News @ M-Media
Blog
  • IS တပ်ဖွဲ့များကို တွန်းလှန်နေသည့် ကာ့ဒ်တပ်ဖွဲ့များ မူဆိုးလ်မြို့သို့ ချီတက်
    ဒီဇင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    Kurdish Peshmerga fighters stand near burning vehicles during a suicide attack carried out by the Islamic State group in Kesarej village, south of Zumar
    – အီရတ်နိုင်ငံတွင် IS တပ်များကို ခုခံတိုက်ခိုက်နေသည့် ကာ့ဒ်တပ်ဖွဲ့များမှာ အောင်မြင်မှုများ ရရှိနေပြီး လက်ရှိအချိန်တွင် IS အမာခံဌာနချုပ်ဖြစ်သည့် မူဆိုးလ်မြို့သို့ ဆက်လက် ချီတက်နေသည်ဟု သိရသည်။
    Peshmerga ဟုခေါ်သည့် အဆိုပါ ကာ့ဒ်တပ်ဖွဲ့ဝင်များမှာ IS တပ်များ သြဂုတ်လကတည်းက ပိတ်ဆို့ဝန်းရံထားသော ဆင်ဂျာမြို့ရှိ ယာဇီဒီလူမျိုးများကို စနေနေ့က ကယ်တင်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့တွင် ဆင်ဂျာမြို့ တောင်ဘက်နှင့် အရှေ့ဘက်တို့ကို ဆက်လက် ထိုးစစ်ဆင်လျက် ရှိနေသည်။
    ထိုချီတက်မှု အောင်မြင်ပါက IS အဖွဲ့၏ ၎င်းတို့ကိုယ်ပိုင် ကြေညာထားသည့် ခလီဖာနိုင်ငံတော် နယ်နိမိတ်မှာ ပြောင်းလဲသွားမည်ဖြစ်သည်။
    ဘဂ္ဂဒတ်မြို့မြောက်ဘက် ဘီအစ်ဂျီမြို့အား IS အဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ကာ့ဒ်တပ်ဖွဲ့များက ထိုကဲ့သို့ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့တွင် ဘီအစ်ဂျီမြို့ ပတ်ဝန်းကျင်ရှိ မြို့ငယ်များကို သိမ်းပိုက်နိုင်ခဲ့သည်။
    ဆီးရီးယားနယ်စပ် ကိုဘိန်းမြို့တွင်လည်း ဆီးရီးယားရှိ ကာဒ့်တပ်ဖွဲ့များက IS အဖွဲ့များကို ခုခံတိုက်ခိုက်နေပြီး ဆီးရီးယား-အီရတ် နယ်စပ်ရှိ ရွာပေါင်း ၇ ရွာကို တနင်္ဂနွေနေ့က သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် တောင်ဘက်ယွန်းယွန်းသို့ ဆက်လက် ချီတက်နေကာ အီရတ်ရှိ Peshmerga တပ်ဖွဲ့နှင့် ပူးပေါင်းသွားမည်ဖြစ်သည်။
    Ref: Aljazeera and Agencies
  • နောက်ဆုံးမိနစ်မှ အနိုင်လက်လွှတ်ခဲ့ရတဲ့ အာဆင်နယ်၊ မန်ယူတို့ သရေကျပြီး၊ ရှုံးပွဲတွေ ရပ်တန့်နိုင်ခဲ့တဲ့ ဆောက်သက်တမ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇
    ဒီဇင်ဘာ ၂၂၊ ၂၀၁၄
    M-Media
     10806367_813333575375781_8019273467603660376_n
    – ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ကို စနေနေ့မှာ ၇ ပွဲ တနင်္ဂနွေနေ့မှာ ၂ ပွဲကစားခဲ့ပြီး
    အသင်းကြီးတွေထဲက မန်စီးတီးအသင်းသာ အနိုင်ရခဲ့ပါတယ်။ မန်ယူနဲ့ အာဆင်နယ်တို့ အဝေးကွင်းမှာ သရေသာရခဲ့ပြီး ဆောက်သက်တမ်ကတော့ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့ ၆ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ မန်ယူတို့ စနေနေ့ကပွဲမှာတောနိုင်ပွဲရပ်တန့်သွားခဲ့ပါတယ်။ မန်ယူတို့ရဲ့ ကစားပုံဟာ
