News @ M-Media

Blog

  • ယခုနှစ်ချယ်ဆီးအသင်းမှာ ဖလားသုံးလုံးရ မန်ယူအသင်း အခြေအနေကဲ့သို့ ဖြစ်နေသည်ဟု ကွင်းလယ်လူဟောင်း ဟားဂရေဗ့်ပြော

    ဒီဇင်ဘာ ၂၂၊ ၂၀၁၄
    M-Media

    10377377_813515118690960_1209653734555149588_n

    – ချယ်ဆီးအသင်းမှာ ၁၉၉၉ ခုနှစ်တွင် ဖလားသုံးလုံးရခဲ့သည့် မန်ယူအသင်းကဲ့သို့
    ဖြစ်နေသည်ဟု မန်ယူကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က ပြောကြားလိုက်သည်။

    မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပုံစံကောင်းများ ပြသနေပြီး ပရီးမီးယားလိဂ် ဇယားကို ဦးဆောင်ထားနိုင်သည်။ ထို့ပြင် ချန်ပီယံလိဂ်တွင် ၁၆ သင်းရှုံးထွက်အဆင့်၊ လိဂ်ဖလားတွင် ဆီးမီးဖိုင်နယ်၊ FA ဖလားတွင် တတိယအဆင့်သို့ ရောက်ရှိနေပြီး ဖလား ၄ လုံး လမ်းကြောင်းပေါ်တွင် ရှိနေသည်။

    ထို့ကြောင့် ဟားဂရေဗ့်က ချယ်ဆီးမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို တစ်နှစ်တည်း ရရှိခဲ့သည့် မန်ယူအသင်း၏ပုံစံမျိုး ဖြစ်လာမည်ဟု ယုံကြည်နေသည်။

    `ချယ်ဆီးအသင်းကို ကြည့်တဲ့အခါ ၁၉၉၉ ခုနှစ်က မန်ယူအသင်းကို အမှတ်ရစေပါတယ်။ ကျွန်တော်တို့အသင်းဟာ အဲဒီအချိန်က ပြောစရာမရှိပါဘူး။ ကျွမ်းကျင်မှုကောင်းတွေရှိတယ်၊

    အားကစားစိတ်ဓာတ်ကောင်းရှိတယ်၊ ရုပ်ပိုင်းဆိုင်ရာ အားအင်တွေလည်း ရှိခဲ့ပါတယ်။ ပြီးတော့ ပြိုင်ဘက်တွေကို ဖြိုခွင်းနိုင်မှုနဲ့ လမ်းကြောင်းကောင်းပေါ်မှာလည်း ရှိခဲ့ပါတယ်။ မော်ရင်ဟိုရဲ့
    ချယ်ဆီးကို ကြည့်ရတာ ပြိုင်ဘက်တွေကို အကြင်နာမဲ့စွာ ဖြိုခွင်းနိုင်မှုကလွဲလို့ ကျန်တဲ့ အရည်အသွေးတွေ ရှိနေတယ်လို့ ကျွန်တော်မြင်ပါတယ်´ ဟု ဟားဂရေဗ့်က The Mirror သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မော်ရင်ဟိုကို ကစားသမားများက လေးစားကြောင်း၊ မန်ယူနည်းပြ ဗန်ဂါးလ်မှာလည်း ကစားသမားများ၏ ထိုကဲ့သို့ လေးစားမှုကို ခံရကြောင်း၊ ကစားသမားအနေဖြင့် ခက်ခဲသော အခြေအနေများကို ရင်ဆိုင်နေရသည့် ဗန်ဂါလ်းအား ကူညီလိမ့်မည်ဖြစ်ကြောင်း ၎င်းက
    ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal.com

  • ဆိုနီအား ဆိုက်ဘာတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်ကို မြောက်ကိုရီးယား သတိပေး

    ဒီဇင်ဘာ ၂၂၊ ၂၀၀၁၄
    M-Media

    10407152_813510012024804_7727638991632205176_n

    – ဆိုနီကုမ္ပဏီအား ဟက်ကာအဖွဲ့မှ တိုက်ခိုက်မှုကို မြောက်ကိုရီးယားအစိုးရက
    ဆောင်ရွက်သည်ဆိုသည့် ကောလဟာလများကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မဆင်မခြင်ပြောကြားနေပြီး အကြမ်းဖက်ဝါဒ အရင်းတည်ရာ အမေရိကန် တစ်နိုင်ငံလုံးအား ဆန့်ကျင် တိုက်ခိုက်သွားမည်ဟု မြောက်ကိုရီးယားက သတိပေးလိုက်သည်။

