမည်ကြီးကစားသမားများ ခေါ်ယူရန်ခက်ခဲသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို လက်လွှတ်ခဲ့ရသည့် လီဗာပူးလ်မှာ ဆွာရက်ဇ်၏ နေရာအတွက် သင့်လျော်သည့် ကစားသမားဖြင့် အစားထိုးနိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ်ကုန်တွင်လည်း အသင်း၏ အဓိကမောင်းနှင်အားဖြစ်သည့် ဂျရတ်ကို
    ဆုံးရှုံးရတော့မည်ဖြစ်သည်။

    ရော်ဂျာကမူ မိမိတို့အသင်းမှာ ကစားသမားကောင်းများကို ခေါ်ယူရန် ခက်ခဲနေပြီး၊ ပြီးခဲ့သည့် နွေရာသီက ဆန်းချက်ဇ်နှင့် ရှာကီရီတိုအား မခေါ်ယူနိုင်ခြင်းကို နောင်တရမိကြောင်း ပြောကြားခဲ့သည်။

    လီဗာပူးလ်မှာ ဘာလော့တယ်လီ၊ လာလနာ၊ မာကိုဗစ်တို့ အပါအ၀င် ယူရို ၁၂၈ သန်းအထိ အကုန်အကျခံကာ ကစားသမားများကို ၀ယ်ယူခဲ့သော်လည်း အသင်းမှာ ပိုမိုကောင်းမွန်လာခြင်း မရှိဘဲ ရော်ဂျာကမူ အသင်းအား ထပ်မံတောင့်တင်းအောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။

    ထို့ပြင် အသင်းရှိ စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများအကြား ညီတူညီမျှဖြစ်အောင် ဆောင်ရွက်ရခြင်းကို နှစ်သက်ကြောင်း၊ မိမိတို့အသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ရန် ရှေ့ဆက်နေကြောင်း ရော်ဂျာက
    ထပ်လောင်းပြောကြားခဲ့သည်။

    Ref:goal

  • မန်ယူသို့ရောက်လာခြင်းမှာ ဒီဂီယာအား ကူညီရန်သာဖြစ်သည်ဟု ဂိုးသမားသစ် ဗားလ်ဒက်စ်ဆို

    မန်ယူသို့ရောက်လာခြင်းမှာ ဒီဂီယာအား ကူညီရန်သာဖြစ်သည်ဟု ဂိုးသမားသစ် ဗားလ်ဒက်စ်ဆို

    ဇန်န၀ါရီ ၉၊ ၂၀၁၅

    M-Media

    vld

    – မိမိအနေဖြင့် မန်ယူအသင်းသို့ ရောက်ရှိလာခြင်းမှာ ဒေးဗစ်ဂီယာအား ကူညီပေးရန်အတွက်သာ ဖြစ်သည်ဟု ဂိုးသမားသစ် ဗစ်တာဗားလ်ဒက်စ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာအသင်း၏ ဂိုးသမားဟောင်းဖြစ်သူ ဗားလ်ဒက်စ်အား ယမန်နေ့က ၁၈ လစာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်ယူအသင်းက အတည်ပြုခဲ့သည်။ ထို့ကြောင့် မန်ယူတွင် ပုံစံကောင်းများ ပြသနေသည့် နံပါတ် ၁ ဂိုးသမား ဒီဂီယာမှာ အသင်းမှ ထွက်ခွာရတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ဗားလ်ဒက်စ်က မိမိမှာ ဒေးဗစ်ဒီဂီယာ၏ နေရာအား ခြိမ်းခြောက်ရန်မဟုတ်ဘဲ ၎င်းအား ကူညီရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `အခုလောလောဆယ်မှာတော့ ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်ပါပဲ။ နေ့တိုင်း၊ ပွဲတိုင်းမှာ ပြသတဲ့ သူ့စွမ်းဆောင်ရည်ဟာ သူ့ရဲ့အဆင့် မြင့်မားတယ်ဆိုတာ ပြသနေတာပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း သူဟာ ကောင်းမွန်ခဲ့ပြီး အခုအချိန်မှာလည်း သူဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဒီရောက်လာတာဟာ အားလုံးကို ကူညီဖို့ပါ´ ဟု ဗားလ်ဒက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိမှာ အသင်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ချင်ကြောင်း၊ ပွဲကစားသည့်အခါ အကောင်းဆုံးကစားရန်၊ အသင်းဖော်များအား ကူညီရန်နှင့် အသင်းအနိုင်ရရှိရန်သာ စဉ်းစားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com