    အရင်ပွဲတွေကလောက် စွဲမက်စရာ မရှိခဲ့ဘဲ ပွဲအစ ၁၈ မိနစ်မိနစ်မှာပဲ ဦးဆောင်ဂိုး
    ပေးလိုက်ရတာပါ။ နောက်ပိုင်းမှာလည်း မန်ယူတို့ အက်စတွန်ဗီလာကို
    သိပ်ပြီးမထိုးဖောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ချေပဂိုးကိုတော့ ဖယ်လ်ကာအိုက ၅၃ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၂၅ မိနစ်အလိုလောက်မှာ အက်စတွန်ဗီလာက အလယ်တန်းလူ အဘွန်လဟော် တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပြီး မန်ယူတို့ တစ်ယောက်အသာနဲ့ ကစားခဲ့ရပါတယ် ဒါပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့ သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။
    အန်ဖီးလ်က လီဗာပူးလ်နဲ့ အာဆင်နယ်တို့ပွဲမှာတော့ စကာတဲလ်ရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ဂိုးနဲ့ အိမ်ရှင်တို့ သရေတစ်မှတ် ရခဲ့ပါတယ်။ ပွဲအစမှာ လီဗာပူးလ်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ၄၅ မိနစ်မှာ ဟန်ဒါဆန်ရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် ကော်တင်ဟိုက အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာပါ။ ဒါပေမယ့် ဒီဦးဆောင်ဂိုးဟာ ၂ မိနစ်သာ ခံခဲ့ပြီး ဒီဘောက်ချီက အာဆင်နယ်အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။
    ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ကစားပုံ ပိုကောင်းခဲ့ပြီး ၆၄ မိနစ်မှာ တိုက်စစ်မှူး ဂျရူးက ဧရိယာအတွင်းထဲကနေ ဘယ်ခြေနဲ့ ကန်သွင်းပြီး အမြှောက်တပ်သားတွေကို ပြန်လည် ဦးဆောင်စေခဲ့ပါတယ်။ ဒီဂိုးဟာ နောက်ဆုံး ၂ ပွဲမှာ သူ့ရဲ့ ၃ ဂိုးမြောက်ဂိုးလည်း ဖြစ်ပါတယ်။
    ဒါပေမယ့် ဒုတိယပိုင်း နာကျင်ချိန်ပို ၉ မိနစ်မှာ လီဗာပူးလ်တို့ တပ်ကုန်ဖွင့်ခဲ့ပြီး
    အာဆင်နယ်ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၂ မိနစ်အလိုမှာတော့ လာလနာရဲ့ ထောင့်ကန်ဘောကို နောက်ခံလူ စကာတဲလ်က ခေါင်းတိုက်သွင်းပေးခဲ့ပြီး အဖိုးတန်ချေပဂိုးကို ရယူနိုင်ခဲ့ပါတယ်။
    10255665_813333925375746_4080856449382971188_n
    မန်စီးတီးကတော့ ဇယားအောက်ခြေနားက ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ အခက်အခဲမရှိဘဲ ဆေးလ်ဗားရဲ့ ဂိုး ၂ ဂိုး၊ တိုးယေးရဲ့ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
    ပြိုင်ပွဲအားလုံးမှာ ၅ ပွဲဆက်တိုက်ရှုံးပြီး အခြေအနေဆိုးရွားနေတဲ့ ဆောက်သက်တမ်က အိမ်ကွင်း စိန့်မေရီမှာ အဲဗာတန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။ အသင်းအတွက်ဂိုးတွေကိုတော့ ဂရာဇီယာနို ပီလီ၊ ယိုရှီဒါတို့က တစ်ဂိုးစီသွင်းပေးခဲ့ကြပြီး အဲဗာတန်တိုက်စစ်မှူး လူကာကူရဲ့
    ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ၁ ဂိုးလည်း ရခဲ့ပါတယ်။
    စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ဆန်းဒါးလန်းတို့ပွဲမှာတော့ အိမ်ရှင်တို့ ပွဲကို အသာစီးကစားနိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်ဂိုးနဲ့ ဆန်းဒါးလန်းကို အရှုံးပေးခဲ့ရပါတယ်။
    ခစွမ်းကောင်းတွေပြနေတဲ့ ၀က်စ်ဟမ်းကလည်း နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲမြောက်နိုင်ပွဲအဖြစ် လက်စတာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ လက်စတာကတော့ နောက်ဆုံး ၁၂ ပွဲအထိ အနိုင်မရတဲ့ မှတ်တမ်း ရရှိခဲ့ပါတယ်။
    ဇယားအောက်ခြေနားက ကျူပီရ်အာရ်ကတော့ အိမ်ကွင်းမှာ ၀က်စ်ဘရွန်းကို အကြိတ်အနယ် ဂိုးတွေ အပြန်အလှန်သွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ရှင်အတွက် ဂိုးတွေကိုတော့ ဂိုးသွင်းစက် အော်စတင်က ဟက်ထရစ် သွင်းယူပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၁ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ဇယားမှာ တတိယနေရာ ရှိနေပါတယ်။
    10801798_813333942042411_7878674669492089782_n
    ချယ်ဆီးနဲ့ စတုတ် ကစားဖို့ ကျန်နေသေးတဲ့ ပွဲစဉ် ၁၇ အပြီးမှာတော့ ချယ်ဆီးက တစ်ပွဲလျော့ပြီး ၃၉ မှတ်ရကာ မန်စီးတီးနဲ့ အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ဇယားကို ဦးဆောင်နေပါတယ်။
    မန်ယူကတော့ တတိယနေရာမှာရှိနေပြီး ၀က်စ်ဟမ်းနဲ့ ဆောက်သက်တမ်တို့က အဆင့် ၄ နဲ့ အဆင့် ၅ နေရာမှာရှိနေပါတယ်။
    တန်းဆင်းဇုံမှာတော့ ဘန်လေ၊ ဟားလ်စီးတီးနဲ့ လက်စတာတို့က အသီးသီးရှိနေပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်စီးတီး ၃-၀ ခရစ္စတယ်ပဲလေ့စ်
    အက်စတွန်ဗီလာ ၁-၁ မန်ယူ
    ဟားလ်စီးတီး ၀-၁ ဆွမ်ဆီး
    ကျူပီအာရ် ၃-၂ ၀က်စ်ဘရွန်း
    ဆောက်သက်တမ် ၃-၀ အဲဗာတန်
    စပါး ၂-၁ ဘန်လေ
    နယူးကာဆယ် ၀-၁ ဆန်းဒါးလန်း
    လီဗာပူးလ် ၂-၂ အာဆင်နယ်
  • ပါကစ္စတန်စာသင်ကျောင်းအား တာလီဘန်တို့ တိုက်ခိုက်မှု ကမ္ဘာတစ်ဝှမ်းရှိ ရှေ့ဆောင်အီမာမ်များ ပြင်းပြင်းထန်ထန်ရှုတ်ချ
    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media20-12-14_Muslim-Scholars-Decry-Peshawar-Massacre
    – ပါကစ္စတန်မြောက်ပိုင်း ပရှ်ဝါရ်ဒေသရှိ စာသင်ကျောင်းတစ်ခုအတွင်းသို့ ၀င်ရောက်ကာ ကလေးငယ်များအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တာလီဘန်တို့၏လုပ်ရပ်မှာ လူမဆန်သော လုပ်ရပ်သာဖြစ်ကြောင်း၊ အစ္စလာမ်၏ သတင်းစကားမှာ လွတ်ငြိမ်းချမ်သာခွင့်နှင့် တရားမျှတခြင်းဖြစ်သည်ဟူသော သတင်းစကားများကို ကမ္ဘာတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင် ဆရာတော်များက ယခုတစ်ပါတ် သောကြာနေ့ တရားဒေသနာတွင် ထည့်သွင်းမိန့်ကြားခဲ့သည်ဟု သိရသည်။
