News @ M-Media

Blog

  • ရုရှားတက္ကသိုလ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးသေဆုံး

    ရုရှားတက္ကသိုလ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးသေဆုံး

    စက်တင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -ရုရှားနိုင်ငံအနောက်ပိုင်းက တက္ကသိုလ်တစ်ခုမှာ သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    တနင်္လာနေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကို ကျောင်းသားတစ်ဦးက ကျူးလွန်တာဖြစ်ပြီး အဲဒီကျောင်းသားကို ဖမ်းဆီးနိုင်ခဲ့ကာ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပါတယ်။

    ကျောင်းသား ၆၀ လောက်ရှိတဲ့ စာသင်ခန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့​ကာ ကျောင်းသားတွေက ခုံတွေ၊ ဗီဒိုတွေနဲ့ အကာကွယ်လုပ်ပြီး သေနတ်သမားကို​ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားစဉ် တက္ကသိုလ်ထဲမှာ ကျောင်းသား ၃ ထောင်လောက် ရှိနေတာပါ။

    ပစ်ခတ်မှုအတွင် ဒဏ်ရာရသူ အနည်းဆုံး ၆ ဦး ရှိခဲ့ပါတယ်။

    ရုရှားဟာ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတဲ့နိုင်ငံဖြစ်ပြီး ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ပစ်ခတ်မှုလည်း သိပ်မရှိပါဘူး။

    မေလ ၁၁ ရက်နေ့ ကာဇန်မြို့မှာက ကျောင်းတစ်ကျောင်းမှာ ဆယ်ကျော်သက်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၇ ဦးနဲ့ ဆရာ ၂ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်း ရုရှားအစိုးရဟာ သေနတ်ကိုင်ဆောင်ခွင့်ကို ပိုမိုတင်းကြပ်ခဲ့ပါတယ်။

    Ref : Reuters

  • ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    စက်တင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -အမျိုးသားညီညွန်ရေးအစိုးရ (NUG) က စစ်ကောင်စီအပေါ် တော်လှန်ရေးဆင်နွှဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်မပေးခဲ့ဘူးလို့ သူမရဲ့ ရှေ့နေဖြစ်သူက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ၂ ကြိမ်ဆက် တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပေမယ့် မဲမသာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်တာပါ။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက အမှုပေါင်းများစွဲနဲ့ တရားစွဲဆိုထားပါတယ်။

    NLD ပါတီက ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စစ်ကောင်စီတပ်အပေါ် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကြောင်း ကြေငြာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ရုံးချိန်းအတွင်း မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်မပေးခဲ့ဘဲ NLD ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးပြီးနောက်ပိုင်းမှသာလျှင် မှတ်ချက်ပေးနိုင်မယ်လို့ ပြောကြားခဲ့ကြောင်း သူမရဲ့ ရှေ့နေဖြစ်တဲ့ ဦးခင်မောင်ဇော်က ပြောပါတယ်။

    “ပြည်သူတွေရဲ့ဆန္ဒကို ဘယ်တော့မှမျက်ကွယ်မပြုဘူးလို့ သူမက ပြောပါတယ်”

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှု၊ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြောကြားမှု ဖြစ်ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၁၁၀၀ ကျော် ရှိခဲ့ပြီး၊ ဖမ်းဆီးခံထားရသူ ၈ ထောင်ကျော် ရှိနေပါတယ်။

    Ref: Daily Mail

  • အာဖဂန်နစ္စတန်မှ မိန်းကလေးငယ်များ၏ ရှေ့ဆက်ရမည့်ပညာရေး သေချာမှုမရှိသေး

    အာဖဂန်နစ္စတန်မှ မိန်းကလေးငယ်များ၏ ရှေ့ဆက်ရမည့်ပညာရေး သေချာမှုမရှိသေး

    စက်တင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်က သမီးငယ်လေးတွေဟာ ကျား၊ မ ခွဲခြားထားတဲ့ စာသင်ကျောင်းတွေမှာ စနေနေ့ကစပြီး စာပြန်သင်နေကြပါပြီ။ အသက် နည်းနည်းပိုကြီးတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ အလယ်တန်းအဆင့် ပညာရေး ဆက်လက်သင်ယူနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်သောကတွေနဲ့ စောင့်ဆိုင်းနေရပါတယ်။

    လွန်ခဲ့တဲ့ ၁ လအရင် တာလီဘန်က သိမ်းပိုက်ခဲ့တဲ့နောက်ပိုင်း မြို့တော်ကာဘူးလ်က စာသင်ကျောင်းအများစုဟာ အခုအချိန် ပိတ်ထားဆဲပါ။

    ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အုပ်စိုးမှုအတွင်း အမျိုးသမီးတွေ ပညာသင်ခွင့်ပိတ်ပင်တာအပါအဝင် အစွန်းရောက်တဲ့ မူဝါဒမျိုးကို ပြန်လည်ကျင့်သုံးမှာမဟုတ်ဘူးလို့ တာလီဘန်တာဝန်ရှိသူတွေက ပြောထားပါတယ်။

    မိန်းကလေးတွေ ပညာသင်ကြားခွင့်ရမယ်လို့ ကတိပြုထားပေမယ့် ကျား၊ မ သီးခြားအတန်းတွေ ဖြစ်ရမယ်လို့ သူတို့က ဆိုပါတယ်။

    အရင်က ယောကျ်ားလေး၊ မိန်းကလေး ရောသင်တဲ့ ကာဘူးလ်မြို့ ပုဂ္ဂလိကကျောင်းက ဆရာမ နာဇီဖီက ကျောင်းပြန်ဖွင့်နိုင်ရေးအတွက် အပြောင်းအလဲတစ်ချို့ လုပ်ထားတယ်လို့ ပြောပါတယ်။

    “မိန်းကလေးတွေအတွက် မနက်ပိုင်းအတန်း၊ ယောကျ်ားလေးတွေအတွက် နေ့လည်ပိုင်းအတန်း လုပ်ထားပါတယ်။ အမျိုးသားဆရာတွေက ယောကျ်ားလေးတွေကိုသင်ပြီး၊ အမျိုးသမီးဆရာတွေက မိန်းကလေးတွေကို သင်ပေးမှာပါ”

    နာဇီဖီရဲ့ကျောင်းဟာ မူလတန်း၊ အလယ်တန်း သင်ကြားတဲ့ကျောင်းဖြစ်ပြီး မိန်းကလေးတော်တော်များများရဲ့ အနာဂတ်ကတော့ မသေချာ မရေရာပါဘူး။

    ယောကျ်ားလေးအလယ်တန်းကျောင်းတွေ ပြန်ဖွင့်မယ်လို့ တာလီဘန်က သောကြာနေ့မှာ ကြေငြာချက်ထုတ်ပေမယ့် မိန်းကလေးတွေအတွက် ထည့်ပြောတာမျိုး မရှိပါဘူး။

    “စိတ်ဓာတ်တွေတော့ ကျနေတာပေါ့။ ကျောင်းဆက်တက်ခွင့်ရမလားဆိုတာ အစိုးရရဲ့ကြေငြာချက်ကို သူတို့လေးတွေ ​စောင့်နေကြတယ်” လို့ အလယ်တန်းကျောင်းသူတွေကို သင်ပေးနေတဲ့ ဆရာမ ဟာဒစ် ရီဇာအီက ပြောပါတယ်။

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က မိန်းကလေးအလယ်တန်းကျောင်းတွေ ပြန်ဖွင့်ဖို့ အစီအစဉ်တွေလုပ်နေတယ်လို့ စနေနေ့က Bakhtar သတင်းဌာနကို ပြောခဲ့ပေမယ့် ရက်အတိအကျ မပြောသွားပါဘူး။

    “မိန်းကလေးတွေ ပညာတတ်မှ မျိုးဆက်ကိုပြင်နိုင်မှာပါ။ ယောက်ျားလေးတွေ ပညာတတ်တာဟာ မိသားစုအပေါ် သက်ရောက်မှုရှိပြီး၊ မိန်းကလေး​တွေ ပညာတတ်တာက လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု ရှိပါတယ်” လို့ ကျောင်းအုပ်ဆရာကြီး မိုဟမ်မာဒရီဇာက ပြောပါတယ်။

    “မိန်းကလေးတွေ ပညာကို ဆုံးခန်းတိုင်အောင် ဆက်လက်သင်ကြားခွင့်ရရေး ကိစ္စကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်”

    Ref : Reuters

  • စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေမှုကို ရပ်တန့်ရန် အိန္ဒိယသူပုန်များကို မြန်မာတော်လှန်ရေးအဖွဲ့များ သတိပေး

    စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေမှုကို ရပ်တန့်ရန် အိန္ဒိယသူပုန်များကို မြန်မာတော်လှန်ရေးအဖွဲ့များ သတိပေး

    စက်တင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – မဏိပူရ ခွဲထွက်ရေးအဖွဲ့ PLA ၏ အခမ်းအနားတစ်ခု မြင်ကွင်း)

    -အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူလူထုအပေါ် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အိန္ဒိယ ခွဲထွက်ရေးသူပုန်တွေကို သတိပေးလိုက်ပါတယ်။

    အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်နှိမ်နှင်းရာမှာ မြန်မာနိုင်ငံပိုင်နက်အတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ မဏိပူရခွဲထွက်ရေးသူပုန်တွေကို အသုံးပြုတယ်ဆိုတဲ့သတင်းတွေ ဧပြီလကတည်းက ထွက်နေတာဖြစ်ပါတယ်။

    အိန္ဒိယနယ်စပ် တမူးမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေကို ချက်ခြင်းရပ်တန့်ဖို့အတွက် ပြီးခဲ့တဲ့တစ်ပတ်မှာ မဏိပူရသူပုန်တွေကို သတိပေးခဲ့ပါတယ်။

    “သိပ်မကြာခင်မှာ ကျွန်တော်တို့ အနိုင်ရတော့မယ်လို့ ယုံကြည်တယ်။ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးပြီဆိုတာနဲ့ သူပုန်တွေကို မြန်မာနိုင်ငံမှာ လက်မခံတော့ဘူးဆိုတာ ဒီစာနဲ့ အသိပေးလိုပါတယ်။ စစ်ကောင်စီတပ်တွေကို ကူညီနေတာ၊ ပူးပေါင်းဆောင်ရွက်နေတာတွေကို ချက်ခြင်းရပ်တန့်ဖို့ သတိပေးလိုက်ပါတယ်” လို့ PDF အဖွဲ့တွေရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး မလိုလားသူတွေရဲ့စာရင်းထဲကို ထည့်ပြီး နောက်လာနောက်သားတွေကို အသိပေးသွားမယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက ပြည်နယ်တွေမှာ ခွဲထွက်ရေးလိုလားတဲ့ သူပုန်အဖွဲ့အစည်းတွေ ရှိနေပြီး အာသံပြည်နယ်က ခွဲထွက်ရေးအဖွဲ့ United Liberation Front of Assam (ULFA)၊ မဏိပူရပြည်နယ်က ခွဲထွက်ရေးအဖွဲ့ People’s Liberation Army of Manipur (PLA) တို့အပါအဝင် တစ်ချို့အဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ထားတယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။

    Ref: New Indian Express

  • IS နှင့်ဆက်နွယ်သည့် စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို အင်ဒိုနီးရှားက အသေပစ်ခတ်ဖမ်းဆီး

    IS နှင့်ဆက်နွယ်သည့် စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို အင်ဒိုနီးရှားက အသေပစ်ခတ်ဖမ်းဆီး

    စက်တင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    -IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားစစ်တပ်က ထုတ်ပြန်ပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဆူလာ၀ေစီကျွန်းမှာ စနေနေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေး ပြုလုပ်စဥ်အတွင်း East Indonesia Mujahideen (MIT) အဖွဲ့နဲ့အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ခေါင်းဆောင် အလီကာလိုရာကို အသေဖမ်းဆီးနိုင်ခဲ့တာပါ။

    “အလီကာလိုရာဟာ အလိုအရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်ပြီး MIT ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်” လို့ ဆူလာ၀ေစီဒေသ စစ်တပ်အကြီးအကဲ ဗိုလ်မှုးချုပ် ဖာရစ် မက်ရက်ဖ်က ပြောပါတယ်။

    အစ်ကရီမာလို့ အမည်တွင်တဲ့ အခြားစစ်သွေးကြွခေါင်းဆောင် ဂျာကာ ရမ်ဒန်လည်း ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပြီး အခြား ၄ ဦးကို လိုက်လံရှာဖွေနေတယ်လို့ အင်ဒိုနီးရှားစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံတယ်လို့ ကြေငြာထားတဲ့ MIT အဖွဲ့ခေါင်းဆောင်ဟောင်း ဆန်တိုဆိုကို ၂၀၁၄ ခုနှစ်မှာ အင်ဒိုနီးရှားစစ်တပ်က အသေပစ်ခတ် ဖမ်းဆီးပြီးတဲ့နောက် အလီကာလိုရာက ခေါင်းဆောင်ဖြစ်လာပြီး ၁၀ နှစ်လောက် တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။

    MIT အဖွဲ့ဟာ အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လူနည်းစု ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတော်တော်များများကို လုပ်ဆောင်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

    ခေါင်းဆောင် အလီကာလိုရာသေဆုံးသွားပြီး အဖွဲ့၀င်တွေကလည်း ထွက်ပြေးနေရတဲ့အတွက် MIT အဖွဲ့ဟာ ဆက်လက် ရှင်သန်နိုင်ဖွယ်မရှိတော့ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    Ref : Aljazeera