    မြောက်ကိုရီးယား အမျိုးသားကော်မရှင်က ဒီဇင်ဘာ ၂၁ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သော ရှည်လျားသည့် ကြေညာချက်၌ ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားဘက်မှ ထိုကဲ့သို့တုန့်ပြန်မှုမှာ ၂ နိုင်ငံ တင်းမာမှုများဖြစ်နေသည့်အချိန်တွင် ပုံမှန် ဆောင်ရွက်နေကျဖြစ်သည်။

    သို့သော်လည်း ယခုတုံ့ပြန်မှုမှာ ၎င်းတို့ခေါင်းဆောင် ကင်ဂျုံအန်အား လုပ်ကြံသည့်ပုံစုံ ဆိုနီမှ ရိုက်ကူးထားသော Th Interview ဇာတ်ကားနှင့် ပတ်သက်၍ မြောက်ကိုရီးယားက မကျေမနပ်ဖြစ်နေသည်ကို ပေါ်လွင်လာခြင်းလည်း ဖြစ်သည်။

    ထို ဇာတ်ကားရိုက်ကူးမှုကို မကျေနပ်သည့်အတွက်ကြောင့် မြောက်ကိုရီးယား ဟက်ကာ အုပ်စုတစ်ခုက ဆိုနီကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်ကမူ ထိုတိုက်ခိုက်မှုတွင် မြောက်ကိုရီးယား အစိုးရက ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။

    မြောက်ကိုရီးယား ဟက်ကာအဖွဲ့ကမူ အဆိုပါ ရုပ်ရှင်အား ပြသပါက ရုပ်ရှင်ရုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ဆိုနီက ရုံတင်ရန် စီစဉ်ထားမှုအား ရပ်ဆိုင်းခဲ့သည်။

    Ref : Aljazeera and Agencies

  • ခန္ဓာကိုယ်အပြင်ဘက်နှင့် အတွင်းရှိ ကလီစာများတွင် တင်ဆင်ကာ ကျန်းမာရေး စောင့်ကြည့်နိုင်မည့် အာရုံခံကိရိယာကို ဂျပန်သိပ္ပံပညာရှင်များ တီထွင်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၄
    M-Media

    micro

    – လူခန္ဓာကိုယ်ရှိ အဆက်များ၊ နှလုံးနှင့် အခြား လှုပ်ရှားနေသော ခန္ဓာကိုယ်တစ်ရှုးများတွင် လွယ်ကူချောမွေ့စွာ တပ်ဆင်နိုင်ပြီး ၎င်းတို့၏ အလုပ်လုပ်ပုံကို စောင့်ကြည့်လေ့လာနိုင်သည့် သေးငယ်သောဆင်ဆာတစ်ခုကို ဂျပန်သိပ္ပံပညာရှင်များက တီထွင်နိုင်ခဲ့သည်ဟု သိရသည်။

    `စတေကာတစ်ခုလို ခန္ဓာကိုယ်မှာ တပ်လိုက်ရုံနဲ့ ကျွန်တော်တို့ရဲ့ ဆင်ဆာလေးဟာ ဇီဝဆိုင်ရာ သတင်းအချက်အလက်တွေကို တိတိကျကျ သိရှိစေပါတယ်´ ဟု တိုကျိုတက္ကသိုလ် သုတေသနပညာရှင်များက ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    အဆိုပါဆင်ဆာ၏ အားသာချက်တစ်ခုမှာ ခန္ဓာကိုယ်ရှိ လှုပ်ရှားနေသော အစိတ်ပိုင်းများတွင် တပ်ဆင်ထားသော်လည်း ကွာကျမသွားနိုင်သည့် ကော်အမျိုးအစားကို သုံးထားခြင်းဖြစ်သည်ဟု တိုကျိုတက္ကသိုလ် လျှပ်စစ်အင်ဂျင်နီယာနှင့် သတင်းအချက်အလက်စနစ် ဌာနမှ ပါမောက္ခ
    တာကာအို ဆိုမီယာက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ဆင်ဆာကို တီထွင်နိုင်ခဲ့ခြင်းမှာ သတိမပြုမိနိုင်သည့် ဆင်ဆာများ ခန္ဓာကိုယ်အတွင်းသို့ ထည့်ကာ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များကို ဆရာဝန်များက ပိုမို အနီးကပ် စောင့်ကြည့်လေ့လာနိုင်ခြေကို လမ်းဖွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