    `ပါကစ္စတန်က ကလေးတွေ၊ ဆီးရီးယား၊ အီရတ်နဲ့ အခြားနေရာတွေက ကလေးတွေဟာ ဘာရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့လို့ ဒီလိုနေ့ခင်းကြောင်တောင်ကြီးမှာ သတ်ပစ်တာ၊ ငတ်ပြတ်အောင်၊ ကြောက်ရွံ့ခံစားရအောင် လုပ်ရတာလဲ။ အစ္စလာမ်က ဒါမျိုး စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်တွေကို လက်မခံပါဘူး။ မိမိတို့ဘာသာတရားကို တိုက်ခိုက်နေတာတောင်မှ ကလေးငယ်တွေကို ဒုက္ခပေးဖို့ ခွင့်မပြုတဲ့ အစ္စလာမ်ရဲ့ နာမကိုသုံးပြီး ဒီအပြစ်မဲ့မွတ်စလင်ကလေးတွေကို ဘယ်လို သတ်ပစ်နေကြတာလဲ´ ဟု ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဟောကြားခဲ့သော သောကြာနေ့ တရားဒေသနာတော်တွင် မြင့်မြတ်သော ကအ်ဘာကျောင်းတော်မှ ရှေ့ဆောင်ဆရာတော် ရှိခ်ဆာလေဟ် အဘူတာလစ်ဘ်က ထည့်သွင်း မိန့်ကြားခဲ့သည်။
    ဆရာတော် အဘူတာလစ်ဘ်မှာ ကလေးငယ် ၁၂၀ ကျော်အပါအ၀င် လူပေါင်း ၁၄၉ ဦး သေဆုံးခဲ့သည့် တာလီဘန်တို့၏ စာသင်ကျောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချသော အစ္စလာမ့်ဓမ္မပညာရှင်များထဲမှ တစ်ဦးလည်းဖြစ်သည်။
    ပါကစ္စတန်တာလီဘန်အဖွဲ့မှာ တိုတိုက်ခိုက်မှုအတွက် တာဝန်ယူခဲ့ပြီး ၎င်းတို့ကြီးစိုးရာဒေသအား ပါကစ္စတန်စစ်တပ်က တိုက်ခိုက်နေမှုကို လက်စားချေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အဘူတာလစ်ဘ်ကမူ အဆိုပါ အစွန်းရောက်အဖွဲ့မှာ မွတ်စလင်တို့၏ စာသင်ကျောင်းများ၊ အိမ်များ၊ ဈေးများအား စစ်မြေပြင်အဖြစ် ပြောင်းလဲ၍ အစ္စလာမ်သာသနာ ထွန်းကားပြန့်ပွားမှုကို နှောက်ယှက်နေသည်ဟုလည်း ပြောကြားခဲ့သည်။
    ဆော်ဒီရှိ မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်နှစ်ခု၏ ဂေါပကအဖွဲ့ ဥက္ကဌ ရှိခ်အဘ်ဒွလ် ရဟ်မန် အလ်-ဆောင်ဒီကမူ ထိုတိုက်ခိုက်မှုအတွင်း အသက်ပေးခဲ့ရသူများ၏ မိဘဆွေမျိုးများအာ စာနာမိပါကြောင်း ပြောကြားခဲ့ပြီး မွတ်စလင်များအနေဖြင့် အကြမ်းဖက်မှုနှင့် တိုက်ခိုက်မှုများမှ ရှောင်ကျဉ်ကြရန်လည်း တိုက်တွန်းခဲ့သည်။
    `အကြောင်းပြချက်မဲ့စွာနဲ့ မြေကျခဲ့ရသွေးတွေဟာ တရားမဲ့မှုတွေဖြစ်ပြီး ရန်လိုစိတ်တွေ၊ အကြမ်းဖက်ချင်တဲ့ စိတ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ အစ္စလာမ့်ဥပဒေဟာ လူသားဘ၀ကို လေးစားပြီး အကာကွယ်လည်း ပေးထားပါတယ်´ ဟု အလ်-ဆောင်ဒီက ဆော်ဒီသတင်းဌာနသို့ ပြောကြားခဲ့သည်။
    ထို့ပြင် မွတ်စလင်များအနေဖြင့် အကြမ်းဖက်ဝါဒအား ဇောင်းပေးသည့် မှားယွင်းသော မီဒီယာများကို ဆန့်ကျင်ကြရန်လည်း တိုက်တွန်းခဲ့သည်။
    `ကျွန်တော်တို့ဟာ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရမှာဖြစ်ပြီး သွေးထွက်သံယိုဆိုတာ အစ္စလာမ်က ခွင့်မပြုဘဲ အကြမ်းဖက်မှုဟာလည်း ဆိုးရွားတဲ့ ရာဇ၀တ်မှု ဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ အပေါ်မှာ ကျွန်တော်တို့ရဲ့ သားသမီးလေးတွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပြုစုပျိုးထောင်ရပါမယ်´
    thumb.php
