ဒီဇင်ဘာ ၂၈၊ ၂၀၁၄
M-Media
– လက်ရှိသမ္မတက အာဏာချုပ်ကိုင်ရန် ကြိုးပမ်းလာမှုနှင့် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ဘာသာရေးဆိုင်ရာ သည်းမခံနိုင်မှုများအား လစ်လျူရှုထားခြင်းတို့ကြောင့် သီရီလင်္ကာ၏ အဓိက မွတ်စလင်ပါတီမှာ အစိုးရအဖွဲ့မှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။
နှုတ်ထွက်သွားသည်ပါတီမှာ သီရိလင်္ကာမွတ်စလင်ကွန်ဂရက်စ်ဖြစ်ပြီး အတိုက်အခံပါတီနှင့် ပူးပေါင်းကာ လာမည့်ရွေးကောက်ပွဲတွင် ပါဝင်သွားမည်ဆိုသည်။
ထိုပါတီခေါင်းဆောင် ရာအွဖ် ဟကီမ်းကလည်း တရားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး သမ္မတသက်တမ်း နှစ်ကြိမ်ပြုလုပ်ခွင့် ရုပ်သိမ်းခြင်းနှင့် နိုင်ငံရှိ ရဲတပ်ဖွဲ့၊ တရားရေးစနစ်နှင့် ပြည်သူရေးရာ လုပ်ငန်းများတွင် လက်ရှိသမ္မတ ရာဂျာပက်ဆာအား လုပ်ပိုင်ခွင့်ပိုမိုပေးထားသည့် ၂၀၁၀ ဥပဒေနှင့် ပတ်သက်၍ သဘောထားခြင်း မတိုက်ဆိုင်သောကြောင့် ထိုကဲ့သို့ ရာထူးမှ နှုတ်ထွက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
`ကောင်းမွန်တဲ့အုပ်ချုပ်ရေးဆိုတာ ကျွန်တော်တို့အတွက် အဓိကပါပဲ။ (၂၀၁၀ ဥပေဒကို) သဘောတူခဲ့တဲ့အတွက် ကျွန်တော်တို့မှာ အပြစ်ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီအခြေအနေကို ကျွန်တော်တို့ ဖြေရှင်းချင်ပါတယ်´ ဟု ဟကီမ်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
မွတ်စလင်ကွန်ဂရက်စ်မှ အရေးပါသည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ အမီရ်းဖာအီဇ်ကလည်း ရာဂျာပက်ဆာ အစိုးရ၏ နိုင်ငံအတွင်းရှိ ဘာသာရေးလူနည်းစုများအပေါ် သည်းခံမှုမရှိခြင်းကို
ထောက်ပြခဲ့ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ကိုလည်း သဘောမကျဟု ပြောကြားခဲ့သည်။
ရာဂျာပက်ဆာ၏ အစိုးရမှာ အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့ကို ထောက်ပံ့ခြင်းနှင့်
မကြာသေးမီက ပြုလုပ်ခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အရေးမယူဘဲ လစ်လျူရှုထားမှုအတွက် ပြီးခဲ့သည့် နှစ်များမှစ၍ အလွန်အမင်း ဝေဖန်မှုများနှင့်
ရင်ဆိုင်နေရသည်။
မွတ်စလင်ကွန်ဂရက်စ် နှုတ်ထွက်မှုအတွက် အစိုးရဘက်မှ ယခုအချိန်အထိ မည်သည့်မှက်ချက်မှ မပေးသေးသော်လည်း ထိုနှုတ်ထွက်မှုက လာမည့် ဇန်န၀ါရီ ၈ ရက်နေ့တွင် ပြလုပ်မည့် ရွေးကောက်ပွဲအတွက် အစိုးရအား အထိနာစေသည်ဟု အာဏာရပါတီ၏ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။
Source : Agencies
ဓာတ်ပုံ- မွတ်စလင်ကွန်ဂရက်စ်အဖွဲ့ခေါင်းဆောင် သီရိလင်္ကာ တရားရေးဝန်ကြီးဟောင်း ရာအွဖ်ဟကီမ်း
Leave a Reply
You must be logged in to post a comment.