News @ M-Media

ရုရှား၏ S400 ဒုံးခွင်းစနစ် ထပ်ဝယ်မည်ဟု တူရကီပြော

စက်တင်ဘာ ၂၇၊ ၂၀၂၁
M-Media

-နေတိုးအဖွဲ့ရဲ့ မဟာမိတ် အမေရိကန်က အပြင်းအထန် ကန့်ကွက်နေပေမယ့် ရုရှားထံကနေ S400 ဒုံးခွင်းစနစ် ထပ်မံဝယ်ယူဖို့ စဉ်းစားနေတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ တူရကီဟာ S400 ဒုံးခွင်းစနစ် တစ်ခုကို ဝယ်ယူထားပြီးဖြစ်ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့အတွင်း ဒီစနစ်ကို အသုံးပြုတာဟာ F35 တိုက်လေယာဉ်တွေအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်က ယူဆထားတဲ့ အပြင်းအထန် ကန့်ကွက်ခဲ့တာပါ။

F35 တိုက်လေယာဉ် ရောင်းချမယ့် အစီအစဉ်ကနေ အမေရိကန်က တူရကီကို ဖယ်ရှားလိုက်သလို ကာကွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

တူရကီသမ္မတ အာဒိုဂန်က မိမိတို့ဟာ အမေရိကန်ရဲ့ ပက်ထရီယော့ဒုံးခွင်းစနစ်ကို ဝယ်ယူဖို့ အခွင့်အရေးမရတဲ့အတွက် S400 ကို ဝယ်ယူတာဖြစ်ပြီး ဒီစနစ်ကို နေတိုးအဖွဲ့ ကာကွယ်ရေး စနစ်မှာ ထည့်သွင်း သုံးစွဲမှာမဟုတ်ဘူးလို့ အရင်က ပြောကြားဖူးပါတယ်။

အမေရိကန်သတင်းဌာန CBS နဲ့ လတ်တလော အင်တာဗျူးမှာ အာဒိုဂန်က S400 ဒုံးခွင်းစနစ် နောက်ထပ်တစ်ခုကို ဝယ်ယူဖို့ စဉ်းစားနေပြီး တူရကီဟာ ကိုယ့်ရဲ့ ကာကွယ်ရေးစနစ်ကို လွတ်လပ်စွာ ဆုံးဖြတ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် နယူးယောက်ကိုမသွားခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဒိုဂန်က ဂျိုးဘိုင်ဒန်အစိုးရနဲ့ တူရကီတို့ရဲ့ ဆက်ဆံရေးဟာ ကောင်းတယ်လို့ ပြောလို့မရသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။

လိုအပ်မယ်ဆိုရင် တူရကီက ဒုံးခွင်းစနစ်တွေကို ထပ်မံဝယ်ယူတာ၊ ဒါမှမဟုတ် ကိုယ်တိုင်ထုတ်လုပ်တာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Aljazeera