News @ M-Media

လိင်တူ စိတ်ဝင်စားသူ အမျိုးသမီး ဈာပန ကျင်းပရန် အမေရိကန်မှ ခရစ်ယာန် ဘုရားကျောင်း ငြင်းဆန်

ဇန်န၀ါရီ ၁၄၊ ၂၀၁၅
M-Media

gay

– အမျိုးသမီးချစ်သူနှင့် နမ်းရှုံ့နေသည့် ဓာတ်ပုံပါဝင်သော မှတ်တမ်းဗီဒီယို ပြသခြင်းကို မကြိုက်နှစ်သက်သောကြောင့် လိင်တူချစ်သူ အမျိုးသမီးတစ်ဦး၏ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ရန် အမေရိကန်ရှိ ဘုရားကျောင်းက ငြင်းဆန်ခဲ့သည်ဟု သိရသည်။

ကိုလိုရာဒိုပြည်နယ် ဒန်ဗာမြို့ရှိ New Hope Ministries ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့က သေဆုံးခဲ့သော ဗန်နက်ဆာ ကော်လီယာအမည်ရှိ အမျိုးသမီးတစ်ဦး၏ ဈာပနကို ပြီးခဲ့သည့်စနေနေ့က ပြုလုပ်ခဲ့ရာ လိုက်ပါပို့ဆောင်သူ အားလုံး ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်းမှ ဈာပနအခမ်းအနား ကျင်းပရန် ဘုရားကျောင်းက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

`လူတွေက နံနက် ၁၀ နာရီမှာ ရောက်လာကြတယ်။ ၁၀ နာရီ ၁၅ လောက်ကြတော့ သင်းအုပ်ဆရာက `နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် ဈာပနအခမ်းအနားကို တစ်ခြားနေရာကို ရွှေ့လိုက်ပါတယ်´ လို့ ပြောခဲ့ပါတယ်´ ဟု သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူက ပြောကြားခဲ့သည်။

ထိုကဲ့သို့ ပြောင်းရွှေ့ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကော်လီယာ၏ အမှတ်တရများကို ရိုက်ကူးထားသည့် ဗီဒီယိုတွင် ၎င်း၏ချစ်သူ အမျိုးသမီးတစ်ဦးနှင့် နမ်းရှုံ့နေသည့် ဓာတ်ပုံကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဘုရားကျောင်းမှ သင်းအုပ်ဆရာ ရေးချာဗက်ဇ်က ဗီဒီယိုအား ပြသချင်ပါက ထိုပုံအား ဖျက်ပေးရန် တောင်းဆိုခဲ့သော်လည်း မိသားစုက သဘောမတူခဲ့ပေ။ ထို့ကြောင့် ဈာပနအခမ်းအနားအား တစ်လမ်းကျော်ရှိ ရေခဲတိုက်၌ ကျင်းပပြုလုပ်ရန် ဘုရားကျောင်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး မိသားစုများကမူ ဘုရားကျောင်း၏ ထိုလုပ်ရပ်အတွက် ဒေါသထွက်ခဲ့ကြသည်။

ဗန်နက်ဆာ၏ သူငယ်ချင်းများကမူ `ဗန်နက်ဆာရဲ့ ဂုဏ်သိက္ခာ´ `New Hope ဘုရားကျောင်းမှာ ခင်ဗျားတို့ ခရစ်တော်ကို ရှာတွေ့မှာမဟုတ်ဘဲ သူတော်ကောင်းယောင်ဆောင်မှုကိုသာ တွေ့ရမှာပါ´ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ
ဓာတ်ပုံရိုက်ပြီး ဆိုရှယ်စာမျက်နှာများပေါ်တွင် လွှင့်တင်ခဲ့ကြသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ဘုရားကျောင်းမှ တောင်းပန်မှုကို လိုချင်သည်ဟုလည်း ရေးသားဖော်ပြခဲ့ကြသည်။ New Hope Ministries ဘုရားကျောင်းကမူ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

Ref : CNN

Comments

Leave a Reply