    အိန္ဒိယတွင်လည်း ရှုတ်ချ
    ——————————
    တာလီဘန်အဖွဲ့၏ အဆိုပါလုပ်ရပ်အား ရှုတ်ချကြောင်း အိန္ဒိယရှိ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင်ဆရာတော်များကလည်း သောကြာနေ့ တရားဒေသနာတော်တွင် ထည့်သွင်းပြောကြားခဲ့သည်။
    `သူတို့ရဲ့ အကျင့်စာရိတ္တပျက်ပြားမှုက တိရစ္ဆာန်တွေထက်တောင် ရှက်စရာကောင်းပါသေးတယ်။ သူတို့ဟာ အစ္စလာမ်ကို အသရေဖျက်သူတွေဖြစ်ပြီး အစ္စလာမ်သာသနာကို ဟောကြားခဲ့တဲ့ `ရဟ်မသွလ်လိလ်အားလမီန်း´ (ဂရုဏာရှင်) ဆိုတဲ့ ဂုဏ်ပုဒ်ရှင် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ) နဲ့ ဘာမှကို မဆိုင်ပါဘူး။ စာသင်ကျောင်းက ကလေးတွေအပါအ၀င် အပြစ်မဲ့တဲ့၊ ကာကွယ်နိုင်စွမ်းမရှိတဲ့ လူတွေအပေါ် ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုး ဘာဖြစ်လို့ ကျူးလွန်ရတာလဲ´ ဟု ချမ်ဘူရ်းပြည်နယ်ရှိ Jama ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင် အီမာမ် မောင်လာနာ အိုဘိုင်ဒွလ္လာ ကွာစ်မီက သောကြာနေ့ တရားဒေသနာတော်တွင် ထည့်သွင်း မိန့်ကြားခဲ့သည်။
    ထို့ပြင် ကွာစ်မီမှာ ကုရ်အာန်ကျမ်းတော်မြတ်တွင် မိန့်ကြားထားသော `မည်သူမဆို ယုံကြည်သူတစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်ခဲ့လျှင် ငရဲလားမည်´ ဟူသည့် အာယတ်တော်ကို ထောက်ပြကာ မွတ်စလင်များအနေဖြင့် တာလီဘန်များအား ဆန့်ကျင်ရန် တိုက်တွန်းခဲ့သည်။
    `(သေဆုံးသွားတဲ့) ကလေးတွေကတော့ အာဇာနည်တွေပါ။ ရက်စက်ယုတ်မာသူတွေကတော့ ငရဲမီးမှာ ထာဝရ လောင်မြိုက်နေမှာပါပဲ´
    အိန္ဒိယ အီမာမ်များ အစည်းအရုံးရှိ အဖွဲ့ဝင်ပေါင်း ၁၀၀၀ ကျော်ကလည်း တာလီဘန်တို့၏ ထိုတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချခဲ့သည်။
    `အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုကို ထိန်းသိမ်းဖို့ဆိုတာ ဘာသာရေးခေါင်းဆောင်တွေ၊ တရားဟောဆရာတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကျင့်ဝတ်တာဝန်ပါပဲ´ ဟု ၎င်းတို့က ဖွင့်ဟခဲ့သည်။
    ဗြိတိန်မွတ်စလင်ကောင်စီကလည်း အဆိုပါ စာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
    `ဒါဟာ သိပ်ကို တုန်လှုပ်စရာကောင်းတဲ့ ဖြစ်ရပ်ဖြစ်ပြီး မိခင်တွေ၊ ဖခင်တွေနဲ့ ဒီအပြစ်မဲ့ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ စိတ်ဓာတ်ရှိသူတွေအားလုံး ထိခိုက်စေတာပါပဲ။ အစ္စလာမ်က အပြစ်မဲ့လို့ သတ်မှတ်ထားတဲ့ ကလေးငယ်တွေကို သတ်ဖြတ်ခြင်းဟာ စဉ်းစားလို့ရသမျှ ရာဇ၀တ်မှုတွေထဲမှာ အကြမ်းကြုတ်ဆုံး ရာဇ၀တ်မှုပါပဲ´ ဟု ဗြိတိန်မွတ်စလင်ကောင်စီမှ ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်သုဉ်းသွားခဲ့သည့် ဧပြီလမှစ၍ ၀ါဇီရစ္စတန်မြောက်ပိုင်း တာလီဘန်တို့အခြေစိုက်ရာ ဒေသကို ပါကစ္စတန်စစ်တပ်က အပြင်းအထန် တိုက်ခိုက်လျက်ရှိနေပြီး ပက်ရှ်ဝါရ်ရှိ စာသင်ကျောင်းတိုက်ခိုက်မှုနောက်ပိုင်း တာလီဘန်တို့ကို ပိုမို၍ တိုက်ခိုက်အမြစ်ဖြုတ်သွားမည်ဟု ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။