    ခန္ဓာကိုယ်အစိတ်အပိုင်းများ စောင့်ကြည့်ရန် ယခုလက်ရှိတွင် တပ်ဆင်အသုံးပြုသည့် ဆင်ဆာများမှာ ဆီလီကွန် သို့မဟုတ် အခြားမာကျောသည့် ပစ္စည်းကိရိယာများကို အသုံးပြုထားပြီး ခန္ဓာကိုယ်အတွင်း တပ်ဆင်ပါကလည်း သက်တောင့်သက်သာမဖြစ်သည့် ပစ္စည်းများဖြစ်သည်။

    ယခုထုပ်လုပ်လိုက်သော ဆင်ဆာမှာ ပါးလွှာသော ပလက်စတစ် မျက်မှာပြင်တွင်
    တပ်ဆင်ထားခြင်းဖြစ်ပြီး၊ ငုံဆေးတစ်ခုထက် အနည်းငယ်ပိုကြီးသည့် ဧရိယာတွင် ဆင်ဆာပေါင်း ၁၄၄ ခု တပ်ဆင်နိုင်သည်။ ထိုကဲ့သို့ တပ်ဆင်နိုင်ခြင်းကြောင့် ၎င်းတို့၏ အချက်အလက် ဖတ်နိုင်သည့် စွမ်းအားမှာလည်း မြင့်မားသည်။

    အဆိုပါ ဆင်ဆာပြားကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် အားကစားသိပ္ပံဘက်တွင်ပါ အသုံးပြုနိုင်သည်။

    `လက်ရှိမှာ တိရိစ္ဆာန်တွေကို စစ်ဆေးနေပေမယ့် ဒီလိုဆင်ဆာပြားလေးဟာ ကြွက်ရဲ့ နှလုံးလို အတွင်းပိုင်း တစ်ရှူးတွေမှာလည်း ကောင်းမွန်စွာ တွယ်ကပ်နိုင်ပါတယ်။ အနာဂတ်မှာတော့ ဒီနည်းပညာကို ခန္ဓာကိုယ်တွင်း အစားထိုးထားတဲ့ အီလက်ထရောနစ် စနစ်မှာ သုံးစွဲသွားမှာ
    ဖြစ်ပါတယ်´ ဟု သုတေသနအဖွဲ့၏ အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    အဆိုပါ လေ့လာမှုကို ဂျပန် သိပ္ပံနှင့် နည်းပညာ အေဂျင်စီ၏ ပံ့ပိုးကူညီမှုဖြင့်
    ဆောင်ရွက်ခြင်းဖြစ်သည်။

    Ref: AFP/al

     

     

    micro-fine-adhesive

  • ဘာစီလိုနာမှာ ဂွာဒီယိုလာရှိနေစဉ်ကဲ့သို့ အောင်မြင်မှုများရရန် မလွယ်တော့ဟု ကွင်းလယ်လူ ဇာဗီဆို

    ဒီဇင်ဘာ ၂၂၊ ၂၀၁၄
    M-Media

    1476162_813513952024410_102853777739011161_n

    – ဘာစီလိုနာတွင် ဆက်နေရန် မိမိ၏ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ဘာစီလိုနာ
    ကွင်းလယ်ဖန်တီးရှင် ဇာဗီက ပြောကြားလိုက်ပြီး ဂွာဒီယိုလာလက်ထက် မိမိတို့ရရှိခဲ့သော အောင်မြင်မှုများကို ပြန်ရရန် ခက်ခဲမည်ဟုလည်း ၀န်ခံပြောဆိုခဲ့သည်။

    အသက် ၃၄ နှစ်အရွယ်ရှိ ဇာဗီမှာ ယခုနှစ်ရာသီ ဘာစီလိုနာတွင်
    ပထမဦးစားပေးကစားသမားအဖြစ် ရွေးချင်းခြင်းမခံရတော့ဘဲ ပွဲထွက်နေရာအတွက် အခြားကစားသမားများနှင့် ယှဉ်ပြိုင်ရမှုများ ရှိလာခဲ့သည်။

    ထို့ကြောင့် ဘာစီလိုနာမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ဇာဗီက ငြင်းဆိုခဲ့ပြီး ရီးယဲလ်သို့ပြောင်းရွှေ့မည်ဆိုသည့် သတင်းမှာလည်း မမှန်ကန်ကြောင်း
    ပြောကြားခဲ့သည်။