    Source : OnIslam.net
  • အစ္စလာမ်သာသနာရေးရာကောင်စီ နှစ်(၆၀)ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ
    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    အစ္စလာမ်သာသနာရေးရာကောင်စီ နှစ်(၆၀)ပြည့်နှင့်
    ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို
    ၂၀-၁၂-၂၀၁၄ (စနေနေ့) ညနေ(၅းဝ၀)နာရီမှ ည(၈းဝ၀)နာရီတွင်
    ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း၊ Strand Hotelတွင် ကျင်းပခဲ့ပါသည်။
    အခမ်းအနားကို အစ္စလာမ်ကောင်စီဌာနချုပ် ဒုတိယဥက္ကဋ္ဌ(အာလင်မ်ရေးရာ) အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် (အရဗီသိပ္ပံ)က ကုရ်အာန် ကျမ်းတော်မြတ် ဖတ်ရွတ်၍ စတင်ပါသည်။ ထို့နောက် အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
    ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရေးဖွဲ့သီကုံးသော အစ္စလာမ့်ဝန်ထမ်း အန်ဆွာရီ တေးကဗျာကို တက်ရောက်လာသူများစုပေါင်း သီဆိုခဲ့ကြပါသည်။
    သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပေးပို့သော သဝဏ်လွှာကို သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက ဖတ်ကြားခဲ့ပါသည်။
    အမျိုးသားဒီမိုကရေအဖွဲ့ချုပ်နာယကကြီး ဦးတင်ဦး ဂုဏ်ပြုအမှာစကားပြောကြားစဉ်
    အမျိုးသားဒီမိုကရေအဖွဲ့ချုပ်နာယကကြီး ဦးတင်ဦး ဂုဏ်ပြုအမှာစကားပြောကြားစဉ်
    ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရ ဦးတင်ဦးတို့က ဂုဏ်ပြုအမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။
    အစ္စလာမ်သာသနာရေးရာကောင်စီဖြစ်ပေါ်လာပုံကို အစ္စလာမ်ကောင်စီဌာနချုပ် နာယက ပါမောက္ခ ဒေါက်တာ စိုးနိုင် က လည်းကောင်း၊ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်၏ ကိုယ်ရေးအကျဉ်းကို အစ္စလာမ်ကောင်စီဌာနချုပ် နာယက ပါမောက္ခ ဒေါက်တာ အောင်ဇော်က လည်းကောင်း ဖတ်ကြားခဲ့ကြပါသည်။
    ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတည်ကြည်တို့က အခမ်းအနား ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြပါသည်။ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရေးဖွဲ့သီကုံးသော အစ္စလာမ်ကောင်စီ၏ အားလုံးအညီ တေးကဗျာကို တက်ရောက်လာသူများ စုပေါင်း သီဆိုခဲ့ကြပါသည်။
    အခမ်းအနားကိုအစ္စလာမ်ကောင်စီဌာနချုပ် အာလင်မ် ပညာရှင်များရေးရာဌာနမှူး အလ်ဟာဂ်ျ မောင်လာနာ အိုမရ် ဦးမြင့်နိုင် (ရင်းတော်)ကဒုအာ ဆုမွန်ဖြင့် ရုပ်သိမ်းခဲ့ပါသည်။
    အခမ်းအနားသို့ သံတမန်များ၊ ဘာသာပေါင်းစုံ ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နိုင်ငံရေး လူမှုရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီအဆင့်ဆင့် တာဝန်ရှိသူများစုစုပေါင်း(၇၀၀)ခန့် တက်ရောက်ခဲ့ပါသည်။
    10850468_788145814591450_598940119_n       10859332_788145934591438_527430941_n10866640_788145767924788_2040169557_n
    10866675_788145977924767_106461789_n10872217_788145741258124_569217791_n
    အစ္စလာမ်သာသနာရေးရာကောင်စီ Facebook Page မှကူးယူဖော်ပြပါသည်။
  • ကအ်ဘာကျောင်းတော် ပရ၀ုဏ် အတွင်း ခေတ်မီ အမိုးရှင်များ တပ်ဆင်မည်
    ကအ်ဘာကျောင်းတော် ပရ၀ုဏ် အတွင်း ခေတ်မီ အမိုးရှင်များ တပ်ဆင်မည်
    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    780x305
    -မက္ကာမြို့ရှိ ကအ်ဘာဝတ် ကျောင်းတော် ပရ၀ုဏ်အတွင်း ၀တ်ပြုဆောက်တည်ကြ သူများအား နေလောင်မှု ဒဏ်မှ ကာကွယ်ပေးရန် အတွက် ခေတ်မီ အမိုးရှင် ရာပေါင်းများစွာကို တပ်ဆင်သွားမည်ဟု သိရသည်။
    `ထပ်ချဲ့လိုက်တဲ့နေရာ အပါအ၀င် ၀တ်ကျောင်းတော်ကြီးရဲ့ ပရ၀ုဏ်မှာ ထီးပုံစံ အမိုး ၃၀၀ ကျော် ထည့်သွင်း တပ်ဆင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်´ ဟု ဆော်ဒီအာရေဗျရှိ မြင့်မြတ်သော ၀တ်ကျောင်းတော်နှစ်ခု၏ ဂေါပကအဖွဲ့ ဥက္ကဌ ရှိခ် အဗ္ဗဒူလ်ရဟ်မာန် အလ်-ဆောင်ဒီက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် Arabs News သတင်းဌာနသို့ ပြောကြားခဲ့သည်။
    မြင့်မြတ်သော ၀တ်ကျောင်းတော် ပရ၀ုဏ်ရှိ နေရာအကျယ်အ၀န်း ၂၇၅၀၀၀ စတုရန်း ကီလိုမီတာအား အရိပ်ပေးနိုင်မည့် အဆိုပါအမိုးများ တပ်ဆင်ရန်အတွက် ဘုရင်ကြီး အဗ္ဗဒူလာ က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
    အဆိုပါ အမိုးများမှာ မဒီနာမြို့တော်ရှိ တမန်တော်မြတ်ကြီး၏ ဗလီဝတ်ကျောင်းတော်တွင် တပ်ဆင်ထားသော အမိုးများကဲ့သို့ဖြစ်ပြီး နံနက်အချိန်တွင် ဖြန့်ထားက ညဘက်တွင် ခေါက်ထားနိုင်မည့် အမိုးရှင်များဖြစ်သည်။
    ထိုအမိုးများမှာ နေရောင်ခြည်ကို ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး အမိုးဖွင့်ရန်နှင့် အမိုးခေါက်ရန် ကြာချိန်မှာ ၃ မိနစ်သာ ကြာမည်ဖြစ်သည်။
    မတ်စ်ဂျစ်ဒ်ဟရမ်ဟုခေါ်သည့် အဆိုပါ ကအ်ဗာကျောင်းတော်မှာ အစ္စလာမ်သာသနာတွင် အမြင့်မြတ်ဆုံး ၀တ်ကျောင်းတော် တစ်ခုဖြစ်ပြီး နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ လာရောက်ဟဂ်ျပြုရသည့် နေရာလည်းဖြစ်သည်။
    နှစ်စဉ် ဟဂ်ျခရီးသည်များ များပြားလာသည့် အတွက်ကြောင့် အဆိုပါ ၀တ်ကျောင်းတော် တိုးချဲ့ရေး၊ ဟဂ်ျ ခရီးသည်များ လွယ်ကူချောမွေ့စွာ ၀တ်ပြုဆောက်တည်နိုင်ရေး အတွက် ဆောင်ရွက်ပေးခြင်း၊ ၀တ်ကျောင်းတော် လုံခြုံရေးအတွက် အဆင်မြင့်နည်းပညာများ တပ်ဆင်ခြင်း စသည်တို့ကို ဆော်ဒီအစိုးရက ဆောင်ရွက်လျက်ရှိနေသည်။
    ref:OnIslam