    `ကျွန်တော်ဟာ ဘာစီလိုနာကို အရူးအမူးဖြစ်သူပါ။ ရီးယဲလ်မှာပျော်မှာမဟုတ်ပါဘူး။ ကျွန်တော်လိုချင်တဲ့၊ အမြဲတမ်းအိပ်မက်မက်နေတဲ့ နေရာမှာ ကျွန်တော်ရှိနေတာပါ။ ကျွန်တော်
    ကံကောင်းတယ်လို့ အမြဲတွေးပါတယ်။ ဘောလုံးဟာ ကျွန်တော့်ဘ၀ပါ။ ဘာစီလိုနာကနေ မထွက်ခွာတာဟာ ကျွန်တော့်ဘ၀အတွက် အကောင်းဆုံးရွေးချယ်မှုပါ´ ဟု ဇာဗီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    သို့သော်လည်း မိမိတို့အသင်းနေဖြင့် ဂွာဒီယိုလာလက်ထက်က ရရှိခဲ့သည့် အောင်မြင်မှုမျိုး ရရှိရန် ခက်ခဲကြောင်း၊ သို့သော်လည်း လာမည့်၂၀၁၅ ခုနှစ်တွင် ဆုတံဆိပ်များ ရယူနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဘာစီလိုနာ နည်းပြ အန်းရစ်ကမူ ဇာဗီမှာ အသင်းအောင်မြင်မှုအတွက် အရေးပါသည့် အစိတ်ပိုင်း ဖြစ်နေတုန်းဟု ပြောကြားထားသည်။

    Ref: Goal.com

  • IS တပ်ဖွဲ့များကို တွန်းလှန်နေသည့် ကာ့ဒ်တပ်ဖွဲ့များ မူဆိုးလ်မြို့သို့ ချီတက်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၄
    M-Media

    Kurdish Peshmerga fighters stand near burning vehicles during a suicide attack carried out by the Islamic State group in Kesarej village, south of Zumar

    – အီရတ်နိုင်ငံတွင် IS တပ်များကို ခုခံတိုက်ခိုက်နေသည့် ကာ့ဒ်တပ်ဖွဲ့များမှာ အောင်မြင်မှုများ ရရှိနေပြီး လက်ရှိအချိန်တွင် IS အမာခံဌာနချုပ်ဖြစ်သည့် မူဆိုးလ်မြို့သို့ ဆက်လက် ချီတက်နေသည်ဟု သိရသည်။

    Peshmerga ဟုခေါ်သည့် အဆိုပါ ကာ့ဒ်တပ်ဖွဲ့ဝင်များမှာ IS တပ်များ သြဂုတ်လကတည်းက ပိတ်ဆို့ဝန်းရံထားသော ဆင်ဂျာမြို့ရှိ ယာဇီဒီလူမျိုးများကို စနေနေ့က ကယ်တင်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့တွင် ဆင်ဂျာမြို့ တောင်ဘက်နှင့် အရှေ့ဘက်တို့ကို ဆက်လက် ထိုးစစ်ဆင်လျက် ရှိနေသည်။

    ထိုချီတက်မှု အောင်မြင်ပါက IS အဖွဲ့၏ ၎င်းတို့ကိုယ်ပိုင် ကြေညာထားသည့် ခလီဖာနိုင်ငံတော် နယ်နိမိတ်မှာ ပြောင်းလဲသွားမည်ဖြစ်သည်။

    ဘဂ္ဂဒတ်မြို့မြောက်ဘက် ဘီအစ်ဂျီမြို့အား IS အဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ကာ့ဒ်တပ်ဖွဲ့များက ထိုကဲ့သို့ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့တွင် ဘီအစ်ဂျီမြို့ ပတ်ဝန်းကျင်ရှိ မြို့ငယ်များကို သိမ်းပိုက်နိုင်ခဲ့သည်။

    ဆီးရီးယားနယ်စပ် ကိုဘိန်းမြို့တွင်လည်း ဆီးရီးယားရှိ ကာဒ့်တပ်ဖွဲ့များက IS အဖွဲ့များကို ခုခံတိုက်ခိုက်နေပြီး ဆီးရီးယား-အီရတ် နယ်စပ်ရှိ ရွာပေါင်း ၇ ရွာကို တနင်္ဂနွေနေ့က သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် တောင်ဘက်ယွန်းယွန်းသို့ ဆက်လက် ချီတက်နေကာ အီရတ်ရှိ Peshmerga တပ်ဖွဲ့နှင့် ပူးပေါင်းသွားမည်ဖြစ်သည်။

    Ref: Aljazeera and